မိုင်းထိထားသူများ၏ ဖွံ့ ဖြိုးရေးကဏ္ဍအတွက် အစိုးရဘတ်ဂျက်မှ ခွဲဝေပေးရန် တိုက်တွန်းမည်

မိုင်းထိထားသူများ၏ ဖွံ့ ဖြိုးရေးကဏ္ဍအတွက် အစိုးရဘတ်ဂျက်မှ ခွဲဝေပေးရန် တိုက်တွန်းမည်
by -
မဇ္စျိမ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် အတွင်းမိုင်းကြောင့် ထိခိုက်ဒဏ်ရာရှိသူများအား ပြန်လည် ထူထောင်ရေး လုပ်ရန် အတွက် သီးသန့်ရန်ပုံငွေထားရှိကာ ဆောင်ရွက်ပေးရန် ပဲခူးတိုင်းအစိုးရအဖွဲ့သို့ တိုက်တွန်းသွား မည်ဟုကျောက်ကြီးမြို့နယ် ပြည်သူလွှတ်တော်အမတ် ဦးဉာဏ်ဆွေဝင်းက မဇ္ဈိမကို ပြောသည်။

“မိုင်းဟောင်းတွေနင်းမိလို့ ခြေပြတ်လက်ပြတ်ဖြစ်နေသူတွေ ပြန်လည်ထူထောင်ရေးအတွက် ပထမဦးစား ပေးအနေနဲ့ ရန်ပုံငွေတစ်ရပ် ထားပေးဖို့ ရပ်ကျေးအုပ်ချုပ်ရေးကတစ်ဆင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြမှာပါ” ဟု ဦးဉာဏ်ဆွေဝင်းက ပြောသည်။

ကျောက်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေဖြစ်ပြီး ယခင်ကအစိုးရနှင့် KNU တို့ တိုက်ပွဲများ ဖြစ်စဉ်က မြှုပ်နှံခဲ့သည့် မြေမြှုပ်မိုင်းများကြောင့် ယခုနှစ်ထိ မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရနေဆဲ ဖြစ်သည်။

မိုင်းနင်းမိကာ ခြေပြတ်လက်ပြတ် ဖြစ်သူများ၏ စားဝတ်နေရေးနှင့် ၎င်းတို့၏ သားသမီးများအတွက် ကျောင်းစရိတ်အား ထောက်ပံ့ပေးရန်စသော လိုအပ်ချက်များကို ပဲခူးတိုင်းဒေသကြီး အစိုးရ၏ ဘဏ္ဍာငွေထဲမှ ခွဲဝေကာ ရန်ပုံငွေတစ်ရပ် အဖြစ် ထူထောင်ပေးရန် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူး အဖွဲ့မှ တစ်ဆင့် ပဲခူးတိုင်းလူမှုရေး ၀န်ကြီးထံ တင်ပြမည်ဖြစ်သည်ဟု ဦးဉာဏ်ဝင်းဆွေက ပြောသည်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ မြေမြှုပ် မိုင်းနင်းမိသူ အများစုသည် ပဲခူးရိုးမ တောင်ခြေတွင် မျှစ်ခူးခြင်း၊ ၀ါးခုတ်ခြင်း၊ အင်ဖက်ခူးခြင်းများဖြင့် အသက်မွေးသူများဖြစ်ပြီး အသက် ၁၆နှစ်မှ ၆၀အတွင်း ရှိသူများဖြစ်ကြောင်း သိရသည်။

၁၉၈၃ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ ကျောက်ကြီးမြို့နယ်အတွင်း မြောင်းမြကျေးရွာရှိ အိမ်ခြေ၄၀တွင် မိုင်းနင်းမိသူ ပေါင်း အယောက် ၃၀ ရှိနေပြီး ခြေထောက် နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရသူ ၁၃ ဦးရှိ နေသည်။ ကျောက်ကြီး မြို့နယ် တစ်ခုလုံး တွင် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရထားသူ ၃၃၃ ဦးရှိပြီး ၂၀၁၃ ခုနှစ်အတွင်း၌ပင် မိုင်းနင်း မိသူ သုံးဦးရှိနေသည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကမူ ပြည်နယ်နှင့်တိုင်း အသီးသီးတွင် ကျန်ရှိနေသော မြေမြှုပ်မိုင်းများကို ရှာဖွေရှင်းလင်းပေးမည်ဖြစ်ကြောင်း ၂၀၁၂ခုနှစ် ဒီဇင်ဘာလတွင် မော်လမြိုင်မြို၌ ပြောခဲ့ဖူးသည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်း KNU, DKBA တို့ ထိန်းချုပ်နယ်မြေများတွင် ရှိသော မြေမြှုပ်မိုင်းများကို လည်း ယခုနှစ် ကုန်ပိုင်းတွင် အပြီးသတ်ရှင်းလင်းရန် စီစဉ်လျှက်ရှိသည်။

Most read this week