နိုင်ကျဉ်းသားများလွှတ်မြောက်ရေး ရခိုင်ရဟန်းတော် မန္တလေးမှရခိုင်သို့တစ်ကိုယ်တော်လမ်းလျှောက်

နိုင်ကျဉ်းသားများလွှတ်မြောက်ရေး ရခိုင်ရဟန်းတော် မန္တလေးမှရခိုင်သို့တစ်ကိုယ်တော်လမ်းလျှောက်
by -
နိရဥ္စရာ

လက်ကျန်နိုင်ငံရေး အကျဉ်းသားများကို လွတ်မြောက်ရေးအတွက် ရခိုင်ရဟန်းတော် တစ်ပါးသည် မန္တလေးမြို့မှ ရခိုင်သို့ တစ်ကိုယ်တော်လမ်းလျှောက်ချီတက်ပြီး ဆန္ဒထုတ်ဖေါ်နေသည်ဟု သိရသည်။

ဆန္ဒထုတ်ဖေါ်သူရဟန်းတော် အရှင်ရက္ခဝံသသည် အောက်တိုဘာ ၂ ရက်နေ့တွင် မန္တလေးတိုင်း၊ ကူမဲမြို့အနီး၊ အံမြင့်မော်သို့ ရောက်ရှိနေပြီဟု အနီးကပ်လိုက်ပါ စောင့်ရှောက်ပေးနေသူ ကိုသန်းဆွေက ပြောသည်။

သူက “ ဦးဇင်းက အစာငတ်ခံပြီး ဆန္ဒဖေါ်ထုတ်နေတာ ဖြစ်ပါတယ်။ ရေတမျိုးတည်းကိုသာ သုံးဆောင်ပြီး အစာမသုံးဆောင်ဘူး။ မိုးချုပ်ပြီး ဘာမှမမြင်ရပေမယ့် ဦးဇင်း လမ်းဆက်လျှောက်နေတုန်း ဖြစ်ပါတယ်” ဟု မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲခန့်တွင် နိရဥ္စရာသို့ ပြောသည်။

ဦးဇင်း၏ တစ်ကိုယ်တော် လမ်းလျှောက်ချီတက်သည့် ခရီးစဉ်တွင် ABSDF ဥက္ကဌ ကိုသံခဲ၏ အစ်ကိုယ်နှင့် ညီဖြစ်သူအပါအဝင် မြို့ခံများ၊  ၈၈ ပွင့်လင်း လူအဖွဲ့အစည်းမှအဖွဲ့ဝင်များ၊ ဒီမိုကရေစီ အင်အားစုများထဲမှ ကိုသန်းဆွေနှင် ကိုဝင်းမောင်ဦးတို့ လိုက်ပါလာပြီး လိုအပ်သည်များကို ကူညီနေသည်ဟု ဆိုသည်။

ထို့အပြင် စရဖ၊ SB၊ ထောက်လှမ်းရေးများကလည်း နောက်ကလိုက်ပါ ကူညီနေသည်ဟု ကိုသန်းဆွေက ပြောသည်။

အောက်တိုဘာလ (၁) ရက် နေ့လယ်က မန္တလေးမြို့မှ ခရီးစဉ် စတင်ခဲ့ပြီး ညနေပိုင်းတွင် ပုလိပ်မြို့တွင် ညအိပ်ရပ်နားခဲ့သည်။

ဦးဇင်း၏ လမ်းလျှောက် ဆန္ဒဖေါ်ထုတ်ပွဲအား အာဏာပိုင်များက တစ်စုံတစ်ရာ နှောင့်ယှက် ဟန့်တားမူ မရှိကြောင်း၊ သို့သော်လည်း အမရပူရ ရဲမှူးကတော့ “ ဘုန်းဘုန်း  တစ်ပါးတည်း လျှောက်ပါ။ ၀ိုင်းရံတာတို့ ဘာတို့ မလုပ်ပါနဲ့” ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။

အရှင် ရက္ခဝံသသည် ယခင်ကလည်း နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေး အတွက် မိုင် ၄၀၀ ခရီးကို လမ်းလျှောက်ချီတက် အစာငတ်ခံဆန္ဒဖေါ်ထုတ်ပြခဲ့ဘူးသည်ဟု သိရသည်။

အာဏာပိုင်များက တစ်စုံတစ်ရာ အကြောင်းမပြန်သဖြင့် တတိယအကြိမ်တွင် မန္တလေးမှ ရခိုင်ပြည်နယ် ကျောက်တော် မဟာမုနိနှင့် စစ်တွေသို့ တစ်ကိုယ်တော် လမ်းလျှောက်ကာ ဆန္ဒဖေါ်ထုတ်နေခြင်း ဖြစ်သည်ဟု သိရသည်။

Most read this week