သံတွဲပဋိပက္ခ ဖြစ်စဉ်ကို အများ ပြည်သူသိရှိရန် အစိုးရမှတရားဝင် ထုတ်ပြန်ရန်လို

သံတွဲပဋိပက္ခ ဖြစ်စဉ်ကို အများ ပြည်သူသိရှိရန် အစိုးရမှတရားဝင် ထုတ်ပြန်ရန်လို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရ အနေဖြင့် ဘက်လိုက် မူမရှိဘဲ ပြည်သူများသိရှိနိုင်ရေး အတွက် တရားဝင် ထုတ်ပြန်ပေးရန် လိုအပ်သည်ဟု ပြည်သူအများစုက ထင်မြင် ယူဆနေကြသည်။

အောက်တိုဘာလ (၆) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (ရခိုင်ပြည်နယ်) ၏ ကြေငြာချက်တွင် သံတွဲမြို့တွင် ၂၉-၉-၂၀၁၃ နေ့က စတင်  ဖြစ်ပွားခဲ့သော ပဋိပက္ခ သည် သုံးဘီးဆိုင်ကယ်တွင် တပ်ဆင်ထားသော ဗုဒ္ဓဘာသာ အမှတ်အသားကို မွတ်ဆလင် ဘာသာဝင် တစ်ဦးမှ တမင် စော်ကားရာမှ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ အထက်ပါ ရန်စမူကြောင့် ဖြစ်ပေါ်လာသော မငြိမ်သက်မူကို သံတွဲမြို့ရှိ ဆရာတော် သံဃာတော်များနှင့် မြို့မိမြို့ဖများ ထိန်းသိမ်း နေစဉ် (၁-၁၀-၂၀၁၃) နေ့၌ တောင်ကုတ်မြို့နယ်မှ သံတွဲမြို့သို့ ဆိုင်ကယ် ကယ်ရီ (၂) စီးဖြင့် မောင်းနှင်လာသော တိုင်းရင်းသား (၆) ဦးကို ရွှေလှေ ကျေးရွာ အနီးတွင် မွတ်ဆလင် ဘာသာဝင်များက တုတ်ဓါးများနှင့် ၀ုိင်းဝန်းရိုက်နှက် ခုတ်ထစ်ကြရာမှ ပြဿနာ ကျယ်ပြန့်သွားရခြင်း ဖြစ်ကြောင်း ဖေါ်ပြသည်။

ယင်းအပြင် ကြေငြာချက်ထဲတွင် မြန်မာနိုင်ငံသို့ OIC လေ့လာရေး အဖွဲ့ လာရောက်မည်ဟု သတင်းဖြစ်ပေါ် နေမူကြောင့် သမ္မတကြီး၏ ရခိုင်ပြည်နယ် ခရီးစဉ်နှင့် အချိန်ကိုက် ပြဿနာကို ဖန်တီးကြခြင်း ဖြစ်သည်ဟု ယူဆဖွယ်ရာ တွေ့မြင်နေရသည်ဟု ဖေါ်ပြသည်။

ပြဿနာ အရင်းအမြစ်မှာ မြန်မာနိုင်ငံတွင် ကမန် လူမျိုး နှစ်သောင်းခန့်သာရှိသော်လည်း ယခုအခါ (၂) သိန်းထိ တိုးပွားနေကြောင်း ကမန်ပါတီ ဥက္ကဌ၏ ပြောကြားချက်ကိုလည်း အာဏာပိုင်များ အနေဖြင့် ထိရောက်စွာ စစ်ဆေးသင့်ကြောင်းနှင့် ဤကိစ္စသည် ပြဿနာ၏ အရင်းအမြစ် ဖြစ်သည်ဟု ကြေငြာချက်တွင် ရေးသားထားသည်။

၎င်းကြေညာချက်အား အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (ရခိုင်ပြည်နယ်) ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ နန္ဒေဘာသမှ လက်မှတ်ရေးထိုးပြီး အောက်တိုဘာလ ၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ယခု ကြေငြာချက်ပါ အကြောင်းအရာများသည် အစိုးရ၏ ထုတ်ပြန်ချက်များနှင့် ကွဲလွဲမူများ ရှိနေပြီး ဗုဒ္ဓဘာသာဝင် လူအချို့က  ရွှေလှေ (သပြုချိုင်) မွတ်ဆလင် ကျေးရွာကို စတင် မီးရှို့တိုက်ခိုက်ရာမှ ပြဿနာ ကျယ်ပြန့်သွားရသည်ဆိုသော သတင်းနှင့် ကွဲလွဲမူ ရှိနေသည်။

ထိုသို့ သံတွဲတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်ပြီး ကွဲလွဲမူများရှိနေသဖြင့် နိုင်ငံတော် အစိုးရအနေ ဖြင့် သံတွဲ ဖြစ်စဉ်အား အသေအချာ လေ့လာစုံစမ်းပြီး အဖြစ်မှန်ကို ပြည်သူသို့ တရားဝင် ထုတ်ပြန်ပေး ရန် ပြည်သူများက လိုလားနေကြသည်ဟု သိရသည်။

Most read this week