အစိုးရ၏တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခြင်းမထိုးခြင်းသည် KNU ၏သဘောထား (၆) ချက်အပေါ် အစိုးရဖက်ကသဘောတူညီမှုရှိမရှိအပေါ် မူတည်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ကြေညာချက်ထုတ်ပြန် ခဲ့သည်ဟု အတွင်းရေးမှူး (၂) ပဒိုမန်းမန်း ကပြောသည်။
သူက “ဆိုလို တာကတော့ လက်မှတ် မထိုးခင် ကတည်းက Code of Conduct ကို သဘောတူ လက်မှတ် ထိုးပြီးသား ဖြစ်ရပါ့မယ်။ အဓိပ္ပါယ် ကတော့ Code of Conduct ကို သဘောမတူဘဲနဲ့ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးကို သွားလို့ မရသေးပါဘူး” ဟု ဆိုပါသည်။
KNU ၏ သဘောထား (၆) ချက်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးမီ သဘော တူညီ ထားရမည့် အချက်များနှင့် လက်မှတ် ရေးထိုးစဉ် သဘောတူ ရမည့် အချက်များ ပါရှိ သည်ဟု ဆိုသည်။
လက်မှတ်မထိုးမီ အစိုးရ ဖက်မှ သဘောတူ ထားရ မည်မှာ အချက် (၃) ချက်တွင် (၁)National cease fire accord တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးမီ KNU ၏ Code of Conduct ကို KNU နှင့် အစိုးရတို့ နှစ်ဖက် သဘော တူညီချက် ရရှိ ထားပြီးသား ဖြစ်ရမည်။ (၂) လက်မှတ် ရေးထိုး ပွဲတွင် အစိုးရ ဘက်မှ တပ်မတော် ကိုယ်စားလှယ်များ အပါအဝင်အဓိက ပုဂ္ဂိုလ်များ ပါ၀င် လက်မှတ် ရေးထိုး ရမည်။ (၃) လက်မှတ် ရေးထိုးပွဲသို့ အသိသက်သေ အဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အကြီးအကဲများ ပါ၀င်ရမည်ဟု ပါရှိသည်။
ထို့အပြင် လက်မှတ်ရေးထိုးစဉ်ကာလတွင်လည်း (၄) တိုင်းရင်းသားများ၏ တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ နိုင်ငံရေး မူဘောင်ကို ဆက်လက် ညှိနှိုင်း အကောင်အထည် ဖော်ရေးကိုသဘော တူညီရပါမည်။ (၅) ထို့အတူ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တည်ဆောက် ရေးကို လက်ခံ သဘောတူညီရမည် ဖြစ်ပြီး၊ (၆) အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘော တူညီ ချက်နှင့် နိုင်ငံရေး ဆွေးနွေးမှု ဖြစ်စဉ်ကို လေ့လာ စောင့်ကြည့် ကြီးကြပ် ရေးကို ထားရှိရန် အစိုးရ ဖက်က သဘောတူရဦးမည် ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင်ကျင်းပသော KNU ဗဟိုအလုပ် အမှုဆောင်၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ယင်းအခြေခံ (၆) ချက်နှင့် ပြည့်စုံသောအခြေအနေမျိုးတွင်သာ အစိုးရ၏ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို KNU မှတက်ရောက် လက်မှတ် ထိုးနိုင်မည်ဟု ပဒိုမန်းမန်းက ဆိုသည်။
KNU သည် တစ်နိုင်ငံလုံး အတိုင်းတာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ ဖြစ်သည့် အတွက် အဖွဲ့အားလုံး ပါ၀င်နိုင်ရန်ဆန္ဒရှိကြောင်း၊ တစ်ဖွဲ့နှစ်ဖွဲ့လက်မှတ်ထိုးယုံမျှ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဟု မခံယူသင့်ကြောင်း၊ National cease fire ဖြစ်သည်နှင့်အညီ တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်သည့် သဘော တူညီ မှုဖြင့် ပါ၀င်မှု ရှိရမည် ဖြစ်သည်ဟု သဘောထား ရှိခဲ့သည်။
ယခုအောက်တိုဘာလတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကျင်းပရန်ရှိသည်ကို ဦးအောင်မင်း အနေဖြင့် နှုတ်အားဖြင့်ဆင့်ခေါ်ခြင်းသာဖြစ်ပြီး တရားဝင်စာရွက်စာတမ်းဖြင့် ဖိတ်ကြားထားခြင်းမရှိကြောင်း၊ KNU အနေဖြင့် သီးခြားလက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း ဆိုသည်။
KNU သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် ဖြစ်ကြောင်း၊ လက်မှတ် ထိုးရာတွင် တစ်ဖွဲ့ချင်း စီမှ အာမခံ လက်မှတ် ထိုးရမည် ဖြစ်သော်လည်း နိုင်ငံရေး ဦးဆောင်မှု အပိုင်းတွင် UNFC ကိုသာ အဓိက ထားရမည် ဖြစ်ကြောင်း KNU မှ သဘောထားသည်ဟု ဆိုပါသည်။
KNU သည် လာမည့် အောက်တိုဘာတတိယ အပတ်တွင် အစိုးရနည်းပညာ အထောက်အကူပြု အဖွဲ့နှင့် Code of Conduct ကိစ္စ ရပ်အား ဆွေးနွေးရန် ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာလက်မှတ်ရေးထိုးပွဲသည် နိုဝင်ဘာလအထိ ရွှေ့ဆိုင်းရဖွယ်ရှိသည်ဟု ၀န်ကြီးဦးအောင်မင်းက မီဒီယာများသို့ ထုတ်ပြောကြားခဲ့သည်။