မွန်နိုင်ငံရေးပါတီနှစ်ခု ယခုနှစ်ကုန်နောက်ဆုံးထား မပူးပေါင်းနိုင်ပါက တတိယပါတီတစ်ခု ထူထောင်သွား မည်ဖြစ်ဟု အရပ်ဘက် မွန်လူမှုအသင်းအဖွဲ့များက အောက်တိုဘာလ ၁၃ ရက်တွင် ပြောကြားလိုက်သည်။
မော်လမြိုင်မြို့၊ တောင်ပေါ်တန်းရှိ သာသနာ၂၅၀၀ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် “နှစ်ပါတီ ပေါင်းစည်းရေး အကျိုးဆောင် သံဃာတော်များ၏ လုပ်ငန်းစဉ် ပြန်လည်တင်ပြခြင်း” အခမ်းအနားတွင် တက်ရောက်လာကြ သည့် မွန်လူမှုအသင်းအဖွဲ့ဝင်များက ယင်းကဲ့သို့ ဆွေးနွေးဆုံးဖြတ်လိုက်ခြင်း ဖြစ် သည်။
လွှတ်တော်အတွင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် လွှတ်တော်ပြင်ပ မွန်ဒီမိုကရေစီပါတီတို့ တစ်ပါတီ အဖြစ် ပေါင်းစည်းရန်အတွက် ၂၀၁၁ နှစ်လယ်ပိုင်းကပင် နှစ်ဖက်ပါတီများက မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည် တို့မှ မွန်လူမျိုးများနှင့် ရဟန်းသံဃာများ၏ဆန္ဒကို ကောက်ခံခဲ့ရာ ပူးပေါင်းစေလိုသည်ဟူသော အဖြေကို ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ် မကုန်မီ ပေါင်းစည်းမည်ဟု နှစ်ပါတီကိုယ်စားလှယ်များက၂၀၁၂ ခုနှစ် ဧပြီလတွင် သဘောတူ လက်မှတ် ရေးထိုးကြသည်။
သို့သော်လည်း၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံခြင်း၊ မခံခြင်းနှင့် နှစ်ဖက်ပါတီခေါင်းဆောင်အချို့၏ ပုဂ်္ဂိုလ်ရေး တင်းမာ မှုကြောင့် ပူးပေါင်းနိုင်မည့် အရိပ်အယောင်များ မမြင်တွေ့ရခြင်းကြောင့် ယခု ဖိအားပေး လုပ်ဆောင် ရခြင်းဖြစ်ပြီး၊ ကြားကာလအတွင်း အဆက်အပြတ် စောင့်ကြည့်ကာ မြို့နယ်အလိုက် ပေါင်းစည်းရေး ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ် သွားမည်ဟုလည်း အခမ်းအနားတက်ရောက်သူ မင်းဌေးအောင်က ပြောသည်။
နှစ်ပါတီပေါင်းစည်းခြင်းသည် မွန်လူထု၏ သဘောထားအစစ်အမှန်ဖြစ်ပြီး၊ တတိယပါတီထောင်ရန် ဆွေးနွေး ဆုံးဖြတ်ချက်မှာလည်း ၎င်းတို့၏ အဓိကဦးတည်ချက် မဟုတ်ဘဲ၊ ပေါင်းစည်းရေးအတွက် ဖိအားပေးခြင်းသာ ဖြစ်သည်ဟုလည်း မင်းဌေးအောင်က ပြောသည်။
သူက “ပေါင်းစည်းပြီး ပါတီတွင်း အတိုက်အခံအင်အားစုကိုလက်ခံပြီး အပြန်အလှန် ထိန်းကျောင်းစေချင်တဲ့ သဘောပါ။ သူတို့ ပါတီတွင်း ဘယ်အတိုင်းအတာထိ ဒီမိုကရေစီကျင့်သုံးနေသလဲ။ လူထုဆန္ဒ ဘယ်လောက်
လေးစားသလဲဆိုတာ သူတို့အတွက်စိန်ခေါ်မှုပါ။ မပေါင်းဘူးဆိုရင်တော့ တတိယပါတီ ဖြစ်လာမှာ သေချာ တယ်” ဟု ပြောကြားခဲ့သည်။
အခမ်းအနားသို့ ပူးပေါင်းရေး အကျိုးဆောင် သံဃာတော် ၂၅ ပါး၊ ပါတီနှစ်ခုမှ ကိုယ်စားလှယ်အချို့နှင့် မြို့နယ် အသီးသီးမှ အရပ်ဘက် လူမှုအသင်းအဖွဲ့ဝင် ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။
ပေါင်းစည်းနိုင်ရေးအတွက် အကျိုးဆောင် သံဃာတော်များ၏ ဦးဆောင်မှုဖြင့် နှစ်ဖက်ကိုယ်စားလှယ်များ ၁၇ ကြိမ် တိုင် တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး ယခုနှစ် စက်တင်ဘာလ ၂၈ ရက် မှ ၃၀ ရက်ထိ သုံးရက်တိုင်မော်လမြိုင် မြို့ တွင် ကျင်းပသည့် မွန်အမျိုးသားကွန်ဖရင့် ဒုတိယနေ့တွင်လည်း ဆွေးနွေးခဲ့ကြသည်။
အမျိုးသားရေး လေ့လာသူအချို့ကမူ ယခုကဲ့သို့ ဖိအားပေးတောင်းဆိုမှုသည် ပါတီပေါင်းစည်းခြင်းအတွက် ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာမည်မဟုတ်ဘဲ တတိယပါတီ ပေါ်ပေါက်ရေးသို့ ဦးတည် သွားမည်ဖြစ်ပြီး စုစည်းသည့် အင်အားများ ပိုမိုပြန့်ကျဲသွားဖွယ်သာရှိသည်ဟု သုံးသပ်ကြသည်။