ကရင်ပြည်နယ်ရှိ မြို့နယ်(၇)ခု အပါအဝင် မြန်မာနိုင်ငံ မြို့နယ်ပေါင်း ၂၀၄ ခုတို့တွင် ခြင်မှတဆင့် ကူး စက် တတ် သည့် ဆင်ခြေထောက်ရောဂါကင်းဝေးစေရန် မြန်မာအစိုးရက နိုင်ငံတကာ ကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကာကွယ်ဆေးများကို အခမဲ့ဖြင့် အိမ်တိုင်းရောက် လိုက်လံတိုက်ကျွေးလျှက်ရှိသည်ဟု သိရသည်။
စက်တင်ဘာလ ၉ ရက်နေ့မှစ၍ (၂)နှစ်အောက် ကလေးငယ်များ၊ နာတာရှည်ရောဂါသည်များနှင့် ကိုယ်ဝန် ဆောင်မိခင်များမှအပ (၂)နှစ်ကျော်ကလေးများမှ သက်ကြီးရွယ်အိုများအထိ ဆေးစတင်တိုက်ကျွေးနေပြီဖြစ် ကြောင်း ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝင်းနိုင်က ကေအိုင်စီသို့ ပြောသည်။
“မြန်မာနိုင်ငံမှာ လူအယောက် ငါးရာဆိုရင် တစ်ယောက်မှာ ဆင်ခြေထောက်ရောဂါပိုးရှိတာကို လေ့လာတွေ့ ရှိရတယ်။ ဒါကြောင့် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး ရည်ရွယ်ပြီး အခုလို ဆေးတိုက်ကျွေးမှု စီမံချက်တွေ လုပ်တာ ဖြစ်ပါတယ်”ဟု ဒေါက်တာဝင်းနိုင်က ပြောဆိုသည်။
ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို ညနေပိုင်းအချိန်တွင် သောက်ရပြီး တချို့မှာ ဆေးသောက်ပြီး အချိန်အနည်းငယ်မှာပင် ခေါင်းမူး အော့အန်မှုများရှိကြောင်း သို့သော် စိုးရိမ်စရာဟုတ်ကြောင်း ဖားအံမြို့နယ်ရှိ ဆင်ခြေထောက်ရောဂါကာကွယ်ဆေး လိုက်လံတိုက်ကျွေးပေးသည့် ဒေါ်မြအေးကဆိုသည်။
ဆင်ခြေထောက်ရောဂါကာကွယ်ဆေး ကို တစ်နှစ်လျှင် (၁)ကြိမ်ဖြင့် (၅)နှစ်တိုင် အောင် ဆက်လက်တိုက် ကျွေးသွားရမည်ဖြစ်သလို လူတိုင်းသောက်သုံးသင့်သော ဆေးလည်းဖြစ်သည်ဟု ကရင်ပြည်နယ်ကျန်းမာရေး ဦးစီးဌာနက ဆိုသည်။
ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး စီမံကိန်းအတွက် မြန်မာနိုင်ငံအစိုးရသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ကုလသမဂ္ဂဆိုင်ရာ နိုင်ငံတကာ ကလေးသူငယ်များ စောင့်ရှောက်ရေးရံပုံငွေအသင်း(UNICEF)တို့နှင့်
ပူပေါင်း ကာ ပထမဆုံးအကြိမ်အဖြစ် ၁၅ရက်ကြာ အတိုင်းအတာဖြင့် ယခုလို ကာကွယ်ဆေးများ လိုက်လံတိုက်ကျွေးနေ ခြင်းဖြစ်သည်။