ရခိုင်နယ်စပ်လုံခြံုရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုတွင် ဓါးပြများ အကျအဆုံးရှိ

ရခိုင်နယ်စပ်လုံခြံုရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုတွင် ဓါးပြများ အကျအဆုံးရှိ
by -
နိရဥ္စရာ

ဓါးပြအဖွဲ့ဟုယူဆရသော လက်နက်ကိုင်အဖွဲ့တစ်ခုနှင့် မြန်မာလုံခြံုရေး တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောနယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မူ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

မြန်မာလုံခြံုရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မူကြောင့် ဓါးပြ တစ်ဦး သေနတ်ထိမှန်သွားခဲ့ပြီး နောက်ပိုင်းတွင် ကျန်လူများနှင့် အတူ ထွက်ပြေးသွားသည်ဟု အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သူက “သူတို့ လှေနဲ့ဝင်လာတဲ့ အချိန်မှာ ဒီဘက်က လုံခြံုရေးတပ်ဖွဲ့နဲ့တွေက စပစ်ခတ်တာ ဖြစ်ပါတယ်။ တစ်ဦးကျတယ်။ ဘင်္ဂလာဘက်ခြမ်းကို ထွက်ပြေးသွားတယ်။ ကျန်နေတဲ့ လှေတစ်စီးက လုပ်သေနတ် အရှည် တစ်လက်နဲ့ အတိုတစ်လက် ရပါတယ်။ လက်နက်ကိုင် ဓါးပြ အဖွဲ့ ဖြစ်ဖို့များပါတယ်” ဟု ဆိုသည်။

အဆိုပါ ဓါးပြအဖွဲ့ဟု ယူဆရသော လက်နက်ကိုင် အဖွဲ့သည် မောင်တောမြို့နယ် မြောက်ပိုင်း ငခူရ နယ်မြေ ရေတင်ကျွန်းအနီးသို့အောက်တိုဘာလ ၁၂ ရက်နေ့က  ၀င်ရောက်လာခဲ့သည်ဟု ဆိုသည်။

“ သူတို့က ပထမ အသုတ်လှေနဲ့ ၆ ဦးဝင်တယ်။ နောက် ၃ ဦးစီ နှစ် သုတ်ဝင်တယ်လို့ သိရတယ်။ အဲဒါ မြန်မာဘက်က သတင်းရသွားတော့ လိုက်လံ ရှင်းလင်းရာကနေ ပစ်ခတ်မူ ဖြစ်ပွားတာပါ။ ဆက်လက်ပြီး ဓါးပြတွေကို ရှာဖွေနေတုန်းပါ” ဟု ၎င်းက ဆိုသည်။

ယခုတလော နယ်စပ်တလျှောက်တွင် ဓါးပြများ သောင်းကျန်းနေသဖြင့် မြန်မာဘက်ကို ဓါးပြ ၀င်တိုက်ရန် သွားရောက်ပုံရသည်ဟု ဘင်္ဂလာဒေ့ချ်နိုင်ငံ မြစ်နားရွာကျေးရွာတွင် နေထိုင်သူတစ်ဦးကပြောသည်။

စံပယ်ပင်ရင်း ကျေးရွာသား တစ်ဦးကလည်း သေနတ်ပစ်ခတ်သံများကို ကြားခဲ့ရကြောင်း၊ ဖြစ်ပွားချိန်မှာ လွန်ခဲ့သော စနေနေ့ ညဉ့် ၁ နာရီခန့်တွင် ဖြစ်ပွားကြောင်း၊  ဘင်္ဂလား မြန်မာနယ်စပ် မောင်တောမြို့ နယ် မြောက်ပိုင်း ငခူရ အမှတ် (၅) နယ်မြေ ရေတင်းကျွန်းမူဆလင်ရွာအနီးတွင် ဖြစ်ကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့ ကြားတာက ဓါးပြအဖွဲ့က  ၅ ဦးသေတယ်လို့ ကြားရတယ်။ အရပ်သတင်းက ခုလို ထွက်နေပါတယ်။ အလောင်းတွေကို ရှာမတွေ့သေးဘူးလို့ သိရပါတယ်” ဟု လက်ရှိ နယ်စပ်တွင် ဖြစ်ပေါ် နေသော သတင်းနှင့် ပတ်သက်ပြီး ၎င်းက ဆိုသည်။

နောက်ဆုံး ရရှိသော သတင်းအရ  မြန်မာ လုံခြံုရေး တပ်ဖွဲ့မှ လူ (၄) ဦးကို ဖမ်းဆီး ရမိပြီး (၂) ဦးမှာ ဘင်္ဂလာဒေချ့်နိုင်ငံတွင် ရှိသော မူဆလင် ဒုက္ခသည် စခန်းမှဖြစ်၍ ကျန် (၂) ဦးမှာ ဘင်္ဂလာဒေချ့် နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။

ယခုလအတွင်း မောင်တောနယ်စပ်တလျှောက်တွင် ဓါးပြတိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ကလည်းတစ်ကြိမ် ရေတင်ကျွန်းကျေးရွာသို့ ဓါးပြများဝင်ရောက်လာ သည်ကို ကျေးရွာသားများ ခုခံသည့်အတွက် ဓါးပြများမှ သေနတ် ၂ချက်ဖောက်ပြီး ထွက်ပြေး လွတ်မြောက်သွား ကြောင်း သိရသည်။

ယင်းမတိုင်မီကလည်း မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုးတောင်နှင့် ငန်းချောင်းကျေးရွားတို့ ဓါးပြတိုက်ခံခဲ့ရကြောင်း နယ်စပ်မှလာသည့် သတင်းများအရ သိရသည်။

Most read this week