ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲအတွက် အစိုးရက GSM ဖုန်းဆင်းမ်ကဒ် ပေါင်း ၈၀၀ကဒ်ကို ဇူလိုင်မှ စက်တင်ဘာလအထိ သုံးလဆက်တိုက် ခွဲတမ်းစနစ်ဖြင့် ချပေးခဲ့ရာ ၁၆၁ ကဒ်မှာ မြို့ခံလူထုထံသို့ မရောက်ရှိကြောင်း အစိုးရဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဘုရားသုံးဆူမြို့တွင် ရပ်ကွက်နေလူထုများ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ငြိမ်းချမ်းရေးအဖွဲ့များအတွက် ဇူလိုင်လတွင် ၂၀၀ကဒ်၊ သြဂုတ်လတွင် ၄၀၀ ကဒ်နှင့် စက်တင်ဘာလတွင် ၂၀၀ ကဒ်ကို အစိုးရက ချပေးခဲ့ရာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၏ စီမံချက်အဆင့်ဆင့်ဖြင့် ဆင်းမ်ကဒ်များ အရေအတွက်ကွာဟနေရခြင်းဖြစ်သည်ဟု အဆိုပါနီးစပ်သူက ပြောသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော် သိရသလောက်က အုပ်ချုပ်ရေးမှူးတွေက သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေးလုပ် ငန်းရှင်တွေကို ရုံးမှာ ခေါ်ယူပြီး တစ်ကဒ်စီ ဝေပေးနေတာပါ။ တကယ်ဆိုရင် နိုင်ငံတော်က ဆင်းရဲနွမ်းပါး မှုပပျောက်အောင် လမ်းညွှန်ပေးတဲ့အနေနဲ့ ဒီဖုန်းဆင်းမ်ကဒ်တွေ ချပေးလုပ်ဆောင်တာကို တကယ့် ဆင်းရဲနွမ်းပါးတဲ့သူတွေဆီ မရောက်တာ အများကြီး နစ်နာရပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။
လစဉ် ခွဲတမ်းချပေးသည့် GSM ဖုန်းဆင်းမ်ကဒ်များမှာ ဘုရားသုံးဆူမြို့နယ်ခွဲရှိ သက်ဆိုင်ရာ အစိုးရဌာန ၂၂ ခုကို ခွဲဝေပေးသည် မှလွဲ၍ ကျန်ကဒ်များကို ကျပ်ငွေ ၁၅၀၀ ဖြင့် လူထုက မဲနှိုက်ဝယ်ယူရာတွင် ဇူလိုင်လက ၄၀ ကဒ်၊ သြဂုတ်လက ရ၅ ကဒ်နှင့် စက်တင်ဘာလက ၄၆ ကဒ်မှာ ပျောက်ဆုံးလျှက်ရှိသည်။
အမည်မဖော်လိုသူ ဘုရားသုံးဆူမြို့ခံတစ်ဦးက “ဖုန်းဆင်းမ်ကဒ်တွေကို ခွဲတမ်းနဲ့ချပေးပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေမှာ ကျနော်တို့ မဲနိုက်တဲ့အခါ သတ်မှတ်ထားတဲ့ ဆင်းမ်ကဒ်အရေအတွက် အတိုင်း မပြည့်ဘူး။ တတိယအကြိမ်(စက်တင် ဘာ)တုန်းက ရပ်ကွက်(၂)မှာ ခွဲတမ်း ၂၅ကဒ်ချပေးရာမှာ ၅ကဒ်က ပျောက်ဆုံးခဲ့တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ယခုအောက်တိုဘာလ ၂၅ရက်နေ့တွင် ဘုရားသုံးဆူမြို့၌ GSM ဖုန်းဆင်းမ်ကဒ်များကို အစိုးရက စတုတ္ထအကြိမ်မြောက် ထပ်မံ ချပေးဦးမည်ဖြစ်ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့ပေါ်တွင် GSM ဖုန်းတာဝိုင်တိုင်တစ်တိုင်သာရှိပြီး လက်ရှိတွင် ဖုန်းအလုံး ၈၀၀ အသုံးပြု လျှက်ရှိကြသည်။