သံတွဲတွင်အိမ်တစ်လုံးမီးရှို့ခံရပြီး အနည်းဆုံးလူသုံးဦးဖမ်းဆီးခံထားရ

သံတွဲတွင်အိမ်တစ်လုံးမီးရှို့ခံရပြီး အနည်းဆုံးလူသုံးဦးဖမ်းဆီးခံထားရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စနေနေ့ညနေက ဖြစ်ပွားခဲ့သော လူမူရေးမတည်ငြိမ်မူကြောင့် အိမ်တစ်လုံး မီးရှို့ခံခဲ့ရပြီးအနည်းဆုံးလူ (၃) ဦး ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ သံတွဲမြို့၊ငပလီ စက်ပစ္စည်း ရောင်းဝယ်ရေးဆိုင် ပိုင်ရှင် ကမန်အမျိုးသား ဦးကျော်ဇံလှနှင့် ရခိုင်လူငယ် နှစ်ဦးဖြစ်ကြသည့် ကိုညီညီလွှင်နှင့် ကိုကျော်မင်းထိုက်တို့ ဖြစ်ကြသည်။

အခင်းစတင်ဖြစ်ပွားသည့် စက်တင်္ဘာလ ၂၈ ရက်နေ့က ဦးကျော်ဇံလှအား ပုဒ်မ (၂) ခုဖြင့် တရားစွဲဆိုခဲ့ပြီး နောက်ပိုင်းတွင်အာမခံ (ခံဝန်)ဖြင့် ပြန်လည်လွှတ်ပေးခဲ့သော်လည်း တနင်္လာနေ့ရုံးချိန်းတွင် ပုဒ်မတစ်ခု ထပ်တိုးပြီး ထောင်ထဲထည့်လိုက်သည်ဟု ဆိုသည်။

“ သူ့ကို ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခဲ့တယ်။ ညနေ ၈ နာရီမှာ အာမခံနဲ့ ပြန်လွှတ်ပေးတယ်။ မနေ့ကတော့ အာမခံ မရတဲ့ ပုဒ်မ ၁၉၅ ကိုထပ်တိုးပြီး ဦးကျော်ဇံလှကို ထောင်ထဲကို ထည့်လိုက်ပါတယ်” ဟု အစ္စလာမ် ဘာသာဝင် တစ်ဦး ဖြစ်သူ ဦးကျော်ကျော်လွှင်က ပြောသည်။

ရခိုင်လူငယ် နှစ်ဦးဖြစ်ကြသည့် ကိုညီညီလွှင်နှင့် ကိုကျော်မင်းထိုက်တို့အား ဦးကျော်ဇံလှ အိမ်အား လူ ၅၀ ခန့်မှ ခဲနှင့် ပစ်ပေါက်မှုအပါအဝင် အခြားအိမ်အချို့အားဖျက်ဆီးရာတွင်ပါ၀င်မှုကြောင့် ရဲကဖမ်းဆီးထိိန်းသိမ်းခဲ့သည်ဟု သိရသည်။

စက်တင်္ဘာလ ၂၈ ရက်နေ့က သံတွဲမြို့၊ဒွာရဝတီ (က) ရပ်ကွက်နေ သုံးဘီးတက္ကစီ ဒရိုင်ဘာ ရခိုင်အမျိုးသား ရဲသီဟ( ခေါ်) နိုင်ဦး (၃၀) နှစ်နှင့် ငပလီစက်ပစ္စည်းများ ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် အမှတ် (၃) ရပ်ကွက်၊ ရွှေဘုံသာလမ်းနေ ကမန်လူမျိုး ဦးကျော်ဇံလှ (၆၀) နှစ်တို့ အချင်းများကြရာမှ စတင်ခဲ့သည်ဟု ဆိုသည်။

ဆိုင်ရှေ့တွင် ကိုရဲသီဟ၏သုံးဘီးတက္ကစီရပ်ထားသဖြင့် ဦးကျော်ဇံလှသည် ညစ်ညမ်းစွာဆဲဆိုပြီး တက္ကစီပေါ်ပါလာသော သာသနာ့အလံအား ရိုက်ချိုးပစ်သည်ဟု ရဲစခန်းတွင် အမူဖွင့်ခဲ့ရာ ဦးကျော်ဇံလှအား ( ပ- ရ၈/ ၂၀၁၃ နှင့် ပုဒ်မ ၂၉၄/ ၅၀၆ )ပုဒ်မ (၂) ခုဖြင့် တရားစွဲဆိုခဲ့ပြီး နောက်ပိုင်းတွင်အာမခံဖြင့် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
 
ယင်းသို့ လွှတ်ပေးသည်ကို မကျေနပ်သော လူ (၅၀) ခန့်က စက်တင်္ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ဦးကျော်ဇံလှအိမ်အား ခဲများဖြင့်တိုက်ခိုက်ရာတွင် ပါ၀င်သည်ဟု စွပ်စွဲချက်ဖြင့် ကိုညီညီလွှင်နှင့် ကိုသန်းမင်းထိုက်တို့ကို ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ယင်းအပြင် အာရဗီစာသင်ကျောင်းအနီးရှိ သုံးဆင့်သစ်သားအိမ်တစ်လုံးနှင့် အနီးအနားရှိတဲသာသာအဆောက်အဦး (၂) ခုကိုလည်း အမည်မသိလူတစ်စုမီးရှို့တိုက်ခိုက်ခဲ့ရာတွင် အချို့မှာမျက်နာဖုံးစွပ်ထားကြသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

၎င်းနောက်ပိုင်းတွင် လုံခြံုရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

သံတွဲဒေသခံ ရခိုင်အမျိုးသားကိုထွန်းဖေက လက်ရှိအခြေအနေမှာ တည်ငြိမ်နေသော်လည်း နှစ်ဘက်စလုံးတွင် စိုးရိမ်မူများ ရှိနေသည်ဟု ဆိုသည်။

သံတွဲမြို့သည် စျေးဖွင့်သော်လည်း ၀ယ်ရောင်းသူမရှိ ခြောက်ကပ်နေသကဲ့သို့ ကျောင်းများဖွင့်ထားသော်လည်း ကျောင်းတက်သည့် ကျောင်းသားမရှိသလောက် ဖြစ်နေသည်ဟု သိရသည်။

Most read this week