ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ယခုကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် တင်သွင်းနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနမှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက မဇ္ဈိမကို ပြောသည်။
“ဒီဥပဒေကြမ်းအရဆိုရင်တော့ မီဒီယာရုပ်သံထဲမှာ ဖွံ့ဖြိုးတိုးတတ်လာဖို့ကို ပြဋ္ဌာန်းထားပါတယ်။ ပြီးတော့ ရုပ်မြင် သံကြားက မီဒီယာတွေက ဘာတွေ ဘယ်လိုတွေ လုပ်ငန်းတာဝန်တွေ လုပ်သင့်တယ်ဆိုတာလည်း ပါလာပါမယ်။ အဲ့ဒါတွေကို ပြဋ္ဌာန်းထားလို့ ဒီဥပဒေ ပေါ်လာပြီးရင်တော့ မြန်မာနိုင်ငံရဲ့ ရုပ်သံလုပ်ငန်းဆိုင်ရာ အသိုင်းအဝိုင်းက ချက်ချင်းကို ဖွံ့ဖြိုးတိုးတတ်လာလိမ့်မယ်လို့ ယူဆပါတယ်”ဟု ဦးတင့်ဆွေ ကပြောသည်။
ထိုရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းအား အောက်တိုဘာလ ၁ ရက်တွင် စတင်ကျင်းပမည့် အဋ္ဌမအကြိမ်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်တင်ကာ ထိုဥပဒေကြမ်း ကို၂၀၁၄ ခုနှစ်တွင် အတည်ပြု အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ထားသည်ဟု ဦးတင့်ဆွေက ဆက်လက်ရှင်း ပြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကော်မတီက ရေးဆွဲပြဋ္ဌာန်းထားသည့် ရုပ်မြင်သံကြားနှင့် ဗွီဒီယို ဥပဒေတစ်ခုသာရှိပြီး ရုပ်မြင်သံကြား၊ ရေဒီယို စသော အသံလွှင့်မီဒီယာနှင့် ပတ်သက်သည့် သီးခြားဥပဒေ များမရှိခဲ့ပေ။
“အခုလက်ရှိ အခြေအနေမှာတော့ ဖွံ့ဖြိုးတိုးတက်ဖို့က ဖြစ်လာပြီ။ အကုန်လုံးကလည်း မျှော်လင့်ထားကြ ပြီဆိုတော့ ဥပဒေက မဖြစ်မနေရှိရမယ်လို့ ကျွန်တော်ကတော့ယူဆပါတယ်”ဟု ဦးတင့်ဆွေက သူ့အမြင် ကို ပြောသည်။
ရန်ကုန်မီဒီယာဂရုမှ အယ်ဒီတာတစ်ဦးဖြစ်သူ ဦးဗညားဦးက “အခု သူတို့ဆွဲထားတဲ့ ဥပဒေကြမ်းမှာလည်း လို အပ်ချက်တွေ ရှိနေသေးတယ်။ နောက် လွှတ်တော်ကို တင်ရင်တော့ ဘယ်သူတွေနဲ့ ဘယ်လိုတွေ ဆက်လုပ်မလဲဆိုတာ ရှိသေး တယ်။ တကယ့် ယုံကြည်မှုရှိရှိနဲ့ ဥပဒေကို အလုပ်ဆက်လုပ်မယ်ဆိုရင်တော့ မပြောတတ်ဘူး”ဟု သူ့အမြင်ကို ပြောသည်။
ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် ဆက်စပ်သည့် ဥပဒေကြမ်းအား ရေးဆွဲနိုင်ရန် ၂၀၀၅ ခုနှစ်တွင် စင်ကာပူနိုင်ငံမှ ရုပ်မြင်သံကြားဆိုင်ရာ စံနှုန်းများအား လေ့လာခဲ့ပြီး စင်ကာပူနှင့် မြန်မာနိုင်ငံတို့ ပထဝီမြေ အနေအထား ကွာခြားမှု များ ရှိခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ရုပ်မြင်သံကြားဥပဒေများမှ ဘာသာပြန်ယူကာ ဆက်စပ် ပြင်ဆင်ရေးသား ထားခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် ပုဂ္ဂလိက ရုပ်သံမီဒီယာ လုပ်ဆောင်နေသော ရွှေသံလွင်မီဒီယာနှင့် Forever (MRTV4) ကုမ္ပဏီနှစ်ခု သာ ရှိသေးသည်။
“အရင်က အစိုးရနဲ့ စာချုပ်ချုပ်ပြီးတဲ့သူတွေက ဥပဒေမှာလည်း ပြန်ပြီးလျှောက်ပါ။ မလျှောက်ပါဆိုတာတွေ ပါမှာမဟုတ်ဘူး။ ဥပဒေအရဆိုရင်တော့ ပြန်ပြီး လျှောက်ကို လျှောက်ရမှာပဲ။ ကျန်တာကတော့ ပြီးခဲ့တဲ့ အစိုးရနဲ့ စာချုပ်တွေရှိတယ်။ သူတို့က နောက်ပိုင်းမှာ ဆက်ပြီး အကျံုးဝင်မလားဆိုတာကိုတော့ နောက်ပိုင်းမှာ ဆက်ပြီး အဖြေထွက်လာပါလိမ့်မယ်။ လိုင်စင်ကတော့ ယူကိုယူရမှာပါ”ဟု ဦးတင့်ဆွေက ရှင်းပြသည်။
ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းအတွက် ကော်မတီဖွဲ့စည်းရန်ရှိပြီး ဗဟိုကော်မတီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ရုပ်သံလွှင့်လုပ်ငန်းရှင်များအသင်း၊ ကွန်ပျူတာပညာရှင်အသင်း၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများနှင့် ဖွဲ့စည်းသွားမည် ဖြစ်သည်။
ထို့အပြင် ဥပဒေကြမ်းအတွက် လုပ်ငန်းကော်မတီကိုလည်း သမ္မတနှင့် လွှတ်တော် နှစ်ရပ်မှ ဥက္ကဋ္ဌများ က ရွေးချယ်သည့်သူများနှင့် ဖွဲ့စည်းသွားရန် ရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲသော ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း အလုပ်ရုံ ဆွေးနွေး ပွဲကို စက်တင်ဘာလ ၃၀ ရက်က ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်တွင် ပြန်ကြားရေးဝန်ကြီး ဌာနက ဦးစီးကာ ရုပ်သံမီဒီယာများ၊ ရေဒီယိုလုပ်ငန်းလုပ်သူများနှင့် မီဒီယာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ထိုဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ အမေရိကန်နိုင်ငံမှ ပညာရှင် များ၊ မီဒီယာဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ ကျွမ်းကျင်သည့် UNESCO မှ တာဝန်ရှိသူများ၊ အခြား သက်ဆိုင်ရာ ဌာနများနှင့် ပညာရှင်များ ပူးပေါင်းကာ ရေးဆွဲထားခြင်းဖြစ်ပြီး ရေဒီယို အသံထုတ်လွှင့်ခြင်း လုပ်ငန်းလိုင်စင် ရ နှစ်၊ ရုပ်မြင်သံကြားထုတ်လွှင့်ခြင်း လုပ်ငန်းလိုင်စင် ၁၀နှစ်၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း၊ ဖြန့်ဖြူးခြင်း ၀န်ဆောင်မှုလုပ်ငန်းလိုင်စင် ၁၅ နှစ် သက်တမ်းသတ်မှတ် ထားသည်။