ရန်ကုန်မြို့ နှစ်နေရာတွင် တစ်ရက်တည်း နှစ်ကြိမ်ဗုံးပေါက်ကွဲမှု အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းနှင့် ညပိုင်းတို့ မင်္ဂလာဒုံမြို့နယ် စော်ဘွားကြီးကုန်းမှတ်တိုင်နှင့် သာကေတမြို့နယ် ယမုံနာလမ်းမကြီးပေါ်ရှိ မာန်ပြေ မှတ်တိုင် အနီးတွင် ဖြစ်ပေါ်ခဲ့သည်။
သာကေတ မြို့နယ် ဗုံးပေါက်ကွဲမှုမှာ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်ကွဲခြင်းဖြစ်ကာ အဆိုပါ ရပ်ကွက်အနီးရှိ အသက် ၁၄ နှစ် ၀န်းကျင်ရှိ ကလေးငယ် နှစ်ဦးက အခွန်လွတ်စျေးရှေ့ လမ်းဘေးပလက် ဖေါင်း အနီးရပ်ထားသည့် နောက်တွဲယာဉ်အောက်တွင် တွေ့ရှိသည့် ကြွပ်ကြွပ်အိတ်အမဲဖြင့် ထုပ်ထားသည့် အထုပ်အတွင်းမှ နာရီလက်တံအား လှည့်စဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာများမှာ မစိုးရိမ်ရဟုလည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ ပေါက်ကွဲသည့် ဗုံးအမျိုးအစားမှာ လက် လုပ်ဗုံး အမျိုးအစား ဖြစ်သည်ဟု ရန်ကုန်တိုင်း လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းကပြော သည်။ ဗုံးပေါက်ကွဲမှု များနှင့် ပတ်သက်ပြီး ဦးတင်ဝင်းက "တရားခံက ဘယ်သူဘယ်ဝါဆိုတာပြောဖို့ ခက်နေပါတယ်၊ ဗုံးပေါက်ကွဲတာတွေက ထူးခြားဖြစ်စဉ်ဖြစ်နေတယ်" ဟုလည်း ဆိုသည်။
ဗုံးပေါက်ကွဲစဉ် ကိုယ်တိုင် မြင်တွေ့ခဲ့သူ အဆိုပါ ရပ်ကွက်အနီးမှ အမျိုးသားတစ်ဦးကလည်း “ဖြစ်တာက ညနေ ၅နာရီကျော်လောက်မှာ၊ အုန်းဆိုတဲ့ အသံကြားလိုက်ရတယ်၊ ဗုံးကိုသွားကိုင်တဲ့ ကလေးနှစ်ယောက် ကတော့ လန့်အော်ထွက်ပြေးတာကို မြင်လိုက်ရတယ်၊ ကလေးတွေကတော့ လက်တွေ ထိသွားတယ်"ဟု ပြောသည်။
အောက်တိုဘာ ၁၃ ရက် နံနက် အစောပိုင်းအချိန်တွင် ရန်ကုန်မှ မင်္ဂလာဒုံအသွားတွင်ရှိသည့် စော်ဘွားကြီး ကုန်း ကားမှတ်တိုင်တွင် မှတ်တိုင်ရှိ ထိုင်ခုံ နောက်ဘက်ကပ်လျှက် အောက်ခြေမှ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။ ယင်းနေရာတွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကိုလည်း တွေ့ရှိ ရှင်းလင်းနိုင်ခဲ့သည်။ အောက်တိုဘာ ၁၁ ရက်တွင်လည်း တောင်ငူမြို့ ၁၇ ရပ်ကွက် ကံလမ်းရှိ ချမ်းမြေ့တည်းခိုရိပ်သာတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးက တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ရန်ကုန်တိုင်းအတွင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ လုံခြံုရေး အသိရှိစေရန် နှို်းဆော် ထားပြီးပေါက်ကွဲမှုများဖြစ်ပေါ်အောင် လုပ်ဆောင်နေသူများကို ၀ိုင်းဝန်းကူညီ ပူးပေါင်းပါ၀င် ဖေါ်ထုတ်ပေး ကြပါရန် တိုက်တွန်းထားသည်။
ယင်းသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာ ၁၃ ရက်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုဖြင့် တိုင်း/ခရိုင်/မြို့နယ်များတွင် လုံခြံုရေး တိုးမြှင့်ချထား ဆောင်ရွက်နေသည်ဟုလည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ပြည်သူများအနေဖြင့်လည်း ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာ နေရာများနှင့် လမ်းကြိုလမ်းကြားများတွင် မသင်္ကာစရာ အထုပ်များတွေ့ရှိပါက ဖွင့်ဖေါက်ခြင်း မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံနှင့် မြို့နယ် ရဲစခန်းများသို့ ချက်ချင်း သတင်းပေး ပို့ကြရန်လည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းအပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ တဆင့် ရပ်ကွက်ရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကသတင်း ပေးပို့နိုင်ရန် အသိပေး အကြောင်းကြားထားပါဟုလည်း ထုတ်ပြန်သည်။