အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာနှင့် ကချင်ငြိမ်းချမ်းရေးအဖွဲ့ တွေ့မည်

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာနှင့် ကချင်ငြိမ်းချမ်းရေးအဖွဲ့ တွေ့မည်
by -
မဇ္စျိမ

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ (Jimmy Carter)ဦးဆောင်သော သက်ကြီး နိုဘယ်လ်ဆုရှင်များ ဖွဲ့စည်းထားသည့် The Elders အဖွဲ့နှင့် ကချင်ငြိမ်းချမ်းရေးကွန်ယက်တို့ စက်တင်ဘာလ ၂၆ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ Strand ဟိုတယ်၌ တွေ့ဆုံပါသည်။

“အခုအချိန်အထိပေါ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးရယ် အဲဒီ့ကနေ တကယ်တမ်း စစ်မှန်တဲ့ ငြိမ်းချမ်း ရေးရဖို့ Political Dialogue ပေါ့။ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ ဘယ်နေရာတွေက အဟန့်အတားဖြစ်နေ လဲ။“ပြီးလို့ရှိရင် ဘာတွေဆက်လုပ်ရင် ကောင်း မလဲ။ သူတို့တွေ ဘယ်လို ပါ၀င်ကြမလဲဆိုတဲ့ အကြောင်းကိုဆွေးနွေးဖို့ပါရှင့်”ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာက မဇ္ဈိမ ကို ပြောသည်။

၎င်းကဆက်လက်၍ “နံပါတ်တစ်ကတော့ သူတို့လာတဲ့ ရည်ရွယ်ချက်နှစ်ခုက အစ်မတို့နဲ့ ကိုက်နေတယ် ပေါ့နော်။ တစ်ခုက ဒီမိုကရေစီစနစ်ကို စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖြစ်အောင်ပံ့ပိုးသွားမယ်ပေါ့။
နောက်တစ်ခုက တိုင်းရင်းသားဒေသတွေနဲ့ ပတ်သက်ပြီး ဒီလို ဒေသတွေမှာ ဒီလိုဒေသတွေမှာစစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ဖော်ဆောင်သွားမယ်လို့ပြောထားတယ်။ အဲဒါကြောင့် အစ်မတို့လည်း လက်ခံတွေ့ဆုံတာပေါ့” ဟု ပြောသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ် ရပ်ဆဲရေးကိစ္စ၊ အပစ်အခတ် ရပ်စဲရေး လုပ်ပြီးပါက ဆက်လက်လုပ်ဆောင်ရမည့် နိုင်ငံရေး ဆွေးနွေးပွဲကိစ္စများ၊
 နိုင်ငံရေးဆွေးနွေးရာတွင် ပြည်သူ လူထုအပါအဝင် တိုင်းရင်းသားအားလုံး သဘောတူညီသည့် မူဘောင် ချမှတ်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။

ထို့အပြင် နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍများအား ထည့်သွင်းစဉ်းစားရန် အဓိကဆွေးနွေးသွားမည်ဟု ဒေါ်ခွန်ဂျာက ပြောသည်။

Elders အဖွဲ့ကို ကြည့်မယ်ဆိုရင် များသောအားဖြင့် Advocacy ရယ် Lobby လုပ်တာရယ်ပဲများတယ်ပေါ့။ အစိုးရတွေ ကို ပြောပေးတယ်။ ဖိအားပေးတယ်ဆိုတာတောင် မပါနိုင်တော့ဘူး။ တွန်းအားပေးတယ် ဆိုတာလောက်ပဲရှိတယ်။ သို့သော်လည်း တခြား တစ်ဖက်ကကြည့်ရင် ဒီနိုင်ဘယ်လ်ဆုရှင်အဖွဲ့တွေက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် သူတို့တွေရဲ့ စကားကို ကမ္ဘာကနားထောင်လိမ့်မယ်လို့ ယူဆတယ်။ အနည်းနဲ့အများတော့ သက်ရောက်မှုရှိမယ်လို့ ယူဆပါတယ်”ဟု ဒေါ်ခွန်ဂျာက ဆွေ းနွေးပွဲနှင့်ပတ်သက်၍ သူ့အမြင်ကို ပြောကြားသည်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်များ ဖြစ်သည့်အမေရိကန်သမ်္မတဟောင်း ဂျင်မီကာတာအပါအဝင် ဖင်လန်နိုင်ငံ သမ္မတဟောင်း Martti Ahtisaari နှင့် နော်ဝေနိုင်ငံ ၀န်ကြီးချုပ်ဟောင်းလည်းဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်ညွှန်ကြားရေးမှူးဟောင်းလည်း ဖြစ်သူ Gro Harlem Brundtland သုံးဦးသည် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၂၄ ရက်က ရောက်ရှိခဲ့ပြီး နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် သုံးရက်ကြာ နေထိုင်မည် ဖြစ်သော်လည်း လူမှု အဖွဲ့အစည်းများအပြင် အခြား မည်သည့်အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ကိုမူ မသိရှိရသေးပေ။

ရန်ကုန်မြို့တွင် စက်တင်ဘာ ၂၆ရက် မွန်းလွဲ၁နာရီတွင် ကမ်းနားလမ်းရှိ Strand Hotel တွင်သတင်းစာရှင်း လင်းပွဲ လုပ်မည်ဖြစ်သည်။ ထို့နောက် မွန်းလွဲ ၃နာရီတွင် ယင်းဟိုတယ်၌ပင် ကချင်ငြိမ်းချမ်းရေးအဖွဲ့အပါ အဝင် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တစ်ဖွဲ့လျှင် ၄၅မိနစ်ခန့် တွေ့ဆုံမည်ဖြစ်သည်။

သမ္မတဟောင်း ဂျင်မီကာတာသည် မြန်မာနိုင်ငံသို့ ယခုနှစ် ဧပြီလထဲတွင် ကာတာဖောင်ဒေးရှင်းအနေဖြင့် လာခဲ့ဖူးပြီး သမ္မတဦးသိန်းစိန်၊  The Elders အဖွဲ့ဝင် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် ဥက္ကဌများအပြင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့သည်။ ယခုအကြိမ် သည် ကာတာ၏ မြန်မာနိုင်ငံ သို့ ဒုတိယမြောက်ခရီးစဉ် ဖြစ်သည်။