ဆီးဂိမ်းအမီ မန္တလေးရှိ လမ်းတံတားများအား ပြုပြင်နေ

ဆီးဂိမ်းအမီ မန္တလေးရှိ လမ်းတံတားများအား ပြုပြင်နေ
by -
မဇ္စျိမ

ဆီးဂိမ်းအမီ မန္တလေးမြို့အတွင်းရှိ အဓိကလမ်းများနှင့် တံတားများကို မြို့ပြအင်္ဂါရပ်နှင့် လျော်ညီစေရန် ပြုပြင်လျက် ရှိကြောင်း မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“လမ်းတွေအကုန်လုံး တံတားတွေ အကုန်လုံးကို လုပ်နေတာ မဟုတ်ပါဘူး။ တကယ်လိုအပ်တဲ့ နေရာတွေကို လုပ်တာပါ။ မြို့ပြအင်္ဂါရပ်နဲ့ညီအောင် လုပ်ပေးနေတာပါ”ဟု မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ လမ်းတံတားများအား ပြုပြင်နေမှုအား ယာဉ်ကြောပိတ်ဆို့မှုဖြစ်သည်ဟုဆိုကာ မန္တလေးမြို့ခံ တချို့က ဝေဖန်မှု များလည်း ရှိနေသည်။

““အခုလို လုပ်နေတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ လမ်းတွေအားလုံးနီးပါး ပိတ်ပြီး လုပ်နေတာကိုတော့ သဘောမကျ ဘူး။ စဉ်းစားသင့်တယ်။ မနက်နဲ့ညနေဆို လမ်းတွေအကုန် ယာဉ်ကြောပိတ်တော့တာပဲ။ လမ်းကမရှိ တော့ဘူးလေ။ ပြီးတော့ ဟိုနားနည်းနည်း ဒီနားနည်းနည်းပြီးတယ်။ တချို့နေရာတွေဆို လနဲ့ချီပြီး လုပ်နေတယ်။ အခုတမြို့လုံး လုပ်နေပြီ ယာဉ်ကြောတွေပိတ်ဖြစ််နေတော့ သွားလာနေတဲ့
 ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်ရတယ်””ဟု မန္တလေးမြို့ခံ ဦးမင်းမင်း (ကြယ်စင်)ကပြောသည်။

အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဦးဝင်းကျော်ကလည်း “တချို့လမ်းတွေက သွားလာလို့ ကောင်းမွန်နေဆဲ ဖြစ်ပေမယ့် ပြန်လည် ပြုပြင်နေတာကိုနားမလည်ဘူး”ဟု ဆိုသည်။

မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီကမူ ကောင်းမွန်နေသော လမ်းများကို ပြန်ခင်းနေခြင်းမလုပ်ဘဲ လမ်းချဲ့ခြင်းသာ ပြုလုပ်ကြောင်း ရှင်းပြသည်။

တံတားများအား အသစ်လုပ်ရာတွင် တစ်ခြမ်းချင်းသာ လုပ်ဆောင်နေကြောင်း ရှင်းပြသည်။ ထိုသို့ လမ်းတံတားများ ပြုပြင်ပြီးပါက ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ်ကင်းရှင်းနိုင်သည်ဟုလည်း ဆိုသည်။

၂၇ကြိမ်မြောက် အရှေ့တောင်အရှ ဆီးဂိမ်းပြိုင်ပွဲကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် ၂၀၁၃ခုနှစ် ဒီဇင်ဘာလ တွင် သုံးမြို့လုံး၌ တစ်ပြိုင်တည်း ကျင်းပမည်ဖြစ်သည်။

Most read this week