ပြုပြင်ရန်နှင့် အသစ်ရေးဆွဲရန် ထောက်ပြဝေဖန်မှုများရှိနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများ ပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ အောက်တိုဘာ ၁၇ ရက်က အသစ်ဖွဲ့စည်းလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်က လူထုဆွေးနွေးပွဲများပြုလုပ်သွားမည်ဖြစ်သည် ဟု ယင်းကွန် ရက်မှ သိရသည်။
အဆိုပါကွန်ရက်၏ ရည်ရွယ်ချက်မှာ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများ ပိုမိုနားလည်စေရန်၊ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲသည်ဖြစ်စေ သို့မဟုတ် အသစ်ရေးဆွဲသည်ဖြစ်စေ ပြည်သူလူထု ပိုမိုပါ၀င်နိုင် စေရန် ပြည်သူ့ဆန္ဒကို အခြေခံသည့် အခြေခံဥပဒေ ပေါ်ထွန်းလာစေရန်တို့ ဖြစ်သည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာပြည်သူ့ကွန်ရက်ကို နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းများ၊ လူငယ်
အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁၇ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် လူထုဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ထိုပွဲသို့ တက်ရောက်ခဲ့သည့် ၀ါရင့်စာရေးဆရာ ဦးဖေမြင့်က “ဒီဖွဲ့စည်းပုံ အခြေခံနဲ့သက်ဆိုင်တဲ့ ပြည်သူလူ ထုကြီး အနေနဲ့လည်း ထောက်ခံသလား၊ ကန့်ကွက်သလားဆိုတာကို လာပြီး ဆန္ဒတောင်းတဲ့အခါကျမှ ပြောတာထက် ကျွန်တော်တို့ ပြည်သူလူထုသည် သဘောဆန္ဒတွေကို ဒီအချိန်ခါမျိုးမှာ သူများမတောင်းခင် ကြိုကြိုတင်တင် ပြောတာ ပိုကောင်းတယ်လို့ ခံယူပါတယ်”ဟု ဆိုသည်။
ဦးဆောင်ဆွေးနွေးခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း “ပြည်သူများအနေနဲ့ အခုလို ပြင်ဖို့ သို့မဟုတ် အသစ်ရေးဆွဲဖို့ အခွင့်အခါ ကြံုကြိုက်တဲ့အခါမှာ အမျိုးသား ပြန်လည်သင့်မြတ် ရေးကို ထူထောင်နိုင်ဖို့အတွက် တစ်ကယ့် စိတ်ပါကိုယ်ပါ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ကြပါ”ဟု တိုက်တွန်း ပြောကြားသည်။
လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်တွင် “ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ”ကို ဖွဲ့စည်းထားပြီး ထိုကော်မတီသည် အစိုးရအဖွဲ့မှ ပြည်သူအထိ အကြံပြုချက်ရယူနိုင်ပြီး အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ ဒီဇင်ဘာ နောက်ဆုံးထား ကာ တင်သွင်းရမည်ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအား အသစ်ပြန်လည်ရေးဆွဲရန် (သို့မဟုတ်) ပြင်ဆင်ရန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီက လူထုဆန္ဒခံယူသည့် ဟောပြောပွဲများလည်း ပြုလုပ်နေပြီဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ တွင် ဖွဲ့စည်းပုံရှိ အခန်းအချို့မှ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ရ၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီး နောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည် ဖြစ်သည်။
ယင်းအပြင် အချို့ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ရ၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမဲဖြင့် ပြင်ဆင်ရမည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်မှ အောက်တိုဘာ ၁၇ ရက် ရက်စွဲဖြင့် သဘောထားကြေညာချက်ကိုလည်း ထုတ်ပြတ် ကြေညာခဲ့သည်။ အဆိုပါ သဘောထားကြေညာချက်တွင်
(၁) အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ရမည်။
(၂) ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရမည်။
(၃) ပြည်ထောင်စုကို ဖယ်ဒရယ်ပြည်ထောင်စု စစ်စစ်မူဖြင့် ဖွဲ့စည်းရမည်။
(၄) လူနည်းစုများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးရမည်။
(၅) ဒီမိုကရေစီအခွင့်အရေး အခြေခံလူ့အခွင့်အရေးနှင့် ကျား/မဆိုင်ရာ တန်းတူညီမျှမှုကို အခြေခံရမည်။
(၆) ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရမည်။
(၇) ဘာသာရေးကို အခြေမခံသော နိုင်ငံဖြစ်ရမည်။
(၈) အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် လက်နက်ကိုင်တပ်ဖွဲ့များ ထားရှိရမည်။
စသည့် အချက်များ ပါ၀င်သည်။