ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရကိုယ်စားလှယ်များ မြစ်ကြီးနား၌ နှစ်ဖက်တွေ့ဆုံဆွေးနွေး နေကြစဉ် ဗန်းဗော်ခရိုင်တွင် အစိုးရတပ်အင်အား ဖြည့်တင်းနေမှုကြောင့် မန်စီမြို့နယ်မှ ရွာသားများထွက်ပြေး နေကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“မန်စီမြို့နယ် ထဲက နားအူကြီး ရွာကပေါ့၊ မနေ့နဲ့ ဒီနေ့ပါဆိုရင် ထွက်ပြေး လာသူ ရွာသားတွေ ၂၀၀ ဦးခန့် ကျနော်တို့ထံ ရောက်ရှိ နေပြီး ဖြစ်တယ်။ လမ်းမှာလည်းကျန်နေ သေးတယ်” ဟုဒုက္ခသည်များအား ကူညီ ပေးနေသည့် ကိုနော်ဒင်က ပြောသည်။
အစိုးရ၏ စစ်အင်အားအလုံးအရင်ဖြည့်တင်းနေစဉ် ထိုးစစ်ဆင်တိုက်ခိုက်လာမည့်အနေအထား ရှိလာပါက ကာကွယ်နိုင်ရန် ဒေသအခြေစိုက် KIA တပ်များလည်း အသင့် အနေအထား နေရာယူထားမှုကြောင့် အခြေအနေတင်းမာနေခြင်း ဖြစ်သည်။
ထိုသို့ နှစ်ဖက်တင်းမာမှုများ ရှိနေသော်လည်း တိုက်ပွဲများ မဖြစ်ပွားသေးကြောင်း ၄င်းတပ်မဟာ ၃ ဒေသ အခြေစိုက် ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိ တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း တွေ့ဆုံဆွေးနွေးပွဲပြီး နောက်ပိုင်း၌ တိုက်ပွဲများဖြစ်ပွား လာနိုင်သည်ဟု နားအူကြီးကျေးရွာမှ ရွာသားခန့်မှန်း၍ ထွက်ပြေး တိမ်းရှောင်နေကြသည်။
အသစ်ထွက်ပြေး တိမ်းရှောင်လာကြသည့် ရွာသားများအား ဖန်းခါးကုန်း ကျေးရွာရှိ နှစ်ခြင်း ခရစ်ယာန် အသင်းတော်၌ ဝင်ရောက် ခိုလှုံနေကြပြီး ကချင်နှစ်ခြင်းခရစ်ယန် အသင်းတော်က တာဝန်ယူစောင့်ရှောက် ထားကြောင်း ကိုနော်ဒင်က ဆက်ပြောသည်။
အစိုးရ တပ်များသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ (၆) နာရီ ဝန်းကျင်တွင် ရေကြောင်း ခရီးမှ အင်အား ၄၀၀ ကျော် ရှိသောတပ်ဖွဲ့ဝင်များ သဘောင်္နှစ်စီးဖြင့် ကသာမှ ဗန်းမော်သို့ ရောက်ရှိ လာကြောင်းလည်း ဒေသခံများက ပြောသည်။
ထိုမန်စီမြို့နယ်တွင်ပင် ပြီးခဲ့သည့် စက်တင်ဘာလ (၁၁) ရက်နေ့ကလည်း ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၃ လက်အောက်ခံတပ်ရင်း ၁၂ နှင့် ၂၇ မှ တပ်ဖွဲ့ဝင်များနှင့် အစိုးရတပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြသည်။
နှစ်ဖက် ကိုယ်စားလှယ်များ မြစ်ကြီးနား၌ ပထမရက် အဖြစ် စတင် ဆွေးနွေးနေဆဲတွင် နှစ်ဖက် တပ်နေရာ ချထားရေး၊ အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်ရေး၊ ဒုက္ခသည်ပြန်လည် နေရာ ချထားရေး၊ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရေး၊ တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ကိစ္စရပ်များအား ဆွေးနွေး နေကြသည်။
KIO နှင့် အစိုးရအဖွဲ့ ကိုယ်စားလှယ် တို့သည် ကချင်ပြည်နယ်အတွင်း တိုက်ပွဲ လျှော့ချရေးအတွက် တရားဝင် ၉ ကြိမ်နှင့် အလွတ်သဘော ၅ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်းယနေ့ အထိပင် အောင်မြင်မှုမရရှိ သေးပေ။