အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်သူများကို အရေးယူရန်နှင့် နိုင်/ကျဉ်းများလွှတ်ရန် ဂျင်မီကာတာနှင့်အဖွဲ့ တိုက်တွန်း

အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်သူများကို အရေးယူရန်နှင့် နိုင်/ကျဉ်းများလွှတ်ရန် ဂျင်မီကာတာနှင့်အဖွဲ့ တိုက်တွန်း
by -
မဇ္စျိမ

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာပါ၀င်သော ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့(The Elders) က အစ္စလာမ် ဘာသာဝင် များအား အကြမ်းဖက်သူများကို အရေးယူရန်နှင့် နိုင်ငံရေးအကျဉ်းသားများ အကုန်အစင် လွှတ်ပေးရန် မြန်မာနိုင်ငံ အစိုးရကို တိုက်တွန်းလိုက်သည်။

ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့သည် မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ် စဉ်များနှင့် ပတ်သက်သော တွေ့ရှိချက်များကို စက်တင်ဘာ ၂၆ ရက်က ရန်ကုန်မြို့ကမ်းနား လမ်းရှိှ Strand ဟိုတယ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအပြီး သတင်းထုတ်ပြန်လိုက် ခြင်းဖြစ်သည်။

နော်ဝေနိုင်ငံ ၀န်ကြီးချုပ်ဟောင်းဖြစ်သူ ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ (The Elders) ဒုတိယဥက္ကဌ ဂရိုဟာလမ် ဘရန့်တ်လန်းက “သေသေချာချာချိန်ရွယ်ပြီးလုပ်တဲ့ ရခိုင်ဒေသက မွတ်ဆလင်အနည်းစုအပေါ် အကြမ်းဖက် မှု ရပ်တန့်ရေးကို ဦးစားပေးပါ။ ရခိုင်ဒေသမှာရှိတဲ့သူတွေအားလုံး မည်သည့်ဘာသာဝင်ဖြစ်စေသူတို့အား လုံးရဲ့ အခြေခံ အခွင့်အရေးဖြစ်တဲ့ စားနပ်ရိက္ခာ၊ ပညာရေး၊ လုံခြံုရေးတွေ ဖြည့်ဆည်း ပေးဖို့လိုပါတယ်” ဟုပြောကြားခဲ့သည်။

“ဒီလိုအဓိပ္ပာယ်မဲ့ ဖျက်လို ဖျက်ဆီးထပ်တလဲလဲအကြမ်းဖက်မှုမျိုးကို လျစ်လျူရှုမနေသင့်ပါဘူး” ဟု ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခဖြစ်ပွားပြီးနောက်ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားစဉ် ဖမ်းဆီးထားခံရသူ စုစုပေါင်း ၈၇၂ ဦးရှိသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဥပဒေချုပ် ဦးလှသိန်းက မဇ္ဈိမကိုပြောကြား ထားသည်။ ထိုသူများမှာ စစ်တွေမှ ၁၃၆ ဦး၊ ရသေ့တောင်မှ ၁၈၁ ဦး၊ ကျောက်တော်မှ၁၈ ဦး၊ မင်းပြားမှ လေးဦး၊ မောင်တောမှ ၄၉၃ ဦး၊ ဘူးသီးတောင်မှ ၃၅ ဦး၊ သံတွဲမှ လေးဦး၊ ကျောက်ဖြူမှတစ်ဦးဖြစ်သည် ဟုဦးလှသိန်းက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သောမောင်တောမြို့မှ ပဋိပက္ခများတွင် ပါ၀င်ပတ်သက် ခဲ့သည့် ဘင်္ဂါလီ ၂၉ ဦးကို မောင်တောခရိုင်တရားရုံးက ၂၀၁၃ခုနှစ် စက်တင်ဘာလထဲတွင် ထောင်ဒဏ်ခုနစ်နှစ်စီ အသီးသီး ချမှတ်ခဲ့သေးသည်။

ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့က သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးနေ ခြင်းသည် အားတက်စရာကောင်းကြောင်းနှင့် ကျန်ရှိနေသည့် အကျဉ်းသားအားလုံးကိုလည်း ယခုနှစ်ကုန်ပိုင်းတွင် မခြွင်းမချန် လွှတ်ပေးမည်ဟု ယုံကြည်ကြောင်း ပြောကြားထုတ်ပြန်ခဲ့သေးသည်။

“သမ္မတကြီး ကတိပေးခဲ့သလို ဒီနှစ်ကုန်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသား လုံးဝမရှိ လောက်တော့ ဘူးလို့ ယုံကြည်ပါတယ်” ဟု The Elders အဖွဲ့ဝင် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက ဆိုသည်။

ထို့အပြင် အမျိုးသမီးကဏ္ဍနှင့် ပတ်သက်၍လည်း အရပ်ဘက်လူမှုအဖွဲ့အစည်းများတွင် အမျိုးသမီးများ၏ ဦးဆောင်မှုရှိ လာခဲ့သော်လည်း နိုင်ငံရေးဖြစ်စဉ်များတွင်မူ အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ၊ အမျိုးသမီးများပါ၀င်မှုမှာ နည်းပါးနေသေးသည်ဟု သမ္မတဟောင်း ဂျင်မီကာတာကဆိုသည်။

သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေါင်း ဆယ်ကြိမ်ပေးခဲ့ပြီးသော်လည်းလက် ရှိတွင်နိုင်ငံရေး အကျဉ်းသား ၁၂၂ဦးကျန်ရှိနေသေးသည်ဟု လက်ကျန်နိုင်/ကျဉ်းစိစစ်ရေး ကော်မတီ၏ စာရင်းများအရ သိရသည်။ ထို့အပြင် စက်တင်ဘာလ ထဲတွင်လည်း လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းနှင့်ဆက်သွယ်သည့် ပုဒ်မ (၁၇/၁)နှင့် ဖမ်းဆီးထားသူ အယောက် ၅၀ကို ထပ်မံစာရင်းသွင်းခဲ့သေး သည်။

ထိုအဖွဲ့သည် မြန်မာနိုင်ငံသို့ သုံးရက်တာ လာရောက်စဉ်အတွင်း ပြည်သူများ၏ အသံကို နားထောင်ရန် အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် စက်တင်ဘာလ ၂၆ ရက်တွင်ပင် တွေ့ဆုံခဲ့သည်။ စက်တင် ဘာလ ၂၅ ရက်တွင်လည်း သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်မှ အကြီးအကဲများ၊ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် တို့နှင့်လည်း နေပြည်တော်၌တွေ့ဆုံ ခဲ့သေးသည်။

ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ကို ၂၀၀၇ ခုနှစ်တွင် လွတ်လပ်သော ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကမ္ဘာ တစ်ဝှမ်းတွင် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးအတွက် ဆောက်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။

Most read this week