ဒု-သမ္မတဦးဉာဏ်ထွန်းဦးဆောင်ကာ အသစ်ဖွဲ့စည်းလိုက်သော မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီက လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တိုင်ကြားထားသည့်မြေသိမ်းပြဿနာအမှု များ အားလုံးကို တစ်နှစ်အတွင်း အပြီးဖြေရှင်းပေးမည်ဟု ယင်းကော်မတီက ကတိပြုပြောဆိုလိုက်သည်။
ပြည်ထောင်စုလွှတ်တော်ကဖွဲ့စည်းထားသော လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ထံ ပြည်သူများတိုင်ထားသည့် လယ်ယာမြေပြဿနာပေါင်း ရ၄၅ မှု ရှိနေသည့်အတွက် တစ်ရက်လျှင် ၂ မှုနှုန်းဖြေရှင်းပေးမည့်သဘောဖြစ်နေသည်။
"ဒီနေ့အထိရရှိလာတဲ့ ရ၄၅ မှု ကို တစ်နှစ်အတွင်းပြီးပြတ်အောင် ရည်မှန်းပြီးတော့ ဆောင်ရွက်နေတာ။ အတတ်နိုင်ဆုံးတော့ ပြီးနိုင်ဖို့ဆောင်ရွက်မယ်" ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းကပြောသည်။
မြေယာပြဿနာများကိုဖြေရှင်းရန် စက်တင်ဘာလ ၁၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ၏ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား စက်တင်ဘာလ ၂၇ ရက်က နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနရှိ အင်ကြင်းခန်းမတွင် မီဒီယာများကို ဖိတ်ကြားပြီး ထုတ်ပြန်ရှင်းလင်းစဉ် အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ကော်မတီတွင်အဖွဲ့ဝင်ဖြစ်သည့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းကလည်း "ပြီးပြတ်အောင်ကျွန််တော်တို့လုပ်သွားမယ်။ နောက်နောင်လည်းဒီလိုမဖြစ်ရအောင် တစ်ခုခုလုပ်တော့ မယ်ဆိုရင် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ်။ မူလပိုင်ရှင်တွေနဲ့ ကျေလည်အောင်ညှိ နှိုင်းမယ်"ဟု ကတိပြုပြောဆိုသည်။
မြေအသုံးချမှုစီမံခန့်ခွဲ့ရေးကော်မတီတွင် ဗဟိုကော်မတီတစ်ရပ်အဖြစ် ဒုသမ္မတဦးဉာဏ်ထွန်းက ဥက္ကဌ၊ ပြည်ထဲရေး နှင့် လယ်/ဆည်ဝန်ကြီးနှစ်ဦးက ဒုတိယဥက္ကဌနှင့် ပြည်ထဲရေးဒုတိယဝန်ကြီးက အတွင်းရေးမှူး အဖြစ် ဆောင်ရွက်မည် ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အားလုံးရှိ ဝန်ကြီးချုပ်များက အဖွဲ့ဝင်အဖြစ်ဆောင်ရွက် မည်ဖြစ်သည်။
ဗဟိုကော်မတီ၏ လက်အောက်တွင် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအားလုံးတွင်လည်း မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီမျာကို ဖွဲ့စည်းထားသည်။
မြေယာပြဿနာဖြစ်ပွားသည့်နေရာသို့ ခရိုင်နှင့်မြို့နယ်ကော်မတီတို့က ကွင်းဆင်းစစ်ဆေးရမည်ဖြစ်ပြီး ထိုကဲ့သို့ လာရောက်စစ်ဆေးပါက ထိုမြေများနှင့်ပတ်သက်သည့် စာရင်းဇယားအချက်အလက်မှန်ကန်စေရန် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မတီက ဆောင်ရွက်ပေးရမည်ဖြစ်သည်။
ကော်မတီဖြေရှင်းပေးမည့် လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်ထံသို့ တိုင်ကြားထားသည့် တိုင်ကြားစာများတွင် စစ်တပ်ကသိမ်းထားသည့် လယ်ယာမြေများ၊ အစိုးရစီမံကိန်းလုပ်ငန်းများအတွက် သိမ်းထားသည့် လယ်ယာမြေများနှင့် ပုဂ္ဂလိက ကုမ္ပဏီများမှ သိမ်းထားသော လယ်ယာမြေတို့ဖြစ်သည်။ တိုင်စာ ရ၄၅ မှုအနက် စစ်တပ်သို့ တိုင်ကြားထားသည့်စာမှာ ၅၆၅ မှု ရှိသည်။
တိုင်စာအများဆုံးဖြစ်သည့် စစ်တပ်သိမ်းမြေများမှာ နိုင်ငံတစ်ဝန်းတွင် ဧကပေါင်း ၂၉၇၀၀၀ ကျော်ရှိသည်ဟု ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးဝေလွင်က ဝန်ခံပြောဆိုထားသည်။
အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းထားသောမြေများကို ဆက်လက်သုံးစွဲရန် မလိုအပ်တော့ပါက အစိုးရက ပိုင်ရှင်လယ်သမားများအား အမြန်ပြန်ပေးရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဩဂုတ် ၂၉ ရက်က သမ္မတထံသို့ သဝဏ်လွှာပို့ထားသေးသည်။