တီးတိန်မြို့နယ် ဘုတ်ဖိရ်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ရွေးချယ် အတည်ပြုခြင်းအပေါ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြဌာန်းထားသော ရပ်ကွက်(သို့)ကျေးရွာအုပ်စု ရွေးချယ်မှုဆိုင်ရာ ဥပဒေ နှင့် ဆန့်ကျင်သည်ဟု ဆိုပြီး ဒေသခံတွေက စီတန်းလှည့်လည် ဆန္ဒပြရန် စီစဉ်နေကြသည် ဟု သိရသည်။
အုပ်ချုပ်ရေးမှူးရွေးချယ်မှုနဲ့ပါတ်သက်ပြီး မလိုလားအပ်သော သွေးထွက်သံယိုမှုများမဖြစ်ရေး၊ နိုင်ငံတော် အစိုးရမှ ပြဌာန်းထားသော ဥပဒေအား သက်ဆိုင်သူများ မှ လိုက်နာနိုင်ရေး အတွက် ဘုတ်ဖိရ်ကျေးရွာ အုပ်စုပြည်သူလူထုမှ ယခုလို စီတန်းလှည့်လည်ဆန္ဒပြရန် စီစဉ်ရခြင်းဖြစ်သည်။
ဆန္ဒပြပွဲကို ယခုလ ၂၀ ရက်နေ့ ပြုလုပ်ရန် ယခုလ ၉ ရက်နေ့ကတည်းက တီးတိန်မြို့နယ် ရဲတပ်ဖွဲ့မှူးထံ လျှောက်ထားသော်လည်း ခွင့်ပြုချက်မရ သေးကြောင်း ဆိုသည်။
ဆန္ဒပြမည့်အစီစဉ်ကြောင့် ယခုလ ၁၀ ရက် နှင့် ၁၁ ရက်နေ့က ခရိုင်မဲမှူးနှင့်အဖွဲ့များ ဘုတ်ဖိရ်ကျေးရွာ သို့ ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်း မပြေမလည်ဖြစ်သည့်ကိစ္စကို စုံစမ်းစစ်ဆေးခဲ့သည်ဟု သိရ သည်။
“ တိုင်ကြားစာအရ ခရိုင်ရဲမှူးတွေ ဘုတ်ဖိရ်ကျေးရွာကို ရောက်လာပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်၊ သူတို့ စစ်ဆေးတွေ့ရှိချက်တွေကို စာပြန်မယ် လို့ပြောတယ်၊ အဲဒါကို စောင့်နေကြတယ်’’ ဟု တီးတိန် ဒေသခံ တဦး ကပြောသည်။
ဘုတ်ဖိရ်ကျေးရွာလူထုသည် ခရိုင်အာဏာပိုင်များ၏ စစ်ဆေးချက်ကို စောင့်ဆိုင်းနေကြပြီး ဘုတ်ဖိရ်ကျေးရွာ တွင် ကျေးရွာအုပ်ချုပ်ရေး မှူးအတွက် ရွေးကောက်ပွဲအသစ်ပြန်လည် ကျင်းပပေးခြင်းမရှိပါက ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြသွားမည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၂ ဒီဇင်ဘာ ၁၂ ရက်နေ့က ဘုတ်ဖိရ်ကျေးရွာအုပ်စုတွင် တီးတိန်မြို့နယ်အထွေထွေ အုပ်ချုပ် ရေးမှူး Pu ZaThi ကိုယ်တိုင်ဦးဆောင်လျက် ဆယ်အိမ်စုများဖွဲ့ကာ ကျေးရွာအုပ်ချုပ်ရေးမှူး အတွက် ရွေးကောက်ပွဲပြု လုပ်ရာမှာ Pu Khaihausuan မှ မဲအများဆုံးရရှိခဲ့ သည်ဟုသိရသည်။
သို့သော် ရွေးကောက်ပွဲတွင် အရေးနိမ့်သော Pu KhuangThuama တို့အဖွဲ့က အဆိုပါရွေးကောက်ပွဲတွင် ဆယ် အိမ်စု ဖွဲ့ရာ၌ ဆယ်အိမ်စု တခု တွင် တစ်ဆယ့်တစ်အိမ်ရှိ၍ မမှန်ကန်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ကန့်ကွက် သောအခါ ဆယ်အိမ်စုပြန်လည်ဖွဲ့စည်းပြီး ရွေးကောက်ပွဲ ပြန်ကျင်းပရန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ဦးမင်းမင်းစိုး၊ လ ၀ က ဦးစီးမှူးတို့အဖွဲ့သည် ဘုတ်ဖိရ်ကျေးရွာသို့ရောက်ရှိလာပြီး
ဆယ်အိမ်စုပြန်လည်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။
ထို့သို့ ဆယ်အိမ်စုများ ပြန်လည်ဖွဲ့စည်းရာတွင် ကွက်ကျော်ပြီး ဖွဲ့စည်းခြင်းဖြစ်သည်ဟု Pu KhaiHausuan တို့ဘက်မှ ပြန် လည်ကန့်ကွက်ကာ ချင်းပြည်နယ်အုပ်ချုပ်ရေးမှူးထံ စာရေးတင်ပြခဲ့ပါသည်။
မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး ဆယ်အိမ်စုကို အမှန်အတိုင်း ပြန်လည်ဖွဲ့စည်း၍ ရွေးကောက်ပွဲပြန်လည်ပြုလုပ်ပေးမည်ဟု ပြောဆိုခဲ့ပါသည်။ သို့သော်ယနေ့ထိတိုင် ကွင်းဆင်းစီစစ်ခြင်းမ ရှိဘဲ ဘုတ်ဖိရ်ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ် မှုကိုတီးတိန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးမှ ၂၀၁၃ သြဂုတ် ၅ ရက်နေ့စွဲဖြင့် အတည်ပြုလိုက်သည်ဟုသိရ သည်။
လက်ရှိ အခြေအနေကြောင့် ဘုတ်ဖိရ်ကျေးရွာအုပ်ချုပ်မှူးတာဝန်ကို အုပ်ချုပ်ရေးမှူးဟောင်း Pu Dohcinkhup ကဆက်လက်တာဝန် ယူထား သည်ဟု သိရသည်။
တီးတိန်မြို့မှ ၃၅ မိုင်ခန့်ရှိသော ဘုတ်ဖိရ်ကျေးရွာတွင် အိမ်ခြေ ၁၄၃ ရှိပြီး လူဦးရေ ၁၀၀၀ ၀န်းကျင်ခန့်ရှိ သည် ဟု သိရသည်။