ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာတွင် အစိုးရတပ်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော် (SSPA/SSA) တပ်မဟာ (၁) တို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၃ ရက်အထိ တိုက်ခိုက်မှုများဖြစ်ပွားနေကြောင်း SSPA/SSA မှ ပြန်ကြားရေး တာဝန်ခံ စိုင်းဘုန်းဟန်က စက်တင်ဘာ ၂၄ ရက်တွင် မဇ္ဈိမကိုပြောသည်။
ယင်းသို့ဖြစ်ပွားနေခြင်းကို စက်တင်ဘာ ၂၃ ရက်က SSPA/SSA မှ ဆက်ဆံရေးရုံး ဗဟိုကော်မတီဝင် အနေ ဖြင့်ရှမ်းပြည်နယ် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူသို့ အကြောင်းကြားထားရာ ယင်းသို့မဖြစ် စေရန် တင်ပြပေးမည်ဟုဆိုသော်လည်း စက်တင်ဘာ ၂၄ ရက် (ညနေ သုံးနာရီခန့် ) အထိ ထူးခြားခြင်း မရှိသေး ဟုလည်း ၎င်းကဆိုသည်။
တာဝန်ခံ စိုင်းဘုန်းဟန်က “၂၃ ရက် နံနက် ၄ နာရီခွဲကနေ ကျွန်တော်တို့ နောက်ဆုံး ဆက်သွယ်လို့ရတဲ့ နံနက် ရှစ်နာရီအထိ မိုင်းရင်မှာ တိုက်ပွဲတွေဖြစ်နေတယ်၊ သူတို့ ဘက်က လက်နက်ကြီးတွေနဲ့ ထုတဲ့အသံတွေ
ကြားနေရတယ်” ဟု မဇ္ဈိမကိုပြောသည်။
တိုက်ပွဲများ ဖြစ်ပွားခြင်းမှာ စက်တင်ဘာ ၁၇ ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ဝမ်ဟိုင်း ဌာနချုပ်မှ မူဆယ် - မန္တလေး ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းလာသည့် SSPA/SSA တပ်မဟာ (၁) တပ်ဖွဲ့ကို အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်များက လားရှိုး၊ နားဆိုင်၊ မိုင်းရင် ဘက်အထိ လိုက်လံပစ်ခတ်ခဲ့ခြင်း ဖြစ်သည် ဟု SSPA/SSA မှ ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ ဖြတ်သန်းသွားလာမည်ကို ှဏဗ။ှဗ ဘက်မှ ကြိုတင်အကြောင်းကြားထားပြီး ဖြစ်ကာ စက်တင်ဘာ ၁၇ ရက် ဖြစ်ပွားသည့်အချိန်တွင် ရှမ်းတပ်သားတစ်ဦး ကျဆုံးပြီး၊ နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု SSPA/SSA မှ သိရသည်။
တိုက်ပွဲများဖြစ်ပေါ်နေမှုနှင့် ပတ်သတ်ပြီး SSPA/SSA နာယက ဒု-ဗိုလ်ချုပ်ကြီးဆေထင်က “နိုင်ငံရေးအရ ချော့မြှူပြီး စစ်ရေးအရ ပစ်ခတ်နေတာဟာ မရိုးသားပါဘူး၊ ငြိမ်းချမ်းရေးကိုလိုလားတယ်ဆိုရင် ပူးပေါင်း အဖြေရှာဖို့လိုတယ်၊ ဆက်ဆံရေးရုံးတွေရှိ နေတယ်၊ တိုက်ပွဲတွေဖြစ်တိုင်းပြောနေတယ် ထူးမလာပါဘူး။ ငြိမ်းချမ်းရေးကို လိုလားရင် အပစ်ခတ်ရပ်ရေးအတွက် ခက်ခဲတာမဟုတ်ပါဘူး” ဟု ပြောသည်။
ပြန်ကြားရေး တာဝန်ခံ စိုင်းဘုန်းဟန်ကလည်း “စစ်ရေးနဲ့ဖြေရှင်းခြင်းထက် စားပွဲဝိုင်းမှာ အဖြေရှာကြဖို့ ကျွန်တော်တို့ကိုတော့ အစဉ်တစိုက် အမြဲပြောပါတယ်။ အခု အခြေနေတွေက အောက်ခြေမှာပြောသလို မဟုတ်ဘဲ အင်အားသုံးပြီး စစ်ရေးနဲ့ခြိမ်းခြောက် နေတဲ့သဘောတွေကို ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် စိုးရိမ်နေမိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
တိုက်ပွဲများဖြစ်ပွားနေသည့် တပ်မတော် စစ်ကြောင်းသည် ခမရ ၅၀၄ နှင့် ရှမ်းပြည်တပ်မတော် တပ်မဟာ (၁) တို့ဖြစ်ပြီး ခမရ ၅၀၄ သည် မိုင်းရင်ကျေးရွာတွင် တပ်စွဲထားရာမှ နမ္မတူမြစ်သို့ကူး၍ ရှမ်းပြည် တပ်မတော်နောက် ထပ်ကြပ်မကွာ လိုက်လံရင်းမှ တိုက်ပွဲများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း SSPA/SSAမှ ထုတ်ပြန်သည်။