သံတွဲ ဖမ်းဆီးခံ ရ၈ ဦးထဲမှ ရခိုင်အမျိုးသား ၅ ဦးပြန် လွတ်မြောက်လာ

သံတွဲ ဖမ်းဆီးခံ ရ၈ ဦးထဲမှ ရခိုင်အမျိုးသား ၅ ဦးပြန် လွတ်မြောက်လာ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ သံတွဲပဋိပက္ခနှင့် ဆက်စပ်ဖမ်းဆီခံထားရသူ ရ၈ ဦးထဲမှ သံတွဲထောင်မှ ၂ ဦးနှင့် ကျောက်ဖြူထောင်မှ ၃ ဦးတို့ အောက်တိုဘာ ၁၄ ရက်နေ့တွင် လွတ်မြောက်လာသည်ဟု သိရသည်။

 “ သံတွဲထောင်က မနေ့က ၂ ဦးလွှတ်လာပါတယ်။ ငပလီက ကိုတိုးတိုးနဲ့ နောက် တစ်ဦး ဖြစ်ပါတယ်” သံတွဲမှ ကိုထွန်းဖေက ပြောသည်။

ကျောက်ဖြူ ထောင်မှ လွှတ်လာသူ (၃) ဦးအနက် တရားသေ ကွင်းလုံးကျွတ် လွတ်မြောက်လာသူမှာ နာရေး ကူညီမှုအသင်းဥက္ကဌ ဦးဝင်းကိုလေး၊ အာမခံ (ခံဝန်) ဖြင့် လွှတ်မြောက်လာသူမှာ  မိုးမြင့်အောင်(ခ) ကိုယ်ငယ် နှင့် ဦးဌေးအောင် (အမျိုးဘာသာ သာသနာ ကူညီ စောင့်ရှောက်ရေး အသင်း) တို့ ဖြစ်ကြသည်။

သူက“ အခု ဖမ်းထားတဲ့ အထဲမှာ ဘာမှမဆိုင်ဘဲနဲ့ အဖမ်းခံထားရတဲ့ သူတွေပါနေပါတယ်။ နောက်ထပ် လည်း ပဋိပက္ခမှာ မပါ၀င်ဘဲ သံသယနဲ့ ဖမ်းထားသူတွေ ဆက်လွှတ်မယ်လို့ သတင်းတွေရပါတယ်” ဟု ဆိုသည်။

ယမန်နေ့ထုတ် အစိုးရသတင်းစာတွင် လင်းသီကျေးရွာတွင် နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ဖြောင့်ချက် ပေးသူ ၄ ဦး၊ သဗြုချိုင်ကျေးရွာတွင် လူ ၅ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ဖြောင့်ချက် ပေးသူ နှစ်ဦးနှင့် မီးရှို့မူကြောင့် စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦး စုစုပေါင်း ၃၄ ဦးတို့အား တရား ဥပဒေနှင့် အညီ အရေးယူနိုင်ရေး ဆောင်ရွက် စီစဉ်နေကြောင်း ဖေါ်ပြသည်။

ကျောက်ဖြူထောင်တွင် ထိန်းသိမ်းထားသူ လက်ကျန် ၁၄ ဦးကိုလည်း များမကြာမီ လွှတ်မြောက် သွားမည်ဟု ထောင်ဝန်ထမ်း တစ်ဦးက ပြောကြောင်း ဒေသခံက တစ်ဦးက ပြောသည်။

သို့သော်လည်း သူတို့နှင့် ထောင်ဝင်စာတွေ့ဆုံခွင့်ကို တစ်ပတ်တွင် တစ်ကြိမ်သာ ခွင့်ပြုပြီး တွေ့ဆုံလို သူများ အနေဖြင့် ထောင်တာဝန်ရှိသူများထံ ကြိုတင် လျှောက်လွှာတင်ရသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

ယနေ့ (အောက်တိုဘာလ ၁၅) ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ သံတွဲမြို့နယ် ဥက္ကဌ ဦးစောလိုင်နှင့် အခြား အမျိုးသမီး (၅) ဦးတို့သည် ကျောက်ဖြူထောင်တွင် ထောင်ဝင်စာ လာတွေ့သွား ခဲ့သည်ဟု သိရသည်။

Most read this week