နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ချမှတ်နိုင်ရန်၊ သျှမ်းပြည်ကံကြမ္မာကို သျှမ်းပြည်တွင်းရှိ တိုင်းရင်းသား အားလုံး ပြုပြင်ဖန်တီးနိုင်ရန်အတွက် ထိုင်း−မြန်မာနယ်စပ်တစ်နေရာ၌ သျှမ်းအဖွဲ့အစည်းများက ဒုတိယ အကြိမ် မြောက် ဆွေးနွေးပြီး “သျှမ်းပြည်ညီညွှတ်ရေးကော်မတီ” ကို ဖွဲ့စည်းလိုက်သည်။
အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်နေ့ထိ ၃ ရက်ကြာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ သျှမ်း ပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရက် တစ်ပါတီ SNDP ၊ လူမှုအခြေပြုအဖွဲ့ ၁၃ ဖွဲ့နှင့် တတ်သိပညာရှင်များက အစည်းအဝေးတရပ် ကျင်းပခဲ့သည်။
“ကော်မတီထဲမှာ အခုတော့ သျှမ်းအဖွဲ့အစည်းတွေဘဲ ပါဝင်သေးတယ်။ ဒါပြီးရင် သျှမ်းပြည်ထဲမှာ ရှိတဲ့ တိုင်းရင်းသားတွေကို ပါဝင်ဖို့ ဖိတ်ခေါ်မယ်” ဟု RCSS ဥက္ကဋ္ဌ ဒု−ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါသည်။
“သျှမ်းပြည်ညီညွှတ်ရေးကော်မတီ” ၌ ဥကဋ္ဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့နှင့် အလုပ်အမှူဆောင်အဖွဲ့ ၅ ဖွဲ့ (နိုင်ငံခြားဆက်ဆံရေးအဖွဲ့၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၊ လွှတ်တော်ရေးရာအဖွဲ့၊ ဥပဒေ ပိုင်းဆိုင်ရာအဖွဲ့နှင့် သုတေသနအဖွဲ့) ဟူ၍ ပါရှိသည်။ လုပ်သက်ကို ၁ နှစ် သတ်မှတ်ထားသည်။ ဤသို့ သတ်မှတ်ခြင်းမှာ အသစ်ဝင်ရောက်လာမည့် အဖွဲ့အစည်းများ ပါဝင်လုပ်ဆောင်နိုင်စေရန် ဖြစ်သည်ဟု ဒု−ဗိုလ်ချုပ်ကြီး ယွက်စစ် က ရှင်းပြသည်။
အစည်းအဝေးအပြီး သဘာပတိအဖြစ် ဆောင်ရွက်သူ စဝ်ကဏ်းစစ် က သမ္မတ ဦးသိန်းစိန် ကို ကျေးဇူး အထူးတင်ရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် သမ္မတက ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းခြင်း မရှိပါက ဤကဲ့သို့သော အဖွဲ့အစည်းမျိုးကို ထူထောင်နိုင်မည် မဟုတ်ကြောင်း ပြောပါသည်။
“သျှမ်းပြည်ညီညွှတ်ရေးကော်မတီ” သည် သျှမ်းပြည်တွင်း တိုင်းရင်းသားပေါင်းစုံ၏ ညီညွှတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနိုင်ငံရေးစနစ်ဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည် ထောင်နိုင်ရေးတို့ကို အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆို၏။
“သျှမ်းပြည်ညီညွှတ်ရေးကော်မတီ” ရုံးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တို့၌ ဖွင့်လှစ်မည်ဖြစ်သည်။