သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ကျင်းပသော သျှမ်း-ကယား-မွန် ညီလာခံတက်ရောက်လာသည့် မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးအောင်မင်းက ယနေ့ နေ့လည်ပိုင်းတွင် သျှမ်းပြည်တပ်မတော် ၂ ခု (RCSS/SSA နှင့် SSPP/SSA )နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့အား တွေ့ဆုံသည်ဟု သတင်း ရရှိပါသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဘက်မှ ဗိုလ်မှူးချုပ် ပေါင်ခေးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ၅ ဦး ဖြစ်သော အတိုင်ပင်ခံပုဂ္ဂိုလ် စဝ်ပင်ခမ်း၊ ဗိုလ်မှူးကြီး စိုင်းလှ၊ ဒု-ဗိုလ်မှူးကြီး ယွက်မိဏ်း၊ ဒု-ဗိုလ်မှူးကြီး စိုင်းမိဏ်း တို့ပါဝင်ကြောင်း သိရပါသည်။
ဦးအောင်မင်းနှင့် ဆွေးနွေးမည့်အကြောင်းအရာကို သျှမ်းပြည်တပ်မတော်ဘက်မှထုတ် ဖော်ပြောကြားခြင်း မရှိသေး ကြောင်း၊ သို့သော် ယခုတပတ်အတွင်းပင် တိုက်ပွဲ ၄ ကြိမ်ထက်မနည်းဖြစ်ပွါးရာ မြန်မာစစ်တပ် ဘက်က ဗိုလ်ကြီးတဦး ကျကြောင်း၊ ယခုတွေ့ဆုံပွဲတွင် အဆိုပါတိုက်ပွဲများနှင့်ပတ်သက်၍ ဆွေးနွေးသွား ဖွယ်ရှိကြောင်း သျှမ်းပြည်တပ်မတော်မှ အရာရှိက ပြောပါသည်။
“ ဒီအပတ်ထဲမှာဘဲ မိုင်းကိုင်မြို့ မိုင်းလန်းဘက်မှာ တကြိမ်၊ နမ့်ဇန်မြို့ မိုင်းစစ်နဲ့လွယ်ယေးဘက်မှာ၊ အရှေ့ပိုင်း မို်င်းပူးအွန် ဘက်မှာတိုက်ပွဲ ၄ ကြိမ်ဖြစ်တယ်။ မိုင်းလန်းတိုက်ပွဲက အပြင်းဆုံးဘဲ” ဟု ဆိုပါသည်။
၎င်းနှင့်ပတ်သက်၍ RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူး စေးဖိုးနှင့်သွားရောက်ဆွေးနွေးခဲ့ကြောင်း သျှမ်းပြည်တပ်မတော်ဘက်ကပြောပါသည်။
“ အခုလ ၁၈ ရက်နေ့က စဝ်ယွက်စစ်က KNU ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုးနဲ့သွားပြီးဆွေးနွေးတယ်။ တပြည်လုံး အပစ် ရပ်လက်မှတ်မထိုး မီမှာ အကြောင်းအမျိုးမျိုးပြပြီး မတိုက်ရန်ဆိုတဲ့အာမခံချက်ရရှိဖို့ပေါ့” ဟု အဆိုပါအရာရှိ ကပြောသည်။
အောက်တိုဘာလတွင် တပြည်လုံးအပစ်ရပ်ရေး ဆွေးနွေးပြီး လက်မှတ်ရေး ထိုးမည်ဟု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု ဥက္ကဌ ၂ ဦးအောင်မင်းက ကြေငြာခဲ့ပြီးဖြစ်ပါသည်။