နေယွန်းအိမ်-ဒီမိုကရေစီသို့ သွားရာလမ်းတွင် စီးပွားဖွံ့ဖြိုးအောင်၊ လူလတ်တန်းစားထွန်းကားအောင်၊ တရားဥပဒေ စိုးမိုးမှု ရှိအောင်၊ ဒီမိုကရေစီကို အထောက်အပ့ံဖြစ်စေသော အင်စတီကျူးရှင်း များအား ကောင်းရေးသည် ဒီမိုကရေစီ အတွက် တင်ကူးလိုအပ်ချက်များဖြစ်သည်ဟု နိုင်ငံရေးပညာရှင်တချို့က ဆိုကြသည်။ အထူးသဖြင့် “ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း” စာအုပ်ဖြင့် နာမည်ကျော်ခဲ့သောဟန်တင် တန်နှင့် နာမည် ကျော်ဂျာနယ်လစ် ဇကားရီယားတို့ ဖြစ်သည်။
ဖွံ့ဖြိုးမှုဖြစ်စဉ်သည် လူ့သမိုင်းတွင် အလွန်ရှုပ်ထွေးသော ဖြစ်စဉ်တစ်ရပ် ဖြစ်သည်။ ဖွံ့ဖြိုးမှုရရှိရန် ဖြစ်စဉ်များ အဆင့်များများစွာ ပါ၀င်သည်။ စီးပွားရေးဖွံ့ဖြိုးမှုကလည်း ဖြစ်စဉ်တစ်ရပ်ဖြစ်ပြီး ယင်းဖြစ်စဉ်တွင် လူတစ်ဦး ချင်း ထုတ်ကုန်ထုတ်လုပ်နိုင်စွမ်းများလည်း ပါ၀င်သည်။ စီးပွားရေးသာမက နိုင်ငံရေးအခြေအနေ တိုးတက်မှု တွင်လည်း အင်စတီကျူးရှင်းများ ပြောင်းလဲမှုအခြေအနေပါ၀င်သည်။ ၎င်းတို့မှာ -
၁။ အစိုးရကိုယ်တိုင်က အာဏာကိုပိုမိုစူးရောက်စွာ ထိထိရောက်ရောက် ပြုလုပ်နိုင်ခြင်း။
၂။ တရားဥပဒေစိုးမိုးမှုအရ အစိုးရ၏ အကြွင်းမဲ့အာဏာများကို ကန့်သတ်ခြင်း။
၃။ ပြည်သူများ၏ အကျိုးစီးပွားအာမခံပေးနိုင်သော ဒီမိုကရက်တစ်အုပ်ချုပ်ရေး ယန္တရားများ အကောင် အထည် ဖော်လာနိုင်ခြင်းတို့ပင် ဖြစ်သည်။ အကယ်၍ စီးပွားရေးတိုးတက်မှု၊ အစိုးရ၏စွမ်းဆောင်ရည် ထက်မြက်မှု၊ တရား ဥပဒေစိုးမိုးမှုနှင့် ဒီမိုကရေစီတို့ကို တစ်ပြိုင်နက်တည်းအကောင်အထည် ဖော်နိုင်လျှင် တော့ အတိုင်းထက်အလွန် ဖြစ်သည်။ သို့သော်ရှားလှသည်။ သို့သော် ယင်းအချက်များကလည်း တစ်ခု နှင့်တစ်ခုအပြန်အလှန် ဆက်စပ်နေပြီး တစ်ခုကိုတစ်ခုအကျိုးပြုနေသည်။ ဥပမာ-တရား ဥပဒေစိုးမိုးမှုရှိပါ က စီးပွားရေးလုပ်ငန်းရှင်များအား ပိုင်ဆိုင်မှုများ အဓမ္မသိမ်းပိုက်ခြင်း (ပြည်သူပိုင်သိမ်းပိုက်ခြင်း) မှ ကာ ကွယ်ပေးနိုင်မည် ဖြစ်သည်။ သို့မှသာ စီးပွားရေး တိုးတက် လာပြီး ဒီမိုကရေစီအတွက် အထောက်အကူ ဖြစ်စေမည့် လူလတ်တန်းစားအား မွေးထုတ်နိုင်မည်ဖြစ်သည်။
ဥရောပနိုင်ငံများတွင်တော့ တရားဥပဒေဖွံ့ဖြိုးမှုက စက်မှုတော်လှန်ရေးနှင့် ဒီမိုကရေစီစနစ်ထက် အရင်ကျခဲ့ သည်။ စီးပွားရေးတိုးတက်မှု၊ အစိုးရ၏ စွမ်းဆောင်ရည်ထက်မြက်မှု၊ တရားဥပဒေစိုးမိုးမှုနှင့် ဒီမိုကရေစီတို့ တစ်ပြိုင်နက်ပေါ်ထွန်းလာသည်မဟုတ်ဘဲ နှစ်ပေါင်းရာနှင့်ချီပြီး အချိန်ယူခဲ့ရသည်။ ခေတ်ပြိုင် ကမ္ဘာတွင် တော့ စီးပွားရေးဖွံ့ဖြိုးခြင်းနှင့် လူ့အဖွဲ့အစည်း၏ ဒီမိုကရေစီကိုတည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခြင်းတို့က အပြန်အလှန် ပတ်သက်နေသည်။ လူတစ်ဦးချင်းဝင်ငွေ ဒေါ်လာတစ်သောင်းထက်ရှိသော နိုင်ငံများတွင် ဒီမိုကရေစီက တည်ငြိမ်ပြီး၊ ဆင်းရဲသောဝင်ငွေနိမ့်သော နိုင်ငံများတွင်ဒီမိုကရေစီကို ထိန်းသိမ်းရန် ခက်ခဲကြောင်းတွေ့ရသည်။ ၀င်ငွေများခြင်းက လူလတ်တန်းစားများကို ကောင်းစွာအထောက်အပံ့ဖြစ် ခြင်းကအဓိကအားဖြင့် ၀င်ငွေကောင်းမွန် လာပါက ပညာကောင်းမွန်စွာရရှိလာခြင်းနှင့် လီကွမ်ယုပြော သလိုပစ္စည်းပိုင်ဆိုင်မှု ရှိလာခြင်းခံစားမှု (sense of ownership) ရှိလာခြင်းပင် ဖြစ်သည်။ ယင်းအချက် များကလူ့အဖွဲ့အစည်းတည်ငြိမ်မှုကို အထောက်အကူဖြစ်စေ သည်။
ဒီမိုကရေစီကိုသွားနေကြသော ကိုလိုနီနိုင်ငံများတွင်ပင် ဗြိတိန်ကိုလိုနီဖြစ်ခဲ့သော နိုင်ငံများကပို၍ ဒီမိုကရေစီစနစ် ဖြစ်ပေါ်ရန် အားကောင်းကြောင်းဆိုကြသည်။ အဓိက,ကတော့ ဗြိတိန်ကပညာရေးနှင့် ဗျူရိုကရေစီယန္တရားကို ကောင်းစွာတည်ဆောက်ပေးနိုင်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် အင်စတီကျူး ရှင်းများ အားကောင်းခြင်း ဖြစ် သည်။ ဗြိတိန်ကိုလိုနီနိုင်ငံဟောင်းများပင် တခြားနိုင်ငံများထက်အရပ်ဘက် လူ့ အဖွဲ့စည်း၊ တရားဥပဒေစနစ်ပိုမို အားကောင်းသည်ကို တွေ့ရသည်။
တချို့ကလည်း ဒီမိုကရေစီသို့သွားရာတွင် စီးပွားရေးဖွံ့ဖြိုးမှု၊ ပညာတတ်လူလတ်တန်း စားအားကောင်းမှုတို့ လိုအပ်ကြောင်း ဆိုသည်။ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးမှုကြားကဆက်စပ်မှုမှာ ပြသရန်ခက်ခဲလှသည်။ ၁၈ ရာစုက အမေရိကန်သည် ဆင်းရဲသောဒီမိုကရေစီနိုင်ငံအဖြစ် အစပြုခဲ့သော်လည်း စက်မှုနိုင်ငံအဖြစ် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့သည်။ ဒီမိုကရေစီက တစ်ခါတစ််ရံအခွင့်အရေးရှာ အကျိုး အမြတ်ယူသူ (rent-seeking) ကြောင့် စီးပွားရေးတိုးတက်မှုကို အန္တရာယ် ပြုနိုင်သည့် လက္ခဏာတချို့ တော့ရှိသည်။ ဆန့်ကျင် ဘက် အားဖြင့် အာဏာရှင်အစိုးရများက စီးပွားရေးတိုးတက်အောင် လုပ်ဆောင် နိုင်သော အချက်များလည်း ရှိသည်။ တူရကီအာဏာရှင် အာမဲအတာတပ်လက်အောက်နှင့် စတာလင် ခေတ်ဆိုရှယ်လစ် ကိုယ်ကျပ်အကျႌ ၀တ်ခေတ် အောက်တို့တွင် ဆိုဗီယက်၏ စီးပွားရေးတိုးတက်မှုတို့မှာ ဥပမာများပင် ဖြစ်သည်။
တရုတ်၊ ထိုင်ဝမ်နှင့် တောင်ကိုရီးယားတို့သည်လည်း ယင်းလမ်းကြောင်းပေါ်တွင် တည်ရှိခဲ့သည်။ ယင်းအချက်များ က ဖွံ့ဖြိုးမှုသို့သွားရာလမ်းကြောင်းများသည် အစီအစဉ်တော့ရှိနိုင်သည်။နိုင်ငံရေးသိပ္ပံပညာ ရှင်ဆင်မြူရယ် ဟန်တင်တန်က ၁၉၆၀ ပြည့်နှစ်များက “အာဏာရှင်စနစ်ဖြင့် ခေတ်မီရေးဟူသော ”အယူအဆတစ်ခု ဖော်ထုတ် ခဲ့သေးသည်။ သူ၏အဆိုအရ အာဏာရှင်စနစ်က စီးပွားရေးတိုးတက်ဖို့ အစီအမံ တချို့ဖော်ထုတ်နိုင်သည်ဟု ဆိုခဲ့သည်။ ဒီမိုကရေစီအပြောင်းအလဲကနောက်မှ လိုက်လာသည်ဟု သူက ဆိုခဲ့သည်။ စက်မှုဖွံ့ဖြိုးမှုက လူလတ်တန်းစား၊ ဒီမိုကရေစီကို အထောက်အပံ့ပြုနိုင်သည့် ပညာရေး၊ အမူ အကျင့်များ၊ အင်စတီကျူးရှင်းများကို မွေးဖွားပေးနိုင်သည်ဟု ဆိုခဲ့သည်။ ဒါသည်ပင် ဒီမိုကရေစီ အစီ အစဉ်တစ်ရပ် ဖြစ်သည်။ ဥပမာအားဖြင့် ၁၉၈၀ ပြည့်နှစ်များအထိကိုရီးယား နှင့်ထိုင်ဝမ်သည် စီးပွားရေးက မြင်းတစ်ကောင်လိုအရှိန်ဖြင့် ဒုန်းဆိုင်းသွားနေသော် လည်း ဒီမိုကရေစီသို့ ဒေါင်းတင်မောင်းတင် ကူး ပြောင်းနိုင်သေးသည် မဟုတ်ပေ။
ဆင်မြူရယ်ဟန်တင်တန်၏ သာဝကတစ်ဦးဖြစ်သူ ဂျာနယ်လစ်ဇကားရီးယားကလည်း သူ့ဆရာ၏ လိုအပ်ချက် တချို့ကို ဖြည့်ပေးခဲ့သည်။ ခိုင်မာအားကောင်းသော နိုင်ငံတော်ဖြစ်စေရုံသာမက၊ တရားဥပဒေ စိုးမိုးမှုကလည်း ဒီမိုကရေစီထက်အလျင်ကျဖို့လိုကြောင်း၊ ခိုင်မာသောဥပဒေများကသာ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အပံ့ ပြုနိုင်မည်ဟု သူကဆိုခဲ့သည်။ သူက ၁၉ ရာစု ဂျာမနီနှင့် စင်ကာပူတိုးတက်မှု ဇာတ်လမ်းများကို မီးမောင်းထိုး ပြခဲ့သည်။ ထို့ကြောင့် ဒီမိုကရေစီသို့မသွားမီအားကောင်းသော အစိုးရနှင့် တရားဥပဒေစိုးမိုးမှုကို ဦးစွာပျိုးထောင် ရမည်ဟု ဆိုခဲ့သည်။
ဆင်းရဲသော ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် တရားဥပဒေစိုးမိုးမှုအပေါ် ပိုမိုအားယူရမည် ဖြစ်သည်။ နိုင်ငံရေးသမား များရွေးကောက်ပွဲမှ တစ်ဆင့်အာဏာရမလာမီ၊ ပထမဆုံးအကြိမ် ရွေးကောက်ပွဲမတိုင်မီ၊ ဦးစွာ ပထမ အရေးကြီးသည်က လူနည်းစုတိုင်းရင်းသား အခွင့်အရေး၊ တစ်ဦးချင်းလွတ်လပ်မှု အကာ ကွယ်ပေးရေးနှင့် အစိုးရ၏လုပ်ပိုင်ခွင့်များကို ကန့်သတ်ရေးတို့ဖြင့် တည်ဆောက်ထား သောစနစ်တစ်ရပ်ကို နေသားတကျဖြစ်အောင် လုပ်ဖို့လိုသည်ဟုဇကားရီး ယားက ဆိုသည်။ ဟန်တင်တန်နှင့် ဇကားရီးယားက ကိုယ်ကျိုးမကြည့်သော စင်ကာပူဘိုးတော်ကြီး လီကွမ်ယုလိုအမြင်ကျယ်သော အာဏာရှင်မျိုးကို ဆိုလိုခြင်း ဖြစ်ကြောင်း ငြင်းခုန်သံများတော့ရှိသည်။ နိုင်ငံရေးသမားတိုင်းက ဂျာမနီကဘစ်စမတ်လို၊ စင်ကာပူမှ လီကွမ်ယုလိုကိုယ်ကျိုးမကြည့်ဘဲ တိုင်းပြည်အတွက်လုပ်နေကြသူများမဟုတ်ဘဲ ဇင်ဘာဘွေက မူဂါဘီ၊ မြောက်ကိုရီယားမှ အာဏာရှင် ကင်ဂျံုအီတို့ လို လူများလည်းရှိသေးကြောင်း ထောက်ပြကြသည်။
“အာဏာရှင်စနစ်ဖြင့် ခေတ်မီရေး” ဟူသည် အဓိကအားဖြင့် အရှေ့အာရှနိုင်ငံများတွင်သာ အကောင်အထည် ဖော်နိုင်ခြင်းကြောင့် ယဉ်ကျေးမှုနှင့်သမိုင်းဖြစ်ရပ်များအပေါ်တွင် အခြေခံကြောင်းဆိုကြသည်။ မည်သို့ ပင်ဖြစ်စေ နိုင်ငံတကာရေးမူဝါဒများတွင်တော့ ဒီမိုကရေစီဖြစ်စဉ်များတွင် အစဉ်အဆက်ရှိခြင်း သဘောတရား များကတော့ ရှိနေဦးမည် ဖြစ်သည်။ တရုတ်၏ ရေရှည်စီးပွားရေး တိုးတက်မှုများက ဒီမိုကရေစီသို့ ရှေးရှုနိုင်သည်ဟူသော အမြင်ကို အမေရိကန်များကိုယ်တိုင်က အာဏာရှင်ဆန်သော တရုတ်နိုင်ငံနှင့် ဆက်ဆံရာတွင် ယင်းအမြင်ကို ကိုင်စွဲထားဆဲဖြစ်သည် မဟုတ်ပါလော။ ။