မြဝတီတွင် ဆက်ဆံရေးရုံးဖွင့်လှစ်ရန်အတွက် ABSDF အဖွဲ့ ကရင်ပြည်နယ်အစိုးရနှင့်ဆွေးနွေး

မြဝတီတွင် ဆက်ဆံရေးရုံးဖွင့်လှစ်ရန်အတွက် ABSDF အဖွဲ့ ကရင်ပြည်နယ်အစိုးရနှင့်ဆွေးနွေး
by -
မဇ္စျိမ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အနေဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်နိုင်ရန်အတွက် ကရင်ပြည်နယ်အစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ABSDF  အတွင်းရေးမှူး ကိုဆန်နီက စက်တင်ဘာ ၉ ရက်တွင် မဇ္စျိမကိုပြောသည်။

၎င်းက “ပထမအဆင့်အနေနဲ့ မြဝတီမှာရုံးဖွင့်ဖို့ကိစ္စ ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဖို့လာတာပါ။ ကရင် ပြည်နယ်မှာ ရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေးပါတီ အချို့နဲ့တွေ့ ဆုံခဲ့တယ်။ အဆင်ပြေပါတယ်” ဟုပြောသည်။

မြဝတီတွင် ဆက်ဆံရေးရုံးဖွင့်လှစ်ရေးသည် သြဂုတ်လ ၅ ရက်တွင် အစိုးရနှင့် ABSDF တို့ ငြိမ်းချမ်းရေး ဆွေးနွေးပြီးသည့်နောက် သဘောတူညီချက်များထဲတွင် ပါ၀င်ပြီး အခြားဆက်ဆံရေးရုံးနေရာများ ကိစ္စကို ပြည်ထောင်စုအဆင့်တွင် ဆက်လက်ဆွေးနွေးရန်ဟူသည့် အချက်တစ်ချက်လည်း ပါ၀င်ကြသည်။

ABSDF အနေဖြင့် လုပ်ဆောင်ခဲ့သည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာနိုင်ငံရေး အင်အားစုများသို့ မိတ်ဆက်ရှင်းလင်း တင်ပြခဲ့သကဲ့သို့ ရှေ့လုပ်ငန်းစဉ်များတွင်လည်း လက်တွဲလုပ်ဆောင်မည်ဖြစ်ကြောင်း အတွင်းရေးမှူး ကိုဆန်နီက စက်တင်ဘာ ၉ ရက်နေ့က မဇိ်္စျမကို ပြောသည်။

ယင်းအပြင် အစိုးရတာဝန်ရှိ ပုဂ်္ဂိုလ်များနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများ ညှိနှိုင်းသွားမည်ဖြစ်သည်ဟု လည်း ကိုဆန်နီက ပြောသည်။

လက်ရှိတွင် နိုင်ငံရေးပါတီ၊ ကျောင်းသားအဖွဲ့များ၊ လူငယ်အင်အားစုများကို ၎င်းတို့၏ နိိုင်ငံရေးလုပ်ငန်း စဉ်များ ချပြ ညှိနှိုင်းလျက်ရှိရာ လူမှုအခြေပြုအဖွဲ့များကိုလည်း တင်ပြနိုင်ရေး ကြိုးပမ်းသွား မည်ဖြစ်သည် ဟုလည်း ကိုဆန်နီက ဆိုသည်။

အစိုးရနှင့် ABSDF တို့၏ ငြိမ်းချမ်းရေးဆွေးနွေးသည့် ကိစ္စရပ်များကို သက်ဆိုင်ရာ မဟာမိတ်အဖွဲ့များသို့ ရှင်းလင်း တင်ပြခဲ့သလို ၎င်းတို့၏တပ်ဖွဲ့ဖြစ်သည့် ABSDF မြောက်ပိုင်းသို့လည်း အဖွဲ့ဥက္ကဋ္ဌကိုသံခဲမှ သွားရောက်ရှင်းလင်း တင်ပြနေသည်ဟုလည်း ကိုဆန်နီကဆိုသည်။

၂၀၁၃ ခုနှစ် သြဂုတ်လက ရန်ကုန်မြို့ကမာရွတ်မြို့နယ် မြန်မာငြိမ်းချမ်းရေးစင်တာတွင် ABSDF ဥက္ကဋ္ဌ ကိုသံခဲ၊ ဒု-ဥက္ကဋ္ဌ ကိုမျိုးဝင်းတို့အပြင် ABSDF  မြောက်ပိုင်းမှ ကိုယ်စားလှယ်ငါးဦး၊ အနောက်ဘက် အိန်္ဒိယမှ ကိုယ်စားလှယ် ငါးဦးနှင့် အစိုးရဘက်မှ ၀န်ကြီးဦးအောင်မင်း ဦးဆောင်သည့် စစ်ဗျူဟာမှူးများ၊ ကိုယ် စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

၂၅ နှစ်ကြာ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တို့သည် သြဂုတ်လ ၅ ရက်တွင် အပြီးသတ် ငြိမ်းချမ်းရေး ရရှိရန် ဒုတိယအဆင့်ဖြစ်သော ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြသည်။