မြန်မာအစိုးရနှင့် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ ပူးပေါင်းရေးဆွဲထားသော အမျိုးသမီးများ ဖွ့ံဖြိုးတိုးတက်ရေး မူဘောင်တခုကို အောက်တိုဘာ ၃ ရက်တွင် နေပြည်တော်၌ တရားဝင် ထုတ်ပြန်တော့မည်ဖြစ်သည်။
နာဂစ်မုန်တိုင်း ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် အရေးပေါ်အခြေအနေများတွင် အမျိုးသမီးများအား ကူညီနိုင်ရန် ရည်ရွယ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်းကာ Gender Equality Myanmar က ဦးဆောင်ပြီး နိုင်ငံတကာ အင်ဂျီအိုများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ WON အဖွဲ့နှင့် UN တို့က မူဘောင်ကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။
“ဒီမူဘောင်ကို ဘေဂျင်းအမျိုးသမီးများ ဖွ့ံဖြိုးတိုးတက်ရေး မူဘောင် ၁၂ ချက်နဲ့ စီဒေါကို အခြေခံပြီးတော့ ရေး ထားတာပါ”ဟု အမျိုးသမီးအဖွဲ့များကွန်ရက် (WON)မှ ဒေါ်စူစန်နာ လှလှစိုးက မဇ္ဈိမကိုပြောသည်။
အဓိကအချက်များအဖြစ် အမျိုးသမီးများနှင့် ကျန်းမာရေး၊ ပညာရေးနှင့် ကလေးသူငယ်များ ဖွ့ံဖြိုးတိုးတက် ရေးတို့ကို ထည့်သွင်းထားသည်။
အစိုးရအနေဖြင့် သဘောတူညီကြောင်းကို လွန်ခဲ့သည့် လေးလကတည်းက လက်မှတ်ထိုးခဲ့ပြီး ဖြစ်သော် လည်း အောက်တိုဘာတွင် ပြုလုပ်မည့်ပွဲ၌ တရားဝင်ကြေညာရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
မကြာသေးခင်ကလည်း ထိုင်းနိုင်ငံမှ အမျိုးသမီးများ အဖွဲ့ချူပ် (မြန်မာနိုင်ငံ) WLB နှင့် WON အဖွဲ့တို့ပူးပေါင်း ကာ ပြည်တွင်းမှ အမျိုးသမီးအဖွဲ့များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံ၍ မြန်မာနိုင်ငံအမျိုးသမီးများ ဖိုရမ်တစ်ခုကို ရန်ကုန်မြို့တွင် ယခုလ ၂၀ ရက်မှ ၂၃ အထိ ပြုလုပ်ခဲ့သေးသည်။
ထိုပွဲတွင် အမျိုးသမီးများနှင့် ကျားမတန်းတူရေး၊ အမျိုးသမီးများ ဘဝမြင့်တင်ရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖက်ဒရယ် တည်ဆောက်ရေးတွင် အမျိုးသမီးများ ၀င်ရောက်ပါ၀င်နိုင်သော အခန်းကဏ္ဍများကို အဓိက ဆွေးနွေးခဲ့ကြသည်။
“အမျိုးသမီးတွေရဲ့ ဘဝမြင့်မားလာရေးနဲ့ တန်းတူညီအခွင့်အရေးကို အာမခံနိုင်ဖို့ အမျိုးသမီးတွေကို တရားဥပဒေ အရ မှန်မှန်ကန်ကန် ကာကွယ်ပေးနိုင်ဖို့အတွက် လက်ရှိ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို စီဒေါစာချူပ်ပါအချက် များနှင့် အညီ ပြန်လည် သုံးသပ် ပြင်ဆင်ဖို့လိုပါတယ်” ဟု WLB မှ သဘာပတိအဖွဲ့ဝင် စောစံငြိမ်းသူက ထိုဖိုရမ် တွင် ပြောခဲ့သည်။
ဆက်လက်၍၎င်းင်းက လက်ရှိမြန်မာနိုင်ငံတွင် အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကား မှုများ၊ အကြမ်းဖက်မှုများကို မိသားစုအတွင်း၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် နိုင်ငံတော်အဆင့်တွင် ပါကြုံတွေ့နေရသည် ဟု ဆိုသည်။
မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်းအား လုံးပပျောက်ရေး သဘောတူ စာချူပ်( စီဒေါ) ကို လတ်မှတ်ရေးထိုးထားသော အဖွဲ့ဝင် နိုင်ငံများတွင် အပါအဝင်ဖြစ်သော်လည်း စာချုပ်နှင့် ကိုက်ညီအောင် အမျိုးသမီးများပေါ် လုပ်ဆောင်ပေးနိုင်ခြင်း နည်းပါးကြောင်း အမျိုးသမီးအဖွဲ့များက ဝေဖန်ကြသည်။
ထိုဖိုရမ်အပြီးတွင် မြန်မာနိုင်ငံတွင် အမျိုးသမီးများ ကြုံတွေ့နေရသော အခက်ခဲများနှင့် ပတ်သတ်၍ အမျိုးသမီးများ အဖွဲ့ချူပ် (မြန်မာနိုင်ငံ) WLB နှင့် အမျိုးသမီးအဖွဲ့များကွန်ရက် (WON)တို့က ပူးပေါင်းက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကြေညာချက်တွင် မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် အချို့သော လူမူရေးနှင့် ယဉ်ကျေးမှု ထုံတမ်းစဉ်လာ များသည် အမျိုးသမီးများအပေါ် တစ်ဖက်စောင်းနင်း ဖြစ်စေပြီး အမျိုးသားများကို အခွင့်ရေးပေးထားကြောင်း၊ ထိုသို့ဖြစ်ခြင်းကြောင့် အမျိုးသမီးများ၏ ဉာဏ်ပညာ၊ အတွေ့အကြုံနှင့် စွမ်းဆောင်နိုင်စွမ်းများကို သေးသိမ်စေပြီး အမျိုးသားများ လွမ်းမိုးသော ပတ်ဝန်းကျင်ကို ဖန်းတီးပေးထား သကဲ့သို့ ဖြစ်နေကြောင်း၊ ခေတ် အဆက်ဆက်က ပြဋ္ဌာန်းခဲ့သော ဥပဒေများသည် ခေတ်နှင့် မလျော်ညီဘဲ အမျိုးသမီးများအား ခွဲခြားဖိနှိပ်မှုများ ဖြစ်နေသည့်အပြင် ဘဝလုံခြုံရေးအတွက် ခိုင်မာသော ကာကွယ် စောင့်ရှောက်မှု ပေးနိုင်သောဥပဒေ၊ ယန္တရားများ မရှိကြောင်းနှင့် လက်ရှိ အသွင်ကူပြောင်း ရေးကာလတွင် ပြဋ္ဌာန်းလိုက်သော ဥပဒေအသစ်များ၊ ဥပဒေမူကြမ်းများအပြင် အမျိုးသမီးများ၏ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေမူကြမ်း အသစ် ဖြစ်ပေါ်ရေးလှံု့ဆော်မှုများသည် ဘဝမြင့်မားမှုကိုအဟန့် အတားဖြစ်စေရုံမက အမျိုးသမီးများ အခွင့်ရေးကို ခြိမ်းခြောက်သကဲ့သို့ ဖြစ်နေသည် ဆိုသော အချက်များကို အဓိက ထောက်ပြထားသည်။