ပေါက်တောမြို့မှ အာဏာရှိသူများ လူထုသို့ ချပေးသော ဖုံးကဒ်များဖြင့် စီးပွားရေး လုပ်စားနေ

ပေါက်တောမြို့မှ အာဏာရှိသူများ လူထုသို့ ချပေးသော ဖုံးကဒ်များဖြင့် စီးပွားရေး လုပ်စားနေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ဖုံးဆင်းကဒ်များအား ပြည်သူများထံသို့ အောက်တိုဘာလ ၁ ရက်နေ့က စတင်ဖြန့်ဖြူးပေးနေရာ နည်းမျိုးစုံဖြင့် ကျေးလက်တောရွာနေ ပြည်သူများထံမှ ခေါင်းပုံ ဖြတ် အမြတ်ထုတ်နေကြသည်ဟု သိရသည်။

ပေါက်တောမြိ့နယ် ကန်ချောင်း ကျေးရွာသား တစ်ဦးက သူတို့ ရွာအနေဖြင် ဖုံးဆင်းကဒ် ၅ ခု ရရှိရာတွင် သုံးခုကို မဲဖေါက်ကာ ၂ ခုကို ရောင်းစားပြီး မဲဖေါက်လိုသူများထံမှ ကောက်ယူထားသော ငွေများကိုလည်း ပြန်မပေးတော့ဟု ဆိုသည်။

 သူက“ ကျွန်တော်တို့ရွာမှာ ဖုံးကဒ် ၅ ခုရပါတယ်။ ၃ ခုကို မဲဖေါက်ပြီး ၂ ခုကိုတော့ မဲမဖေါက်ဘဲ မြို့နယ် အုပ်ချုပ်ရေးမှူး အတွက်ဆိုပြီး အပြင်မှာ ရောင်းစားပါတယ်။ ဖုံးကဒ်လိုချင်တဲ့ မဲဖေါက်မယ့်သူ တစ်ဦးဆီက ကျပ်ငွေ တစ်ထောင်စီ ကောက်ခံပါတယ်။ အဲဒီငွေတွေကိုလည်း မြို့နယ် အုပ်ချုပ်ရေးမှူးကို သွင်းရမယ်ဆိုပြီး  ပြန်မပေးတော့ပါ” ဟု ဆိုသည်။

ဖုံးကဒ် မဲဖေါက်ရန် ငွေသွင်းသူ မှာ ၁၀၀ ကျော်ရှိသဖြင့် ကျပ်ငွေ တစ်သိန်းကျော် ရရှိသွားပြီး အဆိုပါ ငွေများကိုလည်း အလွဲသုံးစား လုပ်သွားသည်ဟု ဆိုသည်။

ပေါက်တောမြို့နယ်တွင် ဖုံးဆင်းကဒ် ၄၅၀ ခွဲတန်းရရာ အချို့ကို အစိုးရ ဌာနဆိုင်ရာများသို့ ခွဲဝေပေးပြီး ကျန်ဆင်းကဒ်များကို မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့ ဖြန့်ဖြူးပေးသည်ဟု ဆိုသည်။

ကျေးရွာအုပ်စု တစ်ခု အတွက် ဖုံးဆင်းကဒ် ၁၃ ခုစီ ခွဲတန်းရရာ ဆင်းကဒ် (၃) ခုကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းက အတင်းယူထားလိုက်ပြီး ကျန်ကဒ်များကိုသာ ရွာသားများအားး ခွဲဝေရသည်ဟုဆိုသည်။

ကျေးရွာများသို့ ရောက်ရှိလာသော အခါလည်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ အချို့ကို မဲစနစ်ဖြင့် ခွဲဝေပေးပြီး အချို့ကို အပြင်တွင် ရောင်းစားသည်ဟု ကျေးရွာသားများက ပြောသည်။

သဝင်ချောင်းကျေးရွာ၊ တောင်းဖူးကျေးရွာနှင့် တောင်ညို ကျေး ရွာတို့တွင် ဖုံးကဒ်များကို မဲမနှိုက်ဘဲ ဖုံးဆင်းကဒ်  တစ်ခုကို ကျပ်ငွေ သုံးသောင်းခွဲဖြင့် ရောင်းချကြောင်း၊ ရရှိလာသော ငွေများကို မြို့နယ် အာဏာပိုင်များနှင့်  ကျေးရွာ အာဏာပိုင်များက ခွဲဝေ ယူကြသည်ဟု ကျေးရွာများမှ ပေးပို့သောစာတွင် ဖေါ်ပြသည်။

ပေါက်တောမြို့ပေါ်တွင်မူ ခွဲတမ်း အလိုက် မဲပေါက်သူများကို မှတ်််ပုံတင်ကို ပြ၊ ဓါတ်ပုံ ( ၂ ) ပေးကာ ဆက်သွယ်ရေးဌာနမှ ရောင်းချပေးလျှက်ရှိသော်လည်း နယ်ကျေးရွာများတွင်မူ အခြေအနေ အလွန် ဆိုးရွားနေသည်ဟု ပေါက်တောမြို့မှ ဒေသခံ တစ်ဦးက ဆိုသည်။

ဖုန်းကဒ်များ ရောင်းချရေးကော်မတီတွင် ပေါက်တောမြို့နယ်  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်  ဦးတက်ထွန်းအောင်လည်းပါဝင်နေသဖြင့် ယခု စွပ်စွဲမူများနှင့် ပတ်သက်ပြီး မေးမြန်းရာ သူ့မှာ ခရီးလွန်နေသဖြင့် အသေးစိတ် မပြောနိုင်ဟု ဆိုသည်။

ဦးတက်ထွန်းအောင်မှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သော်လည်း သူ့ကို ပြရုပ် သဘော ထည့်ထားခြင်းသာ ဖြစ်ပြီး  မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းက  ကြိုက်သလို ချယ်လှယ်နေသည်ဟု ကျေးရွာသားများက ဆိုသည်။

ယင်းပြင် ဖုံးဆင်းကဒ်များ ခွဲဝေ ဖြန့်ဖြူး ရောင်းချရာတွင် ဘက်လိုက်မူများ၊ ငွေပေးနိုင်သူကိုသာ ရောင်းချခြင်းများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး အတွက်ဟု ဆိုကာ ဖုံးကဒ်များကို မှောင်ခို စျေးကွက်တွင် တရားဝင် ရောင်းချနေခြင်းများကြောင့် ကျေးရွာတိုင်း လိုလိုတွင် စိတ်ဝမ်းကွဲပြားမူများ ပေါ်ပေါက်နေရာ သက်ဆိုင်ရာ အထက်လူကြီးများမှ အမြန်ဆုံး စစ်ဆေးပြီး ကျူးလွန်သူများကို အရေးယူရန် ဒေသခံ ပြည်သူများက လိုလားလျှက် ရှိကြောင်း သတင်း ရရှိသည်။

Most read this week