ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ ရေလုပ်သားအချို့သည် ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ် အတွင်းက ပင်လယ်တွင်း ငါးဖမ်းရာမှ မုန်တိုင်းမိပြီး မျောနေခဲ့ရာ ပျောက်ဆုံးနေသည့် ရေလုပ်သားများ အနက်မှ ရေလုပ်သားလေးဦးသည် စက်တင်ဘာ ၃၀ရက်၊ နံနက်၂ နာရီတွင် ၎င်းတို့ နေရပ် ဒေသသို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။ ၎င်းတို့သည် ပင်လယ်ထဲတွင် ဆယ်ရက်ကြာခန့် မျောနေကြ သည်ဟုလည်း ၎င်းတို့ထံမှ သိရသည်။ မျောပါသွားရာတွင် ၁၀ဦးဖြစ်ပြီး ပြန်လည်ရောက်ရှိရာတွင် လက် ရှိအချိန်ထိ လေးဦးသာ ပြန်ရောက်သေးသည်။
သို့ဖြစ်၍ ၎င်းတို့ တွေ့ကြံုခဲ့ရသည်များကို မဇ္စျိမက ဆက်သွယ် မေးမြန်းထားပြီး ယင်းသို့ ပြန်ရောက်လာသော ရေလုပ်သားများနှင့် ရေလုပ်သားများအရေးကို ကူညီဆောင်ရွက်ပေးနေသည့် ဧရာဝတီတိုင်းဒေသကြီး၊ တောင်သူ လယ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးသန့်ဇော်ဦးတို့နှင့် မေးမြန်းထားခြင်း ဖြစ်ပါသည်။
ဦးသန့်ဇော်ဦး
(အတွင်းရေးမှူး၊ ဧရာဝတီတိုင်းဒေသကြီး၊ တောင်သူလယ်သမားသမဂ္ဂ)
အခုပြန်ရောက်လာတဲ့ ရေလုပ်သားတွေရဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှင်းပြပေးပါ။
သူတို့က မြောင်းမြမြို့က ရေလုပ်သားတွေပါ၊ ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲ ဒေါ်ငြိမ်းအုပ်စုဘက်က အဏ္ဏဝါ ချစ်ကောင်း ရေလုပ်ငန်းမှာ ရေလုပ်သားအဖြစ် ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြသူတွေပါ၊ ပင်လယ်ထဲမှာ မုန်တိုင်း ကျပြီး သူတို့ ဖောင်ပျက်ပြီး ပင်လယ်ထဲ မျောကုန်ကြတာ၊ ပင်လယ်ထဲ မျော ပြီး ရေလုပ်သားတွေက ဖျာပုံကနေ မော်လမြိုင်၊ ကုလားကုတ်ကျွန်းကို သွားတင်နေတာ၊ ကုလားကုတ် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသူရွာသားတွေ ကယ်ပြီး ကူညီစောင့်ရှောက်ပေးမှုကြောင့် ဒေသကို ပြန် ရောက်လာကြတာပါ။
ပျောက်ဆုံးနေဆဲ ရေလုုပ်သားတွေအတွက် ဘာတွေ ဆက်ဆောင်ရွက်သွားဖို့ရှိလဲ။
ပင်လယ်ထဲ ဖောင်ပျက်ပြီး မျောသွားတဲ့ ရေလုပ်သား ၁၀ဦးမှာ လေးဦးပဲ ပြန်ရောက်လာတယ်။ နောက် ထပ်ခြောက်ဦးက ပျောက်နေတယ်။ သတင်းမရသေးဘူး ဖြစ်နေတယ်။
ပင်လယ်ထဲမှာရှိတဲ့ ဖောင်တွေက အလုပ်သမားတွေအတွက်ရော ဘာတွေ ဆောင်ရွက်ပေးဖို့ ရှိပါသလဲ။
ဖောင်တွေက အလုပ်သမားခေါင်းဆောင်တွေက ပင်လယ်ထဲ ရောက်သွားတဲ့ ရေလုပ်သားတွေကို ပြန်လွှတ်တယ် ဆိုတာ မရှိပါဘူး။ အလုပ်မလုပ်နိုင်လဲ လုပ်ရမယ်။ ကမ်းပေါ်သွားဖို့ဆိုတာကလဲ ကမ်းကပ်ဖို့က စက်လှေနဲ့ဆို လေးငါးခြောက်မိုင်လောက် မောင်းရတာ၊ မိသားစုနဲ့လဲ အဆက်အသွယ် ပြတ်နေကြတယ်။ ပင်လယ်ထဲရောက်နေ တဲ့ ဖောင်တွေက အလုပ်မလုပ်နိုင်တော့တဲ့ ရေလုပ်သားတွေ၊ ကျန်းမာရေး မကောင်းတဲ့ ရေလုပ်သားတွေကို ဒေသ အာဏာပိုင်အဖွဲ့တွေ အကူအညီနဲ့ သွားခေါ်မယ်။ ဒေသဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ စသုံးလုံးတွေ၊ NGO တွေဆီ ကျွန်တော် အကူအညီတောင်းထားတယ်။ သူတို့နဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ပျောက်နေတဲ့ ရေလုပ်သားတွေ ကိုလည်း ရှာဖွေဖို့ ဆောင်ရွက်သွားမှာပါ။ ကျွန် တော်တို့ဒေသ မြောင်းမြက ရေလုပ်သားတွေ ရင်ဆိုင်နေရတဲ့ အဖြစ်တွေကို တစ်သီးပုဂ္ဂလအနေနဲ့ တတ် စွမ်းသလောက် ကူညီပေးတာပါ။
ပင်လယ်ထဲမျောပါသွားရာမှ အသက်ရှင် ပြန်ရောက်လာသည့် ရေလုပ်သားများ ပြောကြားသည့် စကားသံများ
ကိုအောင်မျိုးဝင်း(ရေလုပ်သား)
ကျွန်တော်တိုု့ဖောင်က သြဂုတ်လ ၂၈ ရက်က စထွက်တာ၊ ပုစွန်တို့ ငါးနှပ်တို့လို ငါးအမျိုးအစားတွေကို ကျားပိုက် ထောင်တဲ့ ဖောင်ပါ။ ဖောင်ပေါ်မှာ ရေလုပ်သား သုံးဦး ပါတယ်။ ပင်လယ်ထဲစထွက်ပြီး သုံးရက် လောက်မြောက် ညဘက် ၁၂ နာရီကျော်လောက်မှာ လေတွေ မိုးတွေ ပိတ်ပြီး မှောင်လာတော့ ဖောင်က တစ်ခြမ်းစောင်းသွားတယ်။
ဖောင်စောင်းလာတော့ ကြောက်အားလန့်အားနဲ့ အရှေ့ကို ပြေးထွက်တဲ့အခါ ကျွန်တော်တို့ လူတစ်ယောက်က ဒဏ်ရာရသွားပါတယ်။ ဖောင်ကိုချည်ထားတဲ့ကြိုးကို လေတွေတိုက်နေ တဲ့အချိန်မှာပဲ အချိန်မီ ခုတ်ဖြတ်ပြီးတော့ မြုပ်ခါနီးဖောင်က ပြန်ပေါ်လာတော့ မျောသွားတယ်။ ပင်လယ် ထဲမှာ စုန်ချည်ဆန်ချည် မျောသွားပါတယ်။ သဘောင်္တွေ တစ်စင်းပြီး တစ်စင်း မောင်းလာတိုင်း မေးပါ တယ်။ ဘယ်ကလဲမေးတော့ အဏ္ဏဝါချစ်ကောင်းက ရေလုပ်သားတွေပါဆိုပြီး ဖြေတော့ ပြန်လှည့်ထွက် သွားတယ်။ ပင်လယ်ထဲမျောနေတဲ့ တစ်လျှောက်လုံး သဘောင်္သုံးစင်းတိတိ လာမေးပါတယ်။ မေးပြီး ပြန် လှည့်ထွက်သွားကြတယ်။ ပင်လယ်ထဲမျောနေပြီး ညနေစောင်းမှာ ကုလားကုတ်ကျွန်းနား ရောက်သွား တော့ ကမ်းချတဲ့ လှေလေးက ကျွန်တော်တို့ကို လာကယ်ပါတယ်။ အကယ်၍ ကယ်သူမရှိခဲ့ရင် ကျွန် တော်တို့ ဖောင်က ပျက်နေပါပြီ။ နောက်နှစ်ရက်လောက်ဆို အစာရေစာငတ်ပြီး သေနိုင်တဲ့ ကိန်း ရှိနေပါ တယ်။ ကုလားကုတ်ကျွန်းက ရွာသားတွေက ကယ်ပြီး တောင်ပေါ်ရောက်သွားပြီး ရပ်ကွက်အုပ်ချုပ်ရေး မှူးတွေ တိုင်ပင်ပြီးတော့ ကျွေးမွေးထားပါတယ်။
ကုလားကျွန်းက ရွာတွေမှာ ကျွန်တော်တို့လို ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး ပင်လယ်ထဲမျောလာတဲ့ ရေလုပ်သား အယောက်၂၀ လည်း ရှိနေတာတွေ့ရတယ်။ ဖောင်တွေက ကျောက်ဆောင်တွေနဲ့ထိတော့ ဖောင်တွေ ထိုးခွဲခံရတဲ့ အခါ ဒဏ်ရာရတဲ့ ရေလုပ်သားတွေ၊ လမ်းမလျှောက်နိုင်တဲ့ ရေလုပ်သားတွေ ပါ တယ်။
ပင်လယ်ထဲ မျောရာကနေ ကုလားကုတ်ကျွန်းရောက်တော့ ပိုင်ရှင်နဲ့ ဆက်သွယ်မိပါသလား။
ပိုင်ရှင်တော့ လိုက်မလာဘူး။ ကိုယ်စားလှယ်တစ်ဆင့်ခံ ပွဲစားပုံစံမျိုးနဲ့ လာခေါ်ပါတယ်။ ကိုယ်စားလှယ်က ကြိမ်းမောင်းပြီးတော့ ခေါ်ပါတယ်။ ပင်လယ်ထဲ ပြန်လုပ်ဖို့ ပြောပါတယ်၊ ကျွန်တော်တို့ ပင်လယ်ထဲမှာ စုန်ချည် ဆန်ချည် လေး၊ ငါး ဆယ်ရက်လောက် မျောနေတဲ့ အချိန်တုန်းက မရှာဘဲ ခု သောင်တင်တော့မှ လာခေါ်တာပါ၊ ပင်လယ်ထဲမျောပြီး ရောက်နေတဲ့ ရေလုပ်သားအယောက် ၂၀လုံးက ရေလုပ်ငန်းကို ပြန် မလုပ်ချင်တော့ဘူးလို့ ကယ်ထားတဲ့ ကုလားကုတ်ကျေးရွာဥက္ကဋ္ဌကို တင်ပြကြတယ်။ ကုလားကုတ်ကျွန်း ကျေးရွာဥက္ကဋ္ဌက ခရီးသွား ထောက်ခံစာတွေနဲ့ ရေဘေးဒုက္ခသည်ဖြစ်ကြောင်း အချက်အလက်တွေ၊ ဒေသခံတွေရဲ့ ငွေကြေး ကူညီပေးမှုတွေနဲ့ ရေလုပ်သားတွေကို တစ်ဖက်ကမ်းကို လိုုက်ပို့ပေးခဲ့ပါတယ်။ ရေ ဘေးဒုက္ခသည် ခရီးသွားထောက်ခံစာတွေနဲ့ရထားပြီး ရန်ကုန်မြို့ကတစ်ဆင့် ကျွန်တော်တို့ဒေသ မြောင်း မြကို ပြန်လာခဲ့ရတာပါ။
လုပ်ခဲ့တဲ့အလုပ်က လစာဘယ်လောက်ရပါသလဲ။ နောက်ပိုင်းရော ရေလုပ်ငန်းကို ဆက်လုပ်သွား မှာပါလား။
ပင်လယ်ထဲ ကျားပိုက်ထောင်ထွက်ရင် မလုပ်ဖူးတဲ့သူဆို နှစ်သိန်းခွဲ၊ လုပ်ဖူးတဲ့ အတွေ့အကြံုရှိရင် သုံးသိန်းပေးပါ တယ်။ ပင်လယ်ထဲရောက်လို့ မလုပ်နိုင်ရင် ဖောင်နားတောင် အကပ်မခံဘဲ ရေထဲခုန်ချ၊ ကန်ချပါတယ်။ ကျွန်တော်က စရံငွေပိုက်ဆံ မထုတ်ရသေးပါဘူး။ မလုပ်နိုင်လို့ ပြန်ချင်တယ်ပြောတာ ပြန်ခွင့် မရခဲ့ပါဘူး။ အခု ပင်လယ်ထဲမှာ ပြန်ပြီး ရေလုုပ်ငန်းအလုပ်ကို မလုပ်ချင်တော့ပါဘူး။
ကိုဝေဠုကျော်(ရေလုပ်သား)
ဖောင်က ကျောက်ဆောင်တွေနဲ့ ရိုက်မိပြီး ကျွန်တော့်ခြေဖနှောင့် အကွင်းလိုက် ပြတ်သွားတယ်။ ဒဏ်ရာ ရသွားတယ်။ လေတွေတိုက်နေတော့ ဖောင်ထဲမှာလူသုံးယောက်ရှိတာ မသေအောင် ချည်ထားတဲ့ ဖောင်ကြိုးကို ခုတ်ဖြတ် လိုက်ရတယ်။ ညဘက်ကြီး ရေကငတ် အစာကပြတ်နဲ့ ပင်လယ်ထဲ မျောနေတာ၊ လာကယ်တဲ့သူရှိလို့သာ ရောက် သွားတာ၊ ညဘက်ကြီး သူမျောကိုယ်မျောဆိုတော့ ပျောက်နေတဲ့သူတွေလဲ ရှိတယ်။ ရေထဲမှာ မလုပ်တော့ဘူး။ ကုန်းပေါ်မှာပဲ ကောင်းရာမွန်ရာ ရှာဖွေစားတော့မယ်။