ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) အဖွဲ့နှင့် အစိုးရ နည်းပညာ အထောက် အကူပြု အဖွဲ့တို့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် (၈)နာရီမှ ညနေ (၃) နာရီ အထိ တရုတ်နိုင်ငံ၊ ရွှေလီမြို့ Return ဟိုတယ်၌ ဒုတိယအကြိမ်အလွတ် သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု PSLF ဥက္ကဌ ဖြစ်သူ တားအိုက်ဖုန်း က ဆိုပါသည်။
တားအိုက်ဖုန်းက “ အပစ်ရပ်ဖို့ ကိစ္စကို ဆွေးနွေး တာပါဘဲ။ အဲဒါလည်း ကျနော်တို့ ဗဟိုကော်မီတီကို တင်ပြမယ်။ ပြီးတော့ လာမယ့် ဒုတိယအပါတ်၊ တတိယ အပါတ်မှာ ပြန်ဆုံ ကြမယ် အဲဒါ တွေကို သဘောတူ ကြတာပေါ့” ဟု ဆိုသည်။
ယင်းတွေ့ဆုံပွဲတွင် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးအတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တားဘုန်းကျော်၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဒုတိယ စစ်ဦးစီးချုပ် တားခူးလန်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် တားရက်စ်ခေး တို့ တက်ရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အစိုးရကိုယ်စားလှယ်များမှာ မြန်မာ့ငြိမ်းချမ်းရေး စင်တာမှ နည်းပညာ အထောက်အကူပြု အဖွဲ့ဝင် ဦးလှမောင်ရွှေ ခေါင်းဆောင်ကာ ဦးအောင်နိုင်ဦး၊ ဒေါက်တာ မင်းဇော်ဦး တို့ တက်ရောက် ခဲ့သည်။
ယင်းဆွေးနွေးပွဲ ဖြစ်မြောက်လာစေရန် မန်တုန် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်မုန်း၊ ပလောင် အမျိုးသား ပါတီမှ ဦးမိုင်းအုန်းခိုင် တို့က ဝိုင်းဝန်း ကြိုးပမ်း ပေးခဲ့ခြင်း ဖြစ်သည်။
အပစ်အခတ် ရပ်စဲရေး အဆင့်အတွက် ယုံကြည်မှု တည်ဆောက်ရေးကို နှစ်ဖက် ညှိနှိုင်း ဆွေးနွေးခြင်း အားဖြင့်လည်း အဖြေရှာ သွားရမည် ဖြစ်ကြောင်း၊ အထူးသဖြင့် တိုက်ပွဲ ဖြစ်နေသည့် ပြသနာ များနှင့် စစ်ရေး လှုပ်ရှားမှုများ လျှော့ချ နိုင်မှသာ ယုံကြည်မှု တည်ဆောက် နိုင်လိမ့်မည်ဟု တားဘုန်းကျော်က ဆိုသည်။
PSLF ၏ အခြေခံ နယ်မြေ တွင်လည်း ကျောက်မဲ အခြေစိုက် အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ (၁) နှင့် သိန္နီမြို့ အခြေစိုက် စကခ (၁၆) လက်အောက်ခံမှ တပ်ရင်း ပေါင်း ၂၀ ရင်းခန့် အမြဲတမ်း လှုပ်ရှား နေသည့်အပြင် လောက်ကိုင်၊ ကွမ်လုံ ဘက်မှ ခလရ ၁၄၅ တပ် များ၊ နမ့်လမ် နှင့် မိုးကုတ်၊ မိုးမိတ် မှ အစိုးရ တပ်များ သည်လည်း နမ့်လမ်၊ မန်တုံ၊ နမ့်ခမ်း မြို့နယ် များသို့ အဆက်မပြတ် လှုပ်ရှား လာခဲ့သည်ဟု တားဘုန်းကျော်က ဆိုခဲ့သည်။
ယင်းအခြေအနေများကြောင့် PSLF နှင့် အစိုးရကြား ယုံကြည်မှု တည်ဆောက် ရာတွင် အခက်အခဲရှိနေ သော်လည်း PSLF သည် ယုံကြည်မှု တည်ဆောက်ခြင်းအတွက် တပ်များ လျှော့ချပေးခြင်း အပြင် ဆွေးနွေး ခြင်းဖြင့်လည်း တည်ဆောက် သွားတော့မည် ဖြစ်သည်။
PSLF နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တို့၏ ပထမ အကြိမ် အလွတ် သဘော ဆွေးနွေး မှုသည် ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း မူဆယ် မြို့၌ တွေ့ဆုံ ဆွေးနွေး နိုင်ခဲ့သော်လည်း တိုက်ပွဲများ ပိုမို ဖြစ်လာသည့် အတွက် သြဂုတ် လဆန်းတွင် ထပ်မံ ဆွေးနွေးရန် ချိန်းဆို ထားသည့် အစီစဉ်ကို PSLF တို့က ငြင်းပယ် ခဲ့သည်။