ကွန်းလုံရေအားလျှပ်စစ်မီမံကိန်းကြောင့် ရေဝပ်ဧရိယာတွင်ပါသော ရွာများအားလျော်ကြေးပေးမည်ဟု တရုတ်ကုမ္မဏီ ကတိပြု

ကွန်းလုံရေအားလျှပ်စစ်မီမံကိန်းကြောင့် ရေဝပ်ဧရိယာတွင်ပါသော ရွာများအားလျော်ကြေးပေးမည်ဟု တရုတ်ကုမ္မဏီ ကတိပြု
by -
မဇ္စျိမ

ကွန်းလုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရာတွင် ရေဝပ်ဧရိယာတွင် ပါ၀င်သောကျေးရွာများအား နေရာအစားထိုးနှင့် လျော်ကြေးများ စီစဉ်ပေးမည်ဟု ဆောက်လုပ်မည့် တရုတ်ကုမ္ပဏီ “Han ergy Holding Group ကုမ္ပဏီက ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ်ကတိပေးခဲ့ကြောင်း ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က မဇ္ဈိမကို ပြောကြားခဲ့သည်။

စီမံကိန်းရင်းနှီးမြှုပ်နှံမည့် တရုတ်ကုမ္ပဏီ၊ လက်ခွဲဆောက်လုပ်ခွင့် ရထားသော မြန်မာ Asia World ကုမ္ပဏီမှ ဒါရိုက်တာနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အပါအဝင် လျှပ်စစ်ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ သြဂုတ်လ ၃၀ ရက်က တောင်ကြီးမြို့ အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံရာတွင် ကုမ္ပဏီမှ ပြည်နယ်အစိုးရ၏ သဘောထားတောင်းခံခြင်းဖြစ်ပြီး အစိုးရဘက်မှလည်း တောင်းဆို မှုများ ရှိခဲ့ကြောင်းကို လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က “ ပြည်သူလူထုအတွက်မြေနေရာ အစားထိုးပေးဖို့ရယ်၊ ပြည်သူလူထုရဲ့ ရင်းနှီးစားသောက်ဖို့ရယ် အဲဒါတွေတောင်းဆိုပေးတာပေါ့။ သူတို့ကအားလုံးလုပ်ပေးမယ်လို့ ကတိပေး သွားတယ်” ဟုပြောသည်။

သံလွင်မြစ်ပေါ်တွင် ကွန်းလုံရေအား လျှပ်စစ်စီမံကိန်း ဆောက်လုပ်ပါက စီမံကိန်းအနီးရှိ ရေဝပ်ဧရိယာတွင် ပါ၀င်နိုင်သော ပိန်ယဲ့ရွာ၊ နမ့်ကျမ်းရွာ၊ တာရွှေကျမ်းရွာ၊ တုန်းကြမ်းရွာ၊ တုံဟောက်ရွာနှင့် သောက်ရွှေရွာတို့မှ အိမ်ခြေ ၆၄ အိမ်၊ လယ်ဧက ၃၀၀ ရေနစ်မြှပ်နိုင်ဖွယ်ရှိကြောင်း ၀န်ကြီးဦးစိုင်းထွန်းရင်ကပြောသည်။

စီမံကိန်းအထက်တွင်ရှိသော ရွာများအား လျော်ကြေးပေးရန်နှင့် မြေနေရာအစား ပေးရန်ကုမ္ပဏီနှင့် ဒေသခံများ ညှိနှိုင်းထားပြီးဖြစ်ကြောင်း ၀န်ကြီးက ဆိုသည်။

သို့သော် ထိုရွာအများစုသည် တောင်ပေါ်ရွာများဖြစ်ပြီး စီမံကိန်းအောက်ဘက် တစ်မိုင်ခွဲခန့်အကွာတွင် ကိုးကန့်ရွာ များနှင့် ရှမ်းရွာများသည် ရေလွှမ်းမိုးမှု ပိုမိုဖြစ်နိုင်ကြောင်း စီမံကိန်းအောက်ဘက် တံတားဦးရွာ မှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါဒေသခံက လျော်ကြေးကိစ္စနှင့်ပတ်သက်၍ “နှစ်နှစ်လောက်ရှိပြီ။ ပေးမယ်။ ပေးမယ်နဲ့။ ကျွန်တော်တို့ အိမ်တွေ က နည်းနည်းတော့လှမ်းတာပေါ့။ အနီးစပ်ဆုံး အိမ်တွေကိုတောင် ဘာမှမလုပ်ပေးသေးတော့။
လျော်ကြေး ကတော့ ကာလတန်ကြေးနဲ့ ရရင်ကျေနပ်တယ်။ ပိုလည်းမယူချင်ဘူး။ လျော့လည်းမ ယူချင်ဘူး” ဟုပြောသည်။

ကွန်းလုံရေအား လျှပ်စစ်စီမံကိန်းကို တရုတ်ကုမ္ပဏီက ရ နှစ်အတွင်း ဆောက်လုပ်မည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုအားဖြင့် တရုတ်ကုမ္ပဏီက ၁၀၀ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာသန်း ၁၄၀၀) မြှုပ်နှံမည်ဖြစ်ပြီး စီမံကိန်းပြီးပါက ၁၄၀၀ မဂ္ဂါ၀ပ်ထွက်ရှိမည်ဖြစ်ရာ မြန်မာနိုင်ငံက မဂ္ဂါ၀ပ်၂၁၀ ရရှိမည်ဖြစ်သည်။ လက်ရှိတွင် အကျိုးတူပူးပေါင်းရန် သဘောတူစာချုပ် “JVA အတွက် နှစ်ဖက်ညှိ နှိုင်းမှုများပြုလုပ်နေပြီး ယခုနှစ်အတွင်း စီမံကိန်းစတင်မည်ဖြစ်သည်။

စီမံကိန်းမစတင်မီ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု စစ်တမ်း EIA၊ လူမှုပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု စစ်တမ်း SIA တို့ကိုလည်း ပြည်တွင်းမှ Banca ကုမ္ပဏီနှင့် ခြောက်လကြာပြုလုပ်ခဲ့ ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနက အရာရှိတစ်ဦး က မဇ္ဈိမကို ပြောခဲ့ဖူးသည်။

Most read this week