ထိုင်းနိုင်ငံတွင် ရာဘာအစေးခြစ်လုပ်ငန်း လုပ်ကိုင်နေကြသော မွန်အလုပ်သမားများသည် ဓါးပြတိုက်ခံရခြင်း၊ ဖိနှိပ်ခံရခြင်း စသော အခက်အခဲအမျိုးမျိုးနှင့် တွေ့ကြုံနေကြရသော် လည်း တစ်ချို့သူများမှာ ဓါးပြများ လာရောက်၍ အန္တရာယ်ထပ်ပေးမည်ကို စိုးရိမ်ကြသော ကြောင့် ထိုင်းလူမျိုးများကို ပြန်လည် အရေးမယူရဲကြသည်များလည်း ရှိနေကြသည်။
ထိုင်းနိုင်ငံတောင်ပိုင်း စဒေါင်းမြို့နယ်တွင် နမ်း(မ်)အုဝ ရပ်ကွက်၌ မတ်လ ၂၁ ရက်နေ့၊ ည ၂ နာရီခန့်တွင် လူဦးရေ ၅-၆ ယောက်ခန့် ပါဝင်သော ထိုင်းလူငယ်အုပ်စုတစ်စုသည် နိုင်ရှု အစေးလှီးနေသောခြံသို့ လာရောက်ပြီး အိမ်ပေါ်သို့တက်လာခဲ့သည်။ ထိုသူများ တက်လာချိန်တွင် နိုင်ရှုတို့နှစ်ဦး အိပ်ယာမှ နိုးလာကြပြီး ၄င်းတို့သည် အိမ်ထရံတွင် ထိုးထားသော ဓါးကို ချက်ချင်းဆွဲယူပြီး နိုင်ရှုကို ခုတ်ချလိုက်ရာ နဖူးကို ထိမှန်သွားခဲ့ပြီး နိုင်ရှုဓါးခုတ်ခံရသည်ကို မြင်လိုက်ရသောအခါ နိုင်ရှုနှင့်အတူအိပ်နေသော တူဖြစ်သူအလင်းသည် ပြန်လည်ခုခံရန် ကြိုးစားရာတွင် နိုင်ရှုမှ ၄င်းတို့သည် အရွယ်ငယ်နေသောကြောင့် အလင်းကို တားလိုက်သည်ဟု အလင်းက ပြန်ပြောပြသည်။
"သူတို့တွေက စိတ်ကြွဆေးသောက်တဲ့သူတွေချည်းပဲ၊ သူတို့အသက်က ၁၇-၁၈ လောက်ပဲရှိမယ်၊ သူတို့တက်လာတာနဲ့ ဘာမှလည်းမပြောဘူး၊ ဓါးဆွဲပြီး ဝင်ခုတ်တာပဲ၊ ကျွန်တော့်ဆီမှာ သေနတ်ရှိတယ်ထင်ပြီး အရင်စလိုနဲ့ ခုတ်လိုက်တာဖြစ်မယ်၊ ခုတ်ပြီးတာနဲ့ ငွေတောင်းတာပဲ၊ ကျွန်တော်လည်း သူတို့နဲ့ ရန်မဖြစ်ချင်တာနဲ့ ပိုက်ဆံအိတ်ရှိတဲ့ နေရာကုုိ ညွှန်ပြလိုက်တယ်၊ သူတို့က ပိုက်ဆံအိတ်ကို ရလိုက်တာနဲ့ ထွက်ပြေးသွားကြတာ" ဟု နိုင်ရှုက ပြန်ပြောပြသည်။
"ကျွန်တော် ဓါးအခုတ်ခံရပြီး ဆေးရုံတစ်ည တက်လိုက်ရတယ်၊ ထိုင်းရဲတွေက ဒီအမှုနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို အမှုဖွင့်ပြီး တရားစွဲစေချင်ကြတယ်၊ ဒါပေမဲ့ သူတို့ကို တရားဆွဲ လိုက်ရင် အဲဒီမှာ ကျွန်တော်အလုပ်ဆက်လုပ်လို့ရတော့မှာ မဟုတ်ဘူး၊ သူတို့ ကျွန်တော့် ကို လာသတ်လိမ့်မယ်၊ သူဌေးကတော့ အပြင်မှာအိမ်ငှားပြီး အစေးလှီးတဲ့အချိန်ကျမှ ခြံထဲသွားဖို့ပြောတယ်၊ အခုအချိန်အထိ ရဲတွေက ရာဘာခြံထဲမှာ ရှိနေကြတုန်းပဲ၊ သူတို့အဖွဲ့က အရင်တစ်ခေါက်တုန်းကလည်း ကျွန်တော့်ဆီမှာ ပိုက်ဆံတစ်ခါတောင်းပြီးပြီ၊ ကျွန်တော်လည်း အခုလိုပဲ သူတို့နဲ့ပြဿနာဖြစ်မှာစိုးလို့ တံခါးမဖွင့်ပဲနဲ့ အပေါက်ထဲကနေပဲ လျှိုပြီးတော့ သူတို့ကို ပေးလိုက်တော့ အေးအေးဆေးဆေးပဲ ပြန်သွားကြတယ်" ဟု နိုင်ရှုက ထပ်ပြောပြန်သည်။
ရာဘာအစေးလှီးလုပ်ငန်းတွင် ၁၅ နှစ်ကြာ အလုပ်လုပ်ခဲ့သော နိုင်ဟန်သိန်း၏ ပြောပြချက် အရ ဓါးပြတိုက်ခံရခြင်း၊ ဖိနှိပ်ခံရခြင်းနှင့် ပတ်သက််၍ မကြာခဏကြားနေရသည်။ အများ အားဖြင့် ရာဘာခြံ စတင်ဖွင့်လှစ်ချိန်နှင့် ပြန်လည်သိမ်းချိန်များတွင် ဖြစ်ပွားလေ့ရှိသည်။ သို့သော် ယခုနှစ်သည် ယခင်နှစ်များထက် ဖြစ်ပွားနှုန်းပိုများပြီး လွန်ခဲ့သောတစ်လ အချိန်အတွင်း မွန်အလုပ်သမား ၃ ဦးဆက်တိုက် သေဆုံးခဲ့ကြရသည် ဟု ဆိုသည်။
ယခုနှစ်တွင် ဓါးပြတိုက်မှု များလာရခြင်းမှာ ထိုင်းနိုင်ငံအတွင်း စီးပွားရေး ကျဆင်းနေခြင်း ကြောင့်လည်းကောင်း၊ လွန်ခဲ့သောလတွင် စဒေါင်းမြို့နယ်တွင်ပင် နိုင်ဘဲ့၏သား အစေးလှီး နေသောခြံသို့ ဓါးပြများ ဝင်လာပြီး ၄င်း၏ချွေးမကိုပါ ရန်ရှာကြရာ ၄င်း၏သားက ဖုန်းဆက်အကြောင်းကြား၍ လိုက်သွားခဲ့ပြီး ဓါးပြများပြန်လာချိန်တွင် လမ်းခုလတ်၌ စောင့်နေပြီး သေနတ်ဖြင့် ပစ်ခတ်လိုက်ရာ နှစ်ဦးစလုံးသေနတ်မှန်၍ တစ်ဦးမှာ သေဆုံး သွားခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံသို့တင်လိုက်ရပြီး နောက်ပိုင်းတွင် ဓါးပြတိုက်မှု ပြဿနာမှာ သိသိသာသာ ပေါများလာသည်ဟု ကိုဟန်သိန်းက ဆက်ပြောပြသည်။