သံတွဲပဋိပက္ခတွင် ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား ၃၆ ဦး ရှိသွားပြီ

သံတွဲပဋိပက္ခတွင် ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား ၃၆ ဦး ရှိသွားပြီ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော့ ပဋိပက္ခနှင့့် ဆက်စပ်ပြီး ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား အရေအတွက်မှာ စုစုပေါင်း ၃၆ ဦးရှိပြီသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့ (သံတွဲ) ဥက္ကဌ ဆရာတော် ဦးကောသလက ယနေ့ထ်ိ ဖမ်းဆီးခံရသူ ရခိုင်လူမျိုး ၃၆ ဦး ရှိသွားပြီ ဖြစ်ကြောင်း နိရဥ္စရာသို့ မိန့်ဆိုသည်။

“ နောက်ထပ်တစ်ခါ သံတွဲမြို့ပေါ်က  ၆ ယောက်ကို ထပ်ဖမ်းတယ်။ ဒါကြောင့် သံတွဲမြို့ပေါ်က ဖမ်းခံရသူ  ၁၄ ဦး၊ ဆင်ခေါင်း ကျေးရွာက ၁၀ ဦးနဲ့ သဗြုချိုင်ကျေးရွာက ၁၂ဦး ဆိုရင် စုစုပေါင်း ၃၆ ဦး ရှိသွားပြီး ဖြစ်ပါ တယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

ဖမ်းဆီးခံရသူများတွင် မူဆလင်များမပါ၀င်ဘဲ ရခိုင်တိုင်းရင်းသားများသာ ဖြစ်နေသဖြင့် ဒေသခံ ပြည်သူများ အကြားတွင်  မကျေမနပ်မူ တိုးပွားလာနေသည်ဟုလည်း ဦးဇင်းက မိန့်ကြားသည်။

“ အခု ဖမ်းဆီးတာကတော့ အကျိုး စီးပွား ပျက်စီးစေမှု၊ သာသာနာကို စော်ကားမှုဆိုပြီး ပုဒ်မ ၃၆၅၊ ၁၇၄ အဲဒီပုဒ်မ နှစ်ခုနဲ့ဖမ်းတယ်လို့ ပြောတယ်။ ရခိုင်ဖက်က လူပေါင်း ၃၀ ကျော်ဖမ်းဆီးထားပြီးတော့ မူဆလင်တွေဖက်က တစ်ဦးမှ ဖမ်းဆီးတာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဖြစ်တာက အပြန် အလှန် တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ဒီလိုဖြစ်တဲ့အထဲမှာ ရခိုင်တွေကိုဘဲ ဖမ်းဆီးတဲ့အတွက် ဒေသခံ တွေက မကျေမနပ် ဖြစ်နေကြပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ အရေးယူ ဆောင်ရွက်ရာတွင် တဖက်စောင်းနှင်း ဖြစ်နေသဖြင့် ပဋိပက္ခကိုပိုမိုကြီးထွားစေနိုင် သည် ဟု  ဒေသခံများက ပြောဆိုသည်။

ဖမ်းဆီးခံရသူများအရေအတွက်နှင့် ပတ်သက်ပြီး သံတွဲရဲစခန်းကို ဆက်သွယ် မေးမြန်းရာ ဖမ်းဆီးထား သူများရှိကြောင်း ထုတ်ဖေါ် ပြောဆိုသော်လည်း အရေအတွက်ကို ပြောဆိုရန် ငြင်းဆိုသည်။

ယခုဖမ်းဆီးခံထားရသူများတွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ သံတွဲမြို့နယ် ဥက္ကဌ ဦးမောင်ပု (ခေါ်) ဦးစောလိူင်လည်း ပါ၀င်နေသဖြင့်  RNDP ပါတီမှ များမကြာမှီ ကြေငြာချက်တစောင်ထုတ်ပြန်သွား မည်ဟု စစ်တွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

RNDP ဥက္ကဌ ဦးမောင်ပု၊ ကိုသိန်းဝင်း၊ ကိုသိန်းစံ၊ ကိုကျော်ကျော်၊ ကိုငယ်နှင့် ကိုဝင်းကိုလေး တို့အား ကျော်ဇံလှအိမ်ကို မီးရှို့မှုဖြင့် အောက်တိုဘာလ ၃ ရက်နေ့က ရုံးထုတ်ပြီး အောက်တိုဘာ ၁၇ ရက်နေ့တွင် ရုံးချိန်းပေးကာ သံတွဲ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်ဟု သိရသည်။

ကျန်ဖမ်းဆီးခံရသူများကို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို အတိအကျ မသိရသဖြင့် မိသားစုများ က အထူးစိုးရိမ်နေကြသည်ဟု ဆိုသည်။

သံတွဲမြို့တွင် စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်-မူဆလင် ပဋိပက္ခ၌ ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရကာ ပျောက်ဆုံးနေသူတစ်ဦး ရှိကြောင်း သိရသည်။

အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်တွင် သံတွဲ ပဋိပက္ခကြောင့်  သံတွဲမြို့ ဒွါရဝတီရပ်ကွက်၊ အမှတ် ၅ ရပ်ကွက်၊ အမှတ် ၆ ရပ်ကွက်နှင့် အမှတ် ၈ ရပ်ကွက်တွင် နေအိမ်တလုံးစီ၊ သံတွဲမြို့နယ် ပေါက်တော ကျေးရွာမှ နေအိမ် ၂၈ လုံး၊ သဗြုချိုင်ကျေးရွာမှ နေအိမ် ၁၄ လုံး၊ ရွှေလှေကျေးရွာမှ နေအိမ် ၄ လုံးနှင့် မဲကျွန်းကျေးရွာမှ နေအိမ် ၉ လုံး စုစုပေါင်း ၅၉ လုံး ပျက်စီးသွားသည်ဟု ဖေါ်ပြထားသည်။

Most read this week