မန်စီမြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် KIO တပ်တို့ တိုက်ပွဲ ဖြစ်ပွားနေသည်ဟုဆို

မန်စီမြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် KIO တပ်တို့ တိုက်ပွဲ ဖြစ်ပွားနေသည်ဟုဆို
by -
မဇ္စျိမ

ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း အစိုးရ၏စစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အောက်တိုဘာ နံနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု KIO နှင့် မုန်းဒိန်ပါဒေသခံတို့က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ၂၉ ရက်မှ စတင်၍ အစိုးရ၏ တပ်ရင်းသုံးရင်းပါ စစ်ကြောင်း လှုပ်ရှားလာသဖြင့် KIA တပ်မဟာ (၃) လက်အောက်ခံတပ်ရင်း ၁၂ တပ်ဖွဲ့နှင့် သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“၂၉ ရက်မှာက ဗန်းမော်-မန်စီ ကားလမ်းအောက် ချောင်းလမ်း ဂျယ်ဂေါင်အနားမှာ တိုက်ပွဲဖြစ်တယ်။ ၃၀ ရက်မှာက ခါချဉ်ဆိုတဲ့ ရွာနားမှာ တိုက်ပွဲဖြစ်တယ်။ ဒီလ ၁ ရက်နေ့မနက် ၆ နာရီလောက်မှာ ကောင်ဂျာရွာအနားမှာ ဆက်ဖြစ်တယ်”ဟု KIOစစ် ပြေးဒုက္ခသည်များ ကူညီရေးကော်မတီတာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။

ယင်းတိုက်ပွဲအတွင်း အစိုးရဘက်မှ အနည်းဆုံး ခြောက်ဦးခန့် ကျဆုံးမှုရှိသည်ဟု သိရပြီး KIA ဘက်မှ ထိခိုက်ကျဆုံးသူမရှိကြောင်း၊ လတ်တလော မန်စီမြို့နယ်သို့ မိုးမိတ်ဘက်မှ အစိုးရစစ်ကြောင်းများ ထပ်မံ တိုးလာသဖြင့် တိုက်ပွဲဆက်လက်ဖြစ်ပွားမည့်အခြေအနေ ရှိနေသည်ဟုလည်း သူက ဆက်ပြောသည်။

အောက်တိုဘာလ ၁ ရက်တွင် နမ်လင်းပါကျေးရွာအနီးသို့ အစိုးရစစ်ကြောင်းများ ရောက်ရှိနေပြီဟု သိရသဖြင့် တိုက်ပွဲဆက်လက်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်ဟု မုန်းဒိန်ပါကျေးရွာသားတစ်ဦးက မဇိ်္စျမကို ပြောသည်။

“နေ့တိုင်း စိုးရိမ်စိတ်နဲ့ နေနေရတယ်။ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်ပါဘဲ။ တောကို ထွက်ပြေးမယ်ဆိုလည်း  စစ်တပ်က ရှိနေတော့ ထွက်ပြေးဖို့ နေရာမရှိဘူး။ သူတို့က (အစိုးရစစ်တပ်) မဂျီဘွမ်တောင်ကနေ ဆင်းသွားပြီးတော့ မနေ့က ပြန်တက်လာတော့ တိုက်ပွဲဖြစ်တာ”ဟု ၎င်းဒေသခံက မဇိ်္စျမကို ပြောသည်။

မန်စီမြို့နယ်အတွင်း အစိုးရတပ်နှင့် KIA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသော်လည်း လတ်တလော သူမြစ်ကြီးနားမြို့တွင်ရောက်ရှိနေသဖြင့် မည်သည့်နေရာကို အတိအကျမသိရကြောင်း၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် မန်စီမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းကြိုင်က မဇိ်္စျမကို ပြောသည်။

“ဟိုနေ့ကဖြစ်တဲ့ကိစ္စ ကျွန်တော်ကြားတာက အစိုးရစစ်ကြောင်းကတော့ ရိက္ခာပို့ဖို့ သွားတာနဲ့တူပါတယ်။ အဲဒီလို လှုပ်ရှားသွားတဲ့အခါမှာ တိုက်ပွဲဖြစ်တာ” ဟု သူကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တွင်လည်း မိုင်းခေါင်နှင့် နမ်လင်းပါကျေးရွာအကြားတွင် အစိုးရ တပ်နှင့် KIAတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

သို့သော် ပြီးခဲ့သည့်လက မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ(၄) နယ်မြေများတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တည်ငြိမ်နေသည်ဟု ဦးဒွဲပီဆားက ပြောသည်။

လာမည့် အောက်တိုဘာလ ၈ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီနှင့် KIO တို့ မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးကြမည် ဖြစ်ရာ ထိုဆွေးနွေးမှုမတိုင်ခင် အောက်တိုဘာ ၂- ၃ ရက်များတွင် အစိုးရ နည်းပညာအထောက်အကူပြုအဖွဲ့နှင့် KIO နည်းပညာ အထောက်အကူပြု အဖွဲ့တို့ အကြိုညှိနှိုင်း ဆွေးနွေးကြမည်ဖြစ်သည်။