မွန်ပြည် လယ်မြေသိမ်းဆည်းခံရမှုများတွင် မွန်လက်နက်ကိုင်အဖွဲ့ ကူညီမှုလိုအပ်

မွန်ပြည် လယ်မြေသိမ်းဆည်းခံရမှုများတွင် မွန်လက်နက်ကိုင်အဖွဲ့ ကူညီမှုလိုအပ်
by -
မဇ္ဈိမ

မွန်ပြည်နယ်တွင်း စစ်တပ်နှင့် ကုမ္ပဏီတို့မှ လယ်ယာမြေသိမ်းဆည်းမှုများကို ဖြေရှင်းရန် ဒေသတွင်း သြဇာ အလွှမ်းမိုးနိုင်ဆုံးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီအနေဖြင့် အကူအညီပေးရန် မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)၏ အောက်တိုဘာလ ၉ ရက်က ထုတ်ပြန်သော အစီရင်ခံစာက တိုက်တွန်း ပြောဆိုထားသည်။

ထို့အပြင် မွန်ပြည်နယ်တွင် မြေသိမ်းမှုများရှိခဲ့ပြီး ဒေသခံလယ်သမားများအနေဖြင့် မြေယာကို စွန့်လွှတ်ရန် ခြိမ်းခြောက်မှုများ၊ လျော်ကြေးမပေးမှုများ ရှိခဲ့သော်လည်း ဒေသတွင်း မွန်ပြည်သစ်ပါတီ အပါအဝင် ဒေသတွင်း နိုင်ငံရေးပါတီများအနေဖြင့် ကူညီဖြေရှင်းပေးနိုင်ခြင်းမရှိကြောင်း အစီရင်ခံစာက ဝေဖန်လိုက် သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ နိုင်ငွေသိန်းက “ကျွန်တော်တို့ လယ်ယာမြေနဲ့ ပတ်သက်လို့ တော့ တစ်ခေါက်လောက်ပဲ လုပ်ပေးဖူးတယ်။ ဇေကမ္ဘာက သိမ်းတုန်းက ကိစ္စတစ်ခုပဲ။ ရန်ကုန်က လယ်ယာ မြေအရေး လုပ်တဲ့သူတွေနဲ့ ပူးပေါင်းပြီး လုပ်ပေးဖူးတယ်”ဟု ပြောသည်။

မြေယာကိစ္စများနှင့်ပတ်သက်၍ မွန်ပြည်နယ်တွင်းရှိ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် တိုက်ရိုက် လိုက်လံဆောင်ရွက်ပေးခြင်းမျိုး မရှိသော်လည်း ပြည်နယ်ပါတီမှ အမျိုးသား လွှတ်တော်များ၊ ပြည်သူ့လွှတ်တော်အမတ်များမှ လုပ်ဆောင်နေခြင်းမျိုးများရှိသည်ဟု မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးမှ ရုံးတာဝန်ခံ တစ်ဦးက ပြောသည်။

လယ်ယာမြေများကို စစ်တပ်နှင့် ပုဂ္ဂလိက ကုမ္ပဏီများမှ သိမ်းယူခြင်းသည် လက်ရှိကျင့်သုံးနေသော မြေယာဥပဒေ ၏ အားနည်းချက်များကြောင့်ဖြစ်သလို မြေသိမ်းရာတွင် မြေသိမ်းသူများက အသိမ်းခံရသော ပြည်သူများအား ပွင့်လင်းမြင်သာစွာ ရှင်းပြခြင်းမျိုးမရှိကြောင်း မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်းက ဆိုထားသည်။

မွန်ပြည်နယ်တွင်း လယ်ယာမြေပြဿနာများနှင့် ပတ်သက်၍ နိုင်ငွေသိန်းက“ပါတီတွေအဖွဲ့အစည်းတွေ အနေနဲ့ အခုအချိန်ထိ လုပ်ဆောင်နေတာ အားနည်းရင် အားနည်းနေပါလိမ့်မယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အစီအစဉ်တွေ ထဲထည့်ပြီး လုပ်ဆောင်သွားပါမယ်”ဟု ဆိုသည်။

လယ်မြေသိမ်းခံ လယ်သမားများအနေဖြင့် ဗဟုသုတနည်းပါးသောကြောင့် လယ်ယာမြေ အငြင်းပွားမှု ပြဿနာများ ကို ဖြေရှင်းရန်အတွက် စွမ်းရည်မြှင့်တင်ပေးရန်လိုအပ်ပြီး ဥပဒေဆိုင်ရာ၊ စီးပွားရေးဆိုင်ရာနား လည်ရန် သင်တန်း များ ဖွင့်ပေးရန် လိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

မွန်ပြည်နယ်တွင် အသိမ်းခံမြေယာ ဧကပေါင်း ၂၀,၀၀၀ ကျော်ရှိသော်လည်း ပြန်လည်ရရှိရန် ကြိုးပမ်းလှုပ် ရှားနေ သည့် မြေဧက ရ,၀၀၀ ၀န်းကျင်ကိုသာ ဤအစီရင်ခံစာတွင် အဓိကထား ဖော်ပြထားသည်ဟု ကိုဦး မွန်က ပြောသည်။