ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးရှင်းလင်းပွဲ

ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးရှင်းလင်းပွဲ
by -
ရွှေဟင်္သာ

ကရင်အမျိုးသားအစည်းအရုံး KNU ဦးဆောင်သော ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးဆိုင်ရာ ရှင်းလင်းပွဲ တရပ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၇) ဧရိယာ၊ သေ့ပေ့ထစခန်း တွင် အောက်တိုဘာလ (၅) ရက်နေ့က ကျင်းပခဲ့ကြောင်း ရှင်းလင်း ပွဲကို တက်ရောက် ခဲ့သည့် KNU ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုစောသမိန်ထွန်းက ဆိုပါသည်။

ပဒိုစောသမိန်ထွန်းက “စုစုပေါင်းကိုယ်စားလှယ် (၁၇၀) ဦးလောက် တက်တယ်။ အထူးသဖြင့် အစိုးရနဲ့ ဆက်ဆံရေး အခြေအနေ၊ တခြား တိုင်းရင်းသား တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု အခြေအနေ၊ လောလော ဆယ် ရင်ဆိုင်နေရတဲ့ ပြသနာတွေကို ရှင်းပြတဲ့ပွဲပါဘဲ” ဟု ဆိုသည်။

karen-meeting

အထူးသဖြင့် KNU အဖွဲ့တွင်းတွင် စည်းလုံး ညီညွတ်မှု ရှိလာစေရန် ရှင်းလင်းတင်ပြခြင်း ဖြစ်သည့်အပြင် KNU ၏ ရှေ့လုပ်ငန်းစဉ်များပါ တင်ပြရှင်းလင်းခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြ ပါသည်။

ကရင်အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို တင်ပြရာတွင် KNU သည် ကရင်လက်နက်ကိုင်စည်းလုံး ညွတ်ညီရေး အဖွဲ့ဖြစ်သည့် DKBA၊ BGF၊ KNU/KNLP-PC နှင့် သဘောတူညီမှုအချို့ ရရှိထားသည့် အပြင် ကရင်နိုင်ငံရေးပါတီ အဖွဲ့အစည်းများနှင့်ပါ အမျိုးသားစည်းလုံးညီညွတ်ရေး ဆိုင်ရာ သဘောထားများကိုလည်း တင်ပြခဲ့သည်။

ကရင်တမျိုးသားလုံး ပါ၀င်သည့်ညီလာခံ ကျင်းပခြင်း၊ တိုင်းရင်းသား မဟာမိတ် များနှင့် ပူးပေါင်းဆောင်ရွက် ရေးကိစ္စများထဲမှ တောင်ကြီးတွင် ကျင်းပခဲ့သည့်(ရှမ်း၊ ကယား၊ မွန်ပြည်နယ်) အစည်းအဝေး အတွေ့အကြုံ များ၊ UNFC သဘောထား များကိုလည်း ရှင်းလင်းတင်ပြ ခဲ့ပါသည့်အပြင် ၀န်ကြီး ဦးအောင်မင်းနှင့် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ခဲ့ပြီး ရရှိ ထားသည့် သတင်းအချက်လက်များကို ရှင်းပြခဲ့သည်။  

အထူးသဖြင့် အစိုးရတပ်ဖွဲ့များအား ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ရွာလယ်ခေါင်များတွင် တပ်မစွဲရန် KNU က တောင်းဆိုခဲ့ကြောင်း၊  ဤကဲ့သို့ တပ်ချထားခြင်းအားဖြင့် လူထုများ အထိတ်တလန့် ဖြစ်စေကြောင်း၊ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်အား တင်ပြခဲ့ရာ တစ်လအတွင်းအကောင်းဆုံး ဖြစ်လာရန် အကြောင်းပြန်မည်ဟု ဆိုခဲ့ပါသည်။

ထို့အပြင် ဒုက္ခသည်ပြသနာများ၊ မရှင်းလင်းသော အချက် များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြ ပါသည်။  

ယင်းရှင်းလင်းပွဲသို့  KNU ဘက်မှ ပဒို မန်းငြိမ်းမောင် (ဗဟို အလုပ်အမှုဆောင်)၊စောသမိန်းထွန်း (ဗဟို အလုပ် အမှုဆောင်)၊ ဒေါလေမူ (လယ်ယာမြေ တရားသူကြီးချုပ်)၊ ပဒို့စောလှထွန်း (ဗဟို စည်းရုံးရေးနှင့် ပြန်ကြားရေး ဌာန)၊ ပဒို့ မန်းဘထွန်း (ကော်သူလေ သစ်တော ရေးရာဝန်ကြီး)၊ ပဒိုသောသီဘွဲ့ (KNU တွဲဖက် အတွင်းရေးမှူး (၁) ၊ ပဒို့အောင်မော်အေး (ဘားအံ ခရိုင် ဥက္ကဌ)၊ ပဒို့လေသော (ဘားအံ ခရိုင် အတွင်း ရေးမှူး) အပြင် တခြားKNU မှ တာဝန် ရှိသူ များက ဦးဆောင်ပြီး တက်ရောက် ရှင်းလင်း တင်ပြ ခဲ့ကြ ပါသည်။

ဖိတ်ကြား ထားသူ များထဲတွင် KNU တပ်မဟာ ရ မှ တပ်ဗိုလ်၊ တပ်မှူး၊ တပ်သားများ အပါ၀င် ရခိုင် တပ်ပေါင်းစု ALA ၊ KNU မှ စစ်ဖက်ဆိုင်ရာ ဆေးသင်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ မျိုးဆက်သစ် ကရင်လူငယ်ကိုယ်စားလှယ်များ၊ ကော်သူးလေပညာရေး ဌာနကိုယ်စားလှယ်၊ ကော်သူးလေ ကျန်းမားရေး ဌာနကိုယ်စားလှယ်၊ KRC ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

Most read this week