ရာသီဥတု အခြေအနေက မဟန်လှပါဘူး... တခဏလေး ငြိမ်သွားတဲ့မိုး မိုးစက်မိုးပေါက်လေးတွေကနေ တဖြည်းဖြည်းချင်း ရွာချလိုက်တာ ဒီတမနက်လုံး အခုအချိန်ထိ နေရောင်ခြည်ကို မမြင်ရသေးပါဘူး...
ဒေသခံတွေ ပြောပြချက်အရတော့ ဒီကေကောဒေသရဲ့ ရာသီဥတုက ဒီလို ပုံမှန်ပါဘဲ... ဘာဖြစ်လို့လဲဆိုတော့ ရွာရဲ့ ပတ်ဝန်းကျင်နဲ့ နေရာဒေသကို ကြည့်လိုက်ရင် တောတောင်တွေ ထူထပ်ပြီး မြင့်မားတဲ့ တောင်းတန်းကြီး တွေနဲ့ ဝန်းရံနေလို့ပါဘဲ။
ရာသီဥတုက အဆင်မပြေလှပေမဲ့ ဘောလုံးကွင်းနဲ့ ပါတ်ဝန်းကျင်မှာတော့ ၆၅ ကြိမ်မြောက် ပြုလုပ်ကျင်းပမဲ့ ကရင်နီတပ်မတော်နေ့ အခမ်းအနားအတွက် ဒေသခံ ပြည်သူလူထုတွေက ထီး၊ မိုးကာ ကိုယ်စီနဲ့ စိတ်အား ထက်သန်စွာ စောင့်ဆိုင်းနေကြပါတယ်။
ဒီလိုဘဲ ဒီအချိန်မှာ ကရင်နီတပ်မတော် ဌာနချုပ် ညာမိုတပ်စခန်းမှာလဲ ဘယ်လိုရာသီဥတု အခြေအနေဘဲ ဖြစ်ဖြစ် ကရင်နီတပ်မတော်နေ့ အခမ်းအနားကို ကျင်းပနေမှာဘဲလို့ တွေးမိပါတယ်။
ဒီထက်ပိုပြီး အားတက်စရာကောင်းတာက ကွဲပြားတဲ့ ဝတ်စုံ၊ တံဆိပ်တွေနဲ့ အခြားသော ကရင်နီလူမျိုး လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ဒီနေ့ထူးနေမြတ်မှာ ထူးထူးခြားခြား စုံစုံညီညီ တက်ရောက် လာခြင်းပါဘဲ။
ခံယူချက်တွေ ကွဲပြားခဲ့ကြပြီး ခွဲခွာသွားကြတဲ့ တပ်ဗိုလ်တပ်မှူး ရဲဘော်ရဲဘက်ဟောင်းတွေလဲ ဒီအချိန်မှာတော့ အချင်းချင်း လက်ဆွဲနုတ်ဆက်ကြပြီး တချိ့ုကျတော့လဲ နားလည်မှုအပြံုးတွေနဲ့ နုတ်ဆက်နေကြပါတယ်။
ကရင်နီ တပ်မတော်နေ့ အခမ်းအနားရဲ့ အစီအစဉ် တခုမှာတော့ အမိန့်နာခံမှုကောင်းပြီး တပ်သားတစ် ယောက်မှာ ရှိသင့်တဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့အတွက် ကရင်နီရဲဘော် တစ်ယောက်ဖြစ်တဲ့ လွီးဇီဟာ ၎င်း၏အထက်အရာရှိမှ ဂုဏ်ပြုခံရပြီး လက်ဆောင်ပစ္စည်း ပေးအပ်ခြင်းကို မြင်တွေ့နေရပါတယ်။
တပ်သားလွီးဇီကို ဂုဏ်ပြုရတဲ့ အကြောင်းအရင်းနဲ့ ပါတ်သက်ပြီး ဗိုလ်ခဲရိုသန်းက "… သူက အမိန့်နာခံမှုထက် သူအသိစိတ်ဓါတ် ရှိတယ်… တခြားရဲဘော်တွေက အမိန့်ပေးမှဘဲ စွမ်းဆောင်တယ် လုပ်ကြတယ် ဒါပေမဲ့ သူက မပြောခင်မှာ အမိန့်မပေးခင်မှာ ကြိုပြီး ပြင်ဆင်မှုလုပ်တယ်... နောက်... သူက... စစ်သားရဲ့ အင်္ဂါရပ်နဲ့ သတိဝိရိယ ရှိတယ််" လို့ ဆိုပါတယ်။
ရဲဘော်လွီးဇီဟာ တချိန်က အခြားကရင်နီ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ နှိပ်စက်တာကို မခံနိုင်လို့ ကရင်နီရဲဘော်ထဲကို ဝင်ရောက်လာတာလို့ သိရပါတယ်။
"စိတ်နာလို့ ဟိုအဖွဲ့တွေကို စိတ်နာလို့" တပ်သားလွီးဇီက ကေအဲန်ပီပီတပ်မတော်ထဲသို့ ဝင်ရောက်လာရတဲ့ အကြောင်းအရင်းကို အခုလို ပြောပြသွားတာပါ။
၎င်းငယ်စဉ်က ကေကောမှာနေထိုင်ခဲ့တာဖြစ်ပြီး ဖြတ်လေးဖြတ်ကြောင့် ပညာကောင်းကောင်း မသင်ကြားခဲ့ရသလို ဗမာစကားကိုလဲ ကောင်းကောင်းမွန်မွန်နဲ့ ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ပါဘူး။
အစကတည်းက ကရင်နီတပ်မတော်ထဲကို ဝင်ရောက်အမှုထမ်းဖို့ စိတ်မဝင်စားခဲ့ပေမဲ့ တခြားလူတွေရဲ့ နှောက်ယှက်မှုတွေကို ရှောင်တိမ်းရင်း ကရင်နီတပ်မတော်ထဲမှာ ကြာလာတော့ လွီးဇီတယောက် တိုင်းပြည်နဲ့လူမျိုးအတွက် စိတ်ဓါတ်တွေ ပြင်းထန်နေပါပြီ။
"ခဏဘဲ ဝင်မယ်လို့... နောက်... စိတ်ပါကိုယ်ပါသွားတယ်ပေါ့... စိတ်ပါကိုယ်ပါလို့ တိုင်းပြည်အတွက်လို့ ကျနော်ပြောတာနဲ့... ကျနော်သီးခံပြီး ကျနော်လုပ်တယ်...."
၎င်းက မိမိ အနိုင်ကျင့်ခံရမှုကို အငြိုးတေးထားပြီး သူ့ကို နှိပ်စက်ခဲ့တဲ့သူတွေကို ပထမရန်သူအဖြစ် သတ်မှတ်ခဲ့ပေမဲ့လို့ ဒီအချိန်မှာတော့ အထက်လူကြီးတွေရဲ့ ဆုံးမမှုကြောင့် ယနေ့မှာ ပြန်တွေ့ကြတဲ့ တခြား လက်နက်ကိုင် ညီအစ်ကိုတွေကို အပြံုးနဲ့ နုတ်ဆက်နေပါပြီ။
"ကျနော်နဲ့တွေ့တော့ ကျနော်သူ့ကို အမြဲတမ်းရှင်းပြတယ် အဲလိုမျိုးသတ်မှတ်လို့ မရဘူး အဲလိုမျိုးသတ်မှတ် မယ်ဆိုရင် တော့ ကျနော်တို့မှာ ရန်သူ ပတ်ခြာလည်ရှိတယ်... ကျနော်သူ့ကို ရှင်းပြတဲ့အခါကျတော့ သူလုံးဝလက်ခံသွားတယ်" လို့ လွီးဇီရဲ့ ခံစားချက်နဲ့ ပါတ်သက်ပြီး ဗိုလ်ခဲရိုသန်းက ယခုလို ရှင်းပြသွားတာပါ။
မူပေါ်လစီ၊ လမ်းစဉ်နဲ့ အတွေးအခေါ်တွေ ကွဲပြားခဲ့လို့ လမ်းခွဲသွားကြတဲ့ အခြားကရင်နီ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တပ်ဗိုလ်တပ်မှူး တချို့နဲ့ ကေအဲန်ပီပီ တပ်ပိုင်းဆိုင်ရာ အရာရှိတချို့ ကေကောရွာမှာဘဲ ပထမဦးဆုံးအကြိမ် မိတ်ဆုံစားပွဲတခု ပြုလုပ်သွားခဲ့ပါတယ်။
ကရင်နီပြည် ကေကောဒေသမှာ ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့ ၆၅နှစ်မြောက် ကရင်နီပြည် တပ်မတော်နေ့ အခမ်းအနားကို ကေအဲန်ပီပီမှ ကရင်နီတပ်မတော်များ အပါအဝင်၊ ကရင်နီလူမျိုးပေါင်း စုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး(KNPLF)၊ ကရင်နီအမျိုးသားဒီမို ကရက်တစ်ပါတီ(KNDP)၊ ကယန်းပြည်သစ်ပါတီ(KNLP)၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) နဲ့ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPDP) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။
ကရင်နီပြည်တွင်း ရှိနေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဒီလို တပ်မတော်နေ့မှာမှ ထူးထူးခြားခြားနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံ သွားခဲ့ကြတာဟာ သင့်မြတ်ရေးရဲ့ အခြေခံ တခုဖြစ်တယ်လို့ ဗိုလ်ခဲရိုသန်းက ဆိုပါတယ်။
"နိုင်ငံရေးဖက်တော့ နားလည်မှုရှိထားတာ စကားပြောထားတာကြာပါဘီ ဒါပေမဲ့ တပ်အချင်းချင်းက ဒီအချိန် ဒီအခါ ဒီနေရာမှာ လာဆုံကြတာ ကျနော့်အတွက် တကယ်ပျော်တယ် ကြေနပ်တယ် အားရတယ် လုံးဝမမျှော်လင့်တဲ့အရာတခုက အဲလိုဖြစ်လာတဲ့အတွက် ဒီကရင်နီတပ်မတော်နေ့မှာ ကျနော်တို့အတွက် ဒါက အစွန်းအမြတ်တခုဖြစ်တယ်..."
ဆက်လက်ပြီး သူက "ကျနော့်တယောက်ရဲ့ ဆန္ဒအနေနဲ့ကျတော့ သူတို့နဲ့ ဆွေးနွေးချင်တယ် ရင်းရင်းနှီးနှီး စကားပြောချင်တယ် ဘာကြောင့်လဲဆိုတော့ တချိန်တုန်းကဆိုရင် ကျနော်တို့ ကရင်နီ နိုင်ငံတော်အလံကို ကိုင်ပြီးမှ ကရင်နီအမျိုးသား တရပ်လုံးအတွက် ပြီးဆုံးသည့်တိုင် ကျနော်တို့ နိုင်ငံတာဝန် ထမ်းဆောင်သွား မယ်ဆိုတဲ့ နိုင်ငံတော်ရဲ့ အလံအောက်မှာ သစ္စာဆိုခဲ့တယ် အခုအဲလိုမျိုး လမ်းခွဲသွားတော့ စိတ်မကောင်း ပါဘူး... ဒါပေမဲ့ အခုတခါ ဒီမတပ်တော်နေ့မှာ အားလုံးစုံစုံညီညီ သူတို့ ပြန်လာပြီးမှ ချိုမြိန်တဲ့ မျက်နှာလေးကို သူတို့လာပြီးတော့ ပြပေးတာ ကျနော်တို့အတွက် အားတက်မိတယ်ပေါ့နော. ဒါတွေက ရှေ့ဆက်ဖို့အတွက် မျှော်လင့်ချက်အများကြီး ရှိပါတယ်" လို့ ပြောပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ဒီတပ်မတော်နေ့ကို တက်ရောက်လာတဲ့ ကရင်နီလက်နက်ကိုင် အဖွဲ့ကွဲတွေဟာ တချိန်ကကွဲ လွဲခဲ့ တဲ့အယူအဆ၊ တော်လှန်ရေးရဲဘော်၊ ရဲဘက်အချင်းချင်း အပေါ်ထားရှိခဲ့ကြတဲ့ နာကြီးမှုတွေကို နားလည်မှုတွေနဲ့ ခွင့်လွတ်တတ်ကြဖို့ အညတရရဲဘော် လွီးဇီရဲ့ မျက်ဝန်းက ထွက်လာတဲ့ပြံုးပန်းတွေက ပြသနေပြီဘဲမဟုတ်လား…