နှစ်ပေါင်း ၆၀ ကျော်ကြာပြည်တွင်းပဋိပက္ခများရပ်တန့်နိုင်မည်ဟု မြန်မာ့ငြိမ်းချမ်းရေးဂေဟာထုတ်ပြန်

နှစ်ပေါင်း ၆၀ ကျော်ကြာပြည်တွင်းပဋိပက္ခများရပ်တန့်နိုင်မည်ဟု မြန်မာ့ငြိမ်းချမ်းရေးဂေဟာထုတ်ပြန်
by -
မဇ္ဈိမ

ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ငြိမ်းချမ်းရေး သဘောတူချက် ထွက်ပေါ်လာပြီးနောက် နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို ပထမဆုံး အကြိမ် ရပ်တန့်နိုင်တော့မည်ဟု မြန်မာငြိမ်းချမ်းရေးဂေဟာ MPC က အောက်တိုဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန် လိုက်သည်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ရန်အတွက် ပြင်ဆင်မှု ပထမအဆင့်ဖြစ်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါ၀င် နိုင်မည်ဖြစ်ပြီး ထို လက်မှတ်ထိုးပွဲတွင် KIO ပါ၀င်နိုင်ရေးအတွက် အတူကြိုးပမ်းဆောင်ရွက်ရန် အစိုးရနှင့် KIO တို့ လက်ခံသဘောတူ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ထိုးနိုင်မယ့် အနေအထားမျိုး ဆိုလိုတဲ့သဘောပါ။ အဲတော့ ဆိုလိုတာက ဒီဆွေးနွေးပွဲက အားလုံး ပါ၀င်နိုင်ဖို့အတွက် ပိုပြီး တွန်းအားဖြစ်စေမယ်။ အဲဒါကို လက်မှတ်ထိုး နိုင်မယ်ဆိုရင် တော့ ၁၉၄၈ ကနေ ဖြစ်ပျက်တာ ရပ်တန့်နိုင်မယ်လို့ ကျနော်တို့ ဆိုလိုတာပါ”ဟု ဦးလှ မောင်ရွှေက ပြောသည်။

သို့သော် KIO ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်ကမူ စိတ်ချရသည့် အခြေအနေ မရောက်မချင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ကို ထိုးနိုင်ဦးမည်မဟုတ်ဟု ဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆို သွားသည်။

“ကျွန်တော်တို့ဘက်က ခိုင်မယ်တယ်လို့ ယုံကြည်စိတ်ချရတဲ့ အခြေအနေမျိုး မရောက်ရင် မထိုးနိုင်ဘူး လို့ KIO ရဲ့ သဘောထားဖြစ်ပါတယ်။ ဒါကတော့ အရင်အတွေ့အကြံုတွေကြောင့်ပါ။ ဒါကလည်း ceasefire agreement မလုပ် ဘဲ နိုင်ငံရေးဆွေးနွေးရအောင်လို့ ပြောနေတာ။ အဲဒါ မထိုးပေမယ့် တိုက်ပွဲများကို ဘယ်လို လျှော့ချမလဲ၊ ဘယ်လို ထိန်းသိမ်းမလဲ၊ တိုက်ပွဲနည်းအောင် ဘယ်လိုလုပ်မလဲ။ ကျနော်တို့ မထိုးထားသော်လည်းဘဲ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲများမှာ ဘယ်လိုပုံစံမျိုးနဲ့ ဆက်ပြီးပါ၀င် နိုင်မလဲဆိုတာ စဉ်းစားတာဖြစ်တယ်”ဟု ပြောသည်။

မည်သို့ပင်ဆိုစေ မြစ်ကြီးနားမြို့ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမတွင် သုံးရက်ကြာ ဆွေးနွေးမှုအပြီး KIO ဦးဆောင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ ပါ၀င်သော ညီလာခံ (Ethnic Armed Groups Conference) ကျင်းပရန် အပါအဝင် အချက်ခုနှစ်ချက် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။

“တိုင်းရင်းသားတွေ ညီလာခံ လုပ်မယ်ဆိုတဲ့အတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို ရောက်စေတဲ့ သဘောရတယ်။ အခုလည်း ခုနှစ်ချက်ရတယ်။ ပိုပြီးတော့ လေးနက်လာတယ်။ အကောင်အထည် ပေါ် လာတယ်။ အဓိကအချက်က မူငါးချက်နဲ့ လိုက်နာရမယ့် ၁၈ ချက်ကို သာမာန် အပစ်အခတ်ရပ်ထားတဲ့ အားလုံးထက် ပိုပြီး လေးလေးနက်နက် လုပ်တဲ့အတွက် အပစ်အခတ်ရေးထိုးတာကလွဲရင် ပိုလေးနက် တယ်လို့ မြင်တယ်”ဟု ဦးလှမောင်ရွှေက ပြောသည်။

စစ်ရှိန်လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရေးအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးကော်မတီ ကို ပဋိပက္ခဖြစ်ပွားရာ ဒေသအားလုံးအကျုံးဝင်စေမည့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွားရန်၊ ၄င်းကော်မတီအား အခြေပြဇယား (Joint monitoring committee structure) ပူးတွဲ (၁) နှင့် ပူးတွဲစောင့်ကြည့်ရေး တွင် ဆောင်ရန်၊ ရှောင်ရန် အခြေခံ ငါးချက်နှင့် စည်းကမ်းချက် ၁၈ ချက်တို့ ပါ၀င်သည့် ပူးတွဲ (၂) ကို အခြေခံ၍ အသေးစိတ် စီမံချက် (Operation Plan) ချမှတ်နိုင်ရန် နှစ်ဖက် နည်းပညာအထောက်အကူ ပြုအဖွဲ့များ အနေဖြင့် ဆက်လက် ဆောင်ရွက် သွားမည်ဟု သဘောတူခဲ့သည်။

စစ်ပြေးဒုက္ခသည်များ ပြန်လည် နေရာထူထောင်ရေးအတွက် အခြေခံရမည့်မူများနှင့် စီမံချက်တစ်ရပ် ရေးဆွဲနိုင်ရန် နှစ်ဖက်အဖွဲ့များ၏ အလုပ်အဖွဲ့များနှင့် သက်ဆိုင်ရာဌာနများ ဆက်လက် ညှိနှိုင်းဆောင်ရွက် ရန် အနည်းဆုံး ရွာလေးရွာကို ရှေးဦးစီမံချက် (Pilot Project) အဖြစ် ညှိနှိုင်း အကောင်အထည်ဖော်ရန် သဘောတူသည်။

ပြီးခဲ့သည့် မေလ ဆွေးနွေးပွဲရလဒ်ကြောင့် နှစ်ဖက်ပစ်ခတ်မှု လျှော့ချနိုင်ခြင်း၊ နှစ်ဖက် ထိတွေ့ဆက်ဆံမှုများ တိုးတက်ဆောင်ရွက်နိုင်ခြင်းတို့အပေါ် နှစ်ဖက်ကိုယ်စားလှယ်များမှ အသိအမှတ်ပြုပြီး ပစ်ခတ်မှုများ ထပ်မံ မဖြစ်ပွားစေရေးကို ဆက်လက် ညှိနှိုင်းဆောင်ရွက်ရန် သဘောတူသည်။

ထို့ပြင် KIO အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်းပြီး ပြည်သူများနှင့် လွတ်လပ်စွာ တွေ့ဆုံ ဆွေးနွေး တိုင်ပင်ခြင်းများ (Public Consultation) ပြုလုပ်ရန်၊ အများပြည်သူသုံး လမ်းများနှင့် အရေးပါသော လမ်းများ ပုံမှန် ပြန်လည်သွားလာနိုင်ရေး နှစ်ဖက်ညှိနှိုင်း၍ အမြန်ဖွင့်လှစ်သွားရန်နှင့် ရှေ့ လုပ်ငန်းစဉ်များအားနှစ်ဖက် အလုပ်အဖွဲ့များက လာမည့် ဆွေးနွေးပွဲအား အမြန်ဆုံးကျင်းပနိုင်ရန် နှစ်ဖက် ညှိနှိုင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

KIO ဘက်မှ ဆရာကြီးဦးဆွမ်းလွတ်ဂမ် ဦးဆောင်၍ စစ်ဖက်မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ အပါအဝင် ကိုယ်စားလှယ်ရှစ်ဦးနှင့် အစိုးရဘက်မှ ၀န်ကြီးဦးအောင်မင်း ဦးဆောင်၍ စစ်တပ်ဘက်မှ ကာ ကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတို့ အပါအဝင် ၁၀ ဦးကျော် တက်ရောက် ဆွေးနွေးခဲ့ သည်။

အစိုးရနှင့် KIO တို့၏ ဆွေးနွေးမှုမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမရသော်လည်း ကောင်းမွန်သည့် ရလဒ်ထွက်သည်ဟုု ရှုမြင်ကြောင်း မွန်ပြည်သစ်ပါတီမှ နိုင်ငံခြားရေးတာဝန်ခံ နိုင်ဟောင်ဆာဘွမ်ခိုင်က မဇိ်္စျမကိုပြောသည်။

“ဒီဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တော့ မရသေးဘူး။ ဒါပေမဲ့ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးကိစ္စမှာ တိုင်းရင်းသားတွေ တွေ့ဆုံဖို့၊ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ IDP ကိစ္စ၊ ကော်မတီတွေ ဖွဲ့ဖို့ပါတယ်။ တချို့ကောင်းတဲ့ ရလဒ်တွေ ထွက်ပါတယ်”ဟု သူက ပြောသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှရေးရာ အထူးကိုယ် စားလှယ် Mr. Wang Ying Fan၊ အခြား တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သော ကရင်၊ ရှမ်း တောင်/မြောက်၊ ၀ ၊ မွန်၊ ကယား၊ ပအို၀့်၊ ချင်း၊ မိုင်းလား၊ ပလောင်နှင့် ABSDF စသည့် အဖွဲ့အစည်း ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီ ခုနစ်ပါတီမှ ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများ တက်ရောက် ခဲ့ကြသည်။