အစိုးရတပ်များ လှုပ်ရှားလာသောကြောင့် နားအူကြီးရွာသားများ ထွက်ပြေးတိမ်းရှောင်လာ

အစိုးရတပ်များ လှုပ်ရှားလာသောကြောင့် နားအူကြီးရွာသားများ ထွက်ပြေးတိမ်းရှောင်လာ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဖက်သို့ အစိုးရတပ်များ အင်အားဖြင့်လှုပ်ရှားလာသောကြောင့် အောက်တိုဘာ ရ ရက်နေ့တွင် မန်စီမြို့နယ်၊ နားအူကြီးရွာမှ အိမ်ခြေ ၃၂ အိမ်၊ ရွာသား ၁၃၀ တို့သည် ဖန်းခါးကုန်းကချင် နှစ်ခြင်းခရစ်ယာန်အသင်းတော်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း အသင်းတော်မှ ပြောသည်။

နားအူကြီးရွာသို့ အစိုးရ တပ်မ (၇၇) စစ်အင်အား ၂၀၀ ကျော် ရောက်ရှိလာသောကြောင့် ရွာသူကြီးက အစိုးရတပ်များအားနောက်ဆုတ်ပေးရန်တောင်းပန်ချိန် အစိုးရတပ်က “ဆုတ်ဖို့လာတာမဟုတ်ဘူး ပစ်ဖို့လာတာ” ဟုပြောဆိုသောကြောင့် ရွာသားများကြောက်လန့်ကာ အချို့ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။

ယခုချိန် ထွက်ပြေးလာသော ရွာသားများကို NGO နှင့် KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဆန်၊ ဆီ၊ ဆားများ ကူညီပေးကာ စောင့်ရှောက်ပေးနေကြောင်း ဗန်းမော်ခရိုင်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် အတွင်းရေးမှူး ဆရာတူးဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

အစိုးရစစ်တပ်များသည် အောက်တိုဘာလ ၆-၇ ရက်အတွင်း KIA တပ်မဟာ ၃ ဒေသ၊ တပ်ရင်း ၂၇)နှင့် (၁၂) တို့တွင်လည်း အင်အားတိုးချဲ့ နေသောကြောင့် ဆက်လက် လှုပ်ရှားလာလျင် အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်ကြောင်း ရှေ့တန်းမှ KIA အမည်မဖော်လိုသူ အရာရှိတစ်ဦးပြောသည်။

ယင်းအရာရှိက “မနေ့က သဘောင်္ ၄ စင်း ကသာနယ်စပ် ဆိပ်ကမ်းမှာ ရောက်နေတာ ညနေဘက်မှာ ၁ စင်းတော့ ရွှေကူမြို့အထက်မှာ ရောက်လာတယ်၊ကျန်တဲ့ ၃ စင်းလည်း ကချင်ပြည်နယ်မှာ ရောက်လာမှာပဲ အခုဆွေးနွေးပွဲလုပ်နေချိန်မှာ စစ်အင်အားတိုးချဲ့နေဆဲဖြစ်တယ် ၊ကျနော်တို့ရှိတဲ့ နေရာဝင်လာရင်တော့ ပစ်ခတ်ကြမှာဘဲ” ဟု ပြောသည်။

KIA တပ်မဟာ ၃ တပ်ရင်း ၂၇ ဒေသတွင် အစိုးရတပ် စကခ-၂၁ (ဗန်းမော်)မှ တပ်များ၊ အရှေ့မြောက် ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) အောက်ရှိ ခမရ ၅၂၂၊ ခမရ ၅၀၇ (မန်ဝင်းနှင့် ကိုင်ထိပ်)နှင့် ခမရ ၃၂၃ (ပလောင်ဒိန်ဆာနှင့် မဂျီဂုန်) တပ်များချထားပြီး ယခု အသစ်ထပ်မံတိုးချဲ့လာသော ခလရ ၂၄၀ တပ်များ အသီးသီးလှုပ်ရှားနေကြောင်းသိရသည်။

ထို့အတူ KIA တပ်ရင်း ၁၂ မှ အရာရှိတဦးပြောဆိုချက်အရ အောက်တိုဘာလ ၅ ရက်နေ့က တပ်ရင်း (၁၂) ဒေသတွင်လည်း တိုးချဲ့လာသော အစိုးရစစ်အင်အားများသည် ချောင်းဝတွင် ကား ၃၄ စင်း၊ မြင်း ၅၀ ထက်မနည်း တိုးချဲ့လာကြောင်းပြောသည်။

အဆိုပါတပ်သည် ယခုအချိန်တွင် အင်ကြီးတွင် အင်အားတိုးချဲ့ထားပြီး အချို့သည် ခရှန်နမ်ဆိုင်း၊ မကောင်ယန် (Hkashang Namsai, Magawng Yang) ဘက်သို့ မြင်းဖြင့်ပြန်လည် လှုပ်ရှားနေကြောင်း သိရသည်။

ယခုအချိန်တွင် ဗန်းမော်-ရွှေကူမြို့နယ်ဖက်သို့ အစိုးရတပ် စစ်အင်အားသည် ၂၀၀၀ ကျော် တိုးချဲ့လှုပ်ရှား နေသည်ဟု တပ်မဟာ ၃ အရာရှိများခန့်မှန်းနေကြသည်။

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်များ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေး နွေးမှုများပြုလုပ်နေချိန်တွင် KIA တပ်များရှိရာ နယ်မြေ ရှေ့တန်းသို့ ကုန်လမ်း၊ ရေလမ်းဖြင့် အင်အားများ ဆက်တိုက်တိုးချဲ့နေကြောင်း သိရသည်။

ထိုသို့ အစိုးရတပ်များ၏လှုပ်ရှားမှုများကြောင့် တိုက်ပွဲပြန်လည်ပြင်းထန်လာမည်ကို စိုးရိမ်ကြောက်လန့် နေရကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်လိုင်ဇာနှင့် မိုင်ဂျာယန် နယ်စပ်တလျှောက် ခိုလှုံနေသည့် ဒုက္ခသည်စောင့်ကြည့်သူများကပြောသည်။

Most read this week