သံတွဲမှဖမ်းဆီးခံရသူများ ကျောက်ဖြူထောင်တွင် ညှဉ်းပမ်းနှိပ်စက်ခံရပြီး (၇) ဦးတိုက်ပိတ်ခံထား

သံတွဲမှဖမ်းဆီးခံရသူများ ကျောက်ဖြူထောင်တွင် ညှဉ်းပမ်းနှိပ်စက်ခံရပြီး (၇) ဦးတိုက်ပိတ်ခံထား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ ပဋိပက္ခနှင့် ဆက်စပ် ဖမ်းဆီးခံရပြီး ကျောက်ဖြူထောင်သို့ ပြောင်းရွှေ့ခံရထား ရသူများကို အာဏာပိုင်များက ထောင်ထဲတွင် ပြင်းပြင်းထန်ထန် ညှဉ်းပမ်းနှိပ်စက်နေကြောင်း သတင်း ရရှိသည်။

ယင်းအပြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ သံတွဲမြို့နယ် ဥက္ကဌ ဦးစောလိူင် (ခေါ်) ဦးမောင်ပု အပါအဝင် လူ (၇) ဦးကိုလည်း ကျောက်ဖြူထောင်ထဲတွင် တိုက်ပိတ်ထားသည်ဟု ကျောက်ဖြူ ဒေသခံ ဦးသန္တာမောင်က ပြောသည်။

art.insein.afp

“ သူတို့ နဲ့ ကျနော်တို့ မနေ့ညဉ့်က သွားတွေ့ပါတယ်။ ထောင်ထဲမှာ သံတွဲက ပြောင်းရွှေ့ခံရတဲ့ သူတွေကို နေပြည်တော် ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးတဲ့အခါ အကြီးအကျယ် ညှဉ်းပမ်းနှိပ်စက်မူတွေ ရှိတယ်လို့ ပြောပါတယ်။ နံပတ်တုတ်တွေနဲ့ ရိုက်ပုတ်ပြီး လူမဆံစွာ စစ်ဆေးတယ်လို့ သိရပါတယ်။ အဲဒီအထဲက ခုနှစ်ဦးကိုလည်း တိုက်ပိတ်ထားတယ်လို့ သူတို့က ပြောဆိုသွားပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာရဲတပ်ဖွဲ့ အနေဖြင့် အမှုစစ်ဆေးသောအခါ CCTV ကင်မရာတပ်ဆင်ထားမည်ဖြစ်ပြီး စစ်ဆေးချိန် တွင်လည်း ပြည်သူများရှေ့မှောက်တွင် စစ်ဆေးသွားမည် ဖြစ်ကြောင်းကို အစိုးရပိုင် သတင်းစာများတွင် မကြာခဏ ဖေါ်ပြနေသော်လည်း လက်တွေ့တွင် အပြောနှင့် အလုပ် တစ်ခြားစီ ဖြစ်နေသဖြင့် အစိုးရ အပေါ်ယုံကြည်မူ လုံးဝ လျှော့ကျသွားကြောင်း ဦးသန္တာမောင်က ပြောသည်။

နေပြည်တော်မှ လာရောက် စစ်ဆေးသော ရဲများသည် သံတွဲထောင်မှ ပြောင်းရွှေ့ခံရသူ ၁၇ ဦးအား ညဉ့်လုံးပေါက် စစ်ဆေးမူများ ပြုလုပ်ကြောင်း၊ ယခင် စစ်အစိုးရလက်ထက်က ထောက်လှမ်းရေးပုံစံမျိုး ညှဉ်းပမ်းနှိပ်စက်မူုများ ရှိကြောင်း ကြားသိခဲ့ရသည်ဟု သူကဆိုသည်။

နိုုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ သူ့အစိုးရ အနေဖြင့် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ရမည် ဖြစ်ကြောင်း အာမခံထားသော်လည်း လက်တွေ့တွင်  သက်ဆိုင်ရာ အာဏာပိုင်များသည် ဥပဒေမဲ့ ဖမ်းဆီး ညှဉ်းပမ်း နှိ်ပ်စက်ခြင်းများကို ဆက်လက် ပြုလုပ်နေကြသဖြင့် သမ္မတ၏ ပြောစကား အပေါ် မေးခွန်း ထုတ်စရာ ဖြစ်နေသည်ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

“ အခြေခံ ဥပဒေမှာ လူ တစ်ဦးကို ၂၄ နာရီထက် ဥပဒေမဲ့ ပိုမချုုပ်ရဘူးလို့ ပြောဆိုထားတယ်။ အခု ၂၄ နာရီမကဘူး။ ရက်ပေါင်းများစွာ ရှိပြီး။ တရားရုံးလည်း မတင်ဘူး။ ဖမ်းဝရမ်းလည်း မပါဘဲနဲ့ ထိန်းသိမ်းထားတာ အခုဆိုရင် ၁၀ ရက်ကျော်သွားပြီ။ ဒါက ဘယ်လိုလုပ်ပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်နိုင်ပါမလဲ” ဟု ၎င်းက ဆိုသည်။

သံတွဲပဋိပက္ခကြောင့် ဖမ်းဆီးခံရသူ ယခုအခါ ရ၈ ဦး ရှိပြီး ထိုအထဲမှ ရခိုင်အမျိုးသား ၁၇ ဦးကို ကျောက်ဖြူ ထောင်သို့ အောက်တိုဘာလ ၁၀ ရက်နေ့ ညဉ့်အချိန်တွင် ပြောင်းရွှေ့ ယူဆောင်သွားခဲ့သည်။

၎င်း ထောင်ပြောင်းရွှေ့ခံရသူများကို နေပြည်တော်မှ ရဲတပ်ဖွဲ့ တစ်ခုမှ သံတွဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး လာရောက် စစ်ဆေးနေပြီး စစ်ဆေးစဉ် အတွင်း လူမဆံစွာ ညှဉ်းပမ်း နှိပ်စက်မူများ ရှိကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ ယနေ ၅ နာရီခန့်တွင် ၎င်း ၁၇ ဦးထဲမှ ၃ ဦးကို ပြန်လည်လွှတ်ပေးခဲ့ရာတွင် တစ်ဦးကို ကွင်းလုံးကျွတ်၊ ကျန် (၂) ဦးကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

တရားသေ ကွင်းလုံးကျွတ် လွတ်မြောက်လာသူမှာ သတွဲမြို့နယ် နာရေး ကူညီမှုအသင်းဥက္ကဌ ဦးဝင်း ကိုလေးဖြစ်ပြီး အာမခံ (ခံဝန်) ဖြင့် လွှတ်မြောက်လာသူများမှာ  မိုးမြင့်အောင်(ခ) ကိုယ်ငယ် နှင့် ဦးဌေးအောင် (အမျိုးဘာသာ သာသနာ ကူညီ စောင့်ရှောက်ရေး အသင်း) တို့ ဖြစ်ကြသည်။

Most read this week