ကော့သောင်းအကျဉ်းထောင်ဖြစ်ရပ် အမှန်တရားပေါ်အောင် ဆောင်ရွက်ရန်လိုဟု နိုင်ငံရေး အကျဉ်းသားဟောင်း ကိုညိုထွန်းပြော

ကော့သောင်းအကျဉ်းထောင်ဖြစ်ရပ် အမှန်တရားပေါ်အောင် ဆောင်ရွက်ရန်လိုဟု နိုင်ငံရေး အကျဉ်းသားဟောင်း ကိုညိုထွန်းပြော
by -
မဇ္စျိမ

အချုပ်သားတစ်ဦးသေဆုံးကာ လူငါးဦး ထိခိုက်ဒဏ်ရာရခဲ့သည့် ကော့သောင်း အကျဉ်းထောင် ပစ်ခတ်မှုနှင့် ပတ်သက်၍ အမှန်တရားပေါ်အောင် ဆောင်ရွက်ပေးရန်လိုသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သည့် ကိုညိုထွန်းက စက်တင်ဘာ ၂၅ ရက်တွင် ပြောကြား လိုက်သည်။

 ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ရွှေတောင်ကျောင်းတိုက်တွင် ပြုလုပ်သော ၁၉၉၀ စက်တင်ဘာ ၂၅ အင်းစိန် အကျဉ်းထောင် နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း သပိတ်တိုက်ပွဲ (၂၃)နှစ်ပြည့် အမှတ်တရ အခမ်းအနားတွင် ထိုသို့ပြောလိုက်ခြင်း ဖြစ်သည်။

၎င်းက   “ ၁၉၉၀ ခုနှစ်က အင်းစိန်အကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့သည့် သပိတ်တိုက်ပွဲကို အကြမ်းဖက်နှိမ် နင်း ခဲ့သည့် ဖြစ်စဉ်မျိုး” ထပ်မံမဖြစ်လိုဟုလည်း ဆိုသည်။

ကိုညိုထွန်းက “ကော့သောင်းမှာ ဖြစ်တဲ့ ကိစ္စဆိုရင် ပွင့်လင်းတဲ့ အစိုးရ  သန့်ရှင်းတဲ့ အစိုးရအနေနဲ့ အထူးစုံစမ်း စစ်ဆေးမှုကြီး လုပ်သင့်ပါတယ်။ အင်းစိန်ထောင်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ သပိတ်တိုက်ပွဲလို ညှင်းပန်း နှိပ်စက်ခံရ သလိုမျိုးနောက်ပိုင်းမဖြစ်ပေါ်ဖို့ လိုအပ်ပါတယ်”ဟုပြောသည်။

 အချုပ်သားတစ်ဦးသေဆုံးကာ လူငါးဦး ထိခိုက်ဒဏ်ရာရခဲ့သည့် ကော့သောင်း အကျဉ်းထောင် ပစ်ခတ်မှုနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းဌာနများက မှားယွင်းထုတ်လွှင့်သည်ဟုဆိုကာ အကျဉ်းသား များကမကျေနပ် သော ကြောင့် စက်တင်ဘာ ၁၅ ရက်က ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး အကျဉ်းသားအချို့ကို စက်တင်ဘာ ၁၈ တွင် ထောင်ပြောင်းခဲ့သည်။

စက်တင်ဘာ ၂၅ ရက်တွင် အင်းစိန် အကျဉ်းထောင် နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း သပိတ်တိုက်ပွဲ (၂၃) နှစ်ပြည့် အမှတ်တရအခမ်းအနားကို ယင်းသို့ ကျင်းပခြင်းမှာ အာဃာတဖြင့် ကျင်းပခြင်း မဟုတ်ဘဲ အမှတ်တရအဖြစ် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းသားများကို ညှင်းပန်း နှိပ်စက်ခြင်းများ၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများ ထပ်မံဖြစ်ပွားခြင်း မရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်ဟုလည်း ပွဲကျင်းပသူ များက ဆိုသည်။

အဆိုပါပွဲသို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာ) က သဝဏ်လွှာပေးပို့ပြီး ယင်းသဝဏ်လွှာတွင် “၁၉၈၈ခုနှစ်မှ ယနေ့ကာလအထိ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များ တွင်သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ရှိခဲ့ပြီး၊ အကျဉ်းထောင်များမှ ရရှိလာသည့် ဒက်ရာဒဏ်ချက်များဖြင့် လွတ်မြောက် လာပြီးမှသေဆုံးခဲ့သည့် နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာဖြစ် သည်”ဟု ပါ၀င်သည်။

ယင်းအပြင် “ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည်ဟု အစိုးရဘက်မှ ပြောဆိုမှုများ ကြားနေရသည်။ အတိတ်ကဖြစ်ရပ်ဆိုးများကို သင်ခန်းစာယူပြီး အကျဉ်းထောင်များအတွင်း အကျဉ်းသားများ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း မရှိအောင် အစိုးရမှ ဆောင်ရွက်စေလိုသည်”ဟုလည်း ပါ၀င်သည်။

အခမ်းအနားသို့ တက်ရောက်လာသည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ မနှင်းနှင်းဖွေးက “၁၉၉၀ ခုနှစ်တုန်းက တရား ဥပဒေစိုးမိုးမှု အားနည်းလို့ အကျဉ်းထောင်ထဲမှာ ညှင်းပန်းနှိပ်စက်ခြင်းတွေ ဖြစ်ခဲ့တယ်။ အခုဒီမိုကရေစီ ကူးပြောင်းနေတဲ့ အစိုးရလက်ထက်မှာ လူ့အသက်သေဆုံးတဲ့အထိ ထောင်အတွင်းမှာ  ပစ်ခတ်ပြီး လုပ်တာ မေးခွန်း ထုတ်စရာဖြစ်လာပါတယ်” ဟု ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသူ ၈၈ကျောင်းသား လူငယ်ခေါင်းဆောင် တစ်ဦးဖြစ်သော ကိုမိုးသီးဇွန် ကလည်း အကျဉ်းသားတစ်ယောက်၏ ရပိုင်ခွင့်များ ဆုံးရှုံးခဲ့သည့်  ဖြစ်ရပ်မှန်များ ကို ကမ္ဘာက သိအောင် ဖြန့်ဝေရန်လိုအပ်သည် ဟုလည်း ပြောသည်။

၎င်းက “ထောင်တွင်းမှာ ပြင်းထန်တဲ့ ညှင်းပန်း နှိပ်စက်ခံနေရတယ်။ ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာ သိရတယ်၊ ဒီဇာတ်လမ်းတွေကို ကမ္ဘာက သိသင့် သလောက် မသိသေးဘူး” ဟု ပြောသည်။

၁၉၉၀ခုနှစ်တွင် အင်းစိန် အကျဉ်း ထောင်အတွင်း သောက်သုံးရေ မလုံလောက်ခြင်း၊ ထမင်းများထဲတွင် ခဲ၊ သဲများ ပါ၀င်နေခြင်း၊ အင်းစိန် အကျဉ်းထောင်အတွင်း အနေအစား ဆင်းရဲခြင်းနှင့် နိုင်ငံရေး အကျဉ်းသား များ လွတ်ငြိမ်း ချမ်းသာခွင့်ပေးရေး၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရပါတီကို အာဏာ အပ်နှင်းပေးရန် အစရှိသည့် အချက်များ ကြောင့် နိုင်ငံရေးအကျဉ်းသားများက ဆန်္ဒဖော်ထုတ်ခဲ့ခြင်းကို ထောင်အာဏာပိုင် များက အကြမ်းဖက်နှိမ်နင်းခဲ့ခြင်းဖြစ်သည်။

၁၉၉၀ ခုနှစ် အင်းစိန်ထောင်တွင်း နိုင်ငံရေး အကျဉ်းသားများထောင်တွင်း သပိတ်တိုက်ပွဲ ပါ၀င်ခဲ့သူများကို တိုက်ပိတ်ခြင်း၊ ထောင်အာဏာပိုင်များနှင့် လုံထိန်းများက အကြမ်းဖက်ရိိုက်နှက်ခြင်း၊ ထောင်ပြောင်းခြင်းများ ရှိခဲ့သည်။