ကျောက်ဖြူ- တရုတ် ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲ မီးလောင်

ကျောက်ဖြူ- တရုတ် ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲ မီးလောင်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသော ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲမူ ဖြစ်ပြီး မီးလောင်နေကြောင်း သတင်း ရရှိသည်။

ကျောက်ဖြူ မြို့နယ်နှင့် အမ်းမြို့နယ်အစပ် မိုင်တိုင်အမှတ် KP-43နှင့် KP-45 အနီး ကျောက်မြောင်း ကျေးရွာနှင့် သပြုတ်ချိုင် ကျေးရွာအကြားတွင် ယမန်နေ့ညနေ ၆ နာရီခန့်က စတင် ပေါက် ကွဲ ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ပိုက်လိုင်းပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး ကျောက်မြောင်းကျေးရွာသို့ နိရဥ္စရာမှ ဆက်သွယ် မေးမြန်းကြည့်ရာ ဖုန်း ကိုင်သည့် အမျိုးသမီးတစ်ဦးက ပေါက်ကွဲမှု ဖြစ်ပွားခြင်းမှာ ဟုတ်မှန်ကြောင်း ပြောဆိုသည်။

သို့သော်လည်း ပိုက်လိုင်းပေါက်ကွဲမှုဖြစ်သည်ကို သတင်းမပေါက်ကြားအောင် ယမန်နေ့ညနေကတည်းက အာဏာပိုင်များက ကျေးရွာသားများကို ဖိအားပေးထားကြောင်း သူမမှ ပြောဆိုပြီး ချက်ချင်း ဖုံးချသွားခဲ့သည်။

ယခုအခါ ပေါက်ကွဲမှုဖြစ်သည့်နေရာတွင် မီးလောင်နေသည်ဟု သိရသည်။

ပိုက်လိုင်းထဲသို့ မီးဝင်သွားလျှင် အကြီးအကျယ်အန္တရာယ်ရှိနိုင်ကြောင်း Punjlloyd ကုမ္ပဏီနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဂတ်စ်ပိုက်လိုင်းပေါက်ကွဲမှု ဖြစ်ရခြင်းမှာ ဂတ်စ်ပိုက်လိုင်း သွယ်တန်းသည့် အိန္ဒိယကုမ္ပဏီ Punjlloyd မှ ဂဟေဆက်ရာတွင် ခိုင်မာမှုမရှိသည့်အတွက် ပိုက်လိုင်း ဂဟေဆက်သည့်နေရာမှ ပေါက်ကွဲမှုဖြစ်နိုင် ကြောင်း သူက ဆက်လက် ပြောသည်။

ဂတ်စ်ပိုက်လိုင်း ဖိအားမှာ 6MBN ရှိပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ ကျောက်ဖြူမြို့ရှိ Punjlloyd ကုမ္ပဏီမှ ၀န်ထမ်းနှစ်ဦးနှင့် ဆင်ခုံတိုင်ကျေးရွာရှိ ကုမ္ပဏီရုံးမှ ၀န်ထမ်း နှစ်ဦး လိုက်ပါသွားကြောင်း ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။

သို့သော်လည်း ယခု အချိန်ထိ သက်ဆိုင်ရာ အာဏာပိုင်များ၏ အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။

Most read this week