အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မှန်ကန်စွာ မချဉ်းကပ်နိုင်ခြင်း ပြသနာ အပိုင်း (၂)

အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မှန်ကန်စွာ မချဉ်းကပ်နိုင်ခြင်း ပြသနာ အပိုင်း (၂)
by -
ရွှေဟင်္သာ

တပ်မတော်နှင့် ပတ်သက်၍မည်သို့ကိုင်တွယ်သင့်ကြောင်းကိုမူူမဖြစ်မနေစဉ်းစားရပါမည်။ ၁၉၆၂ ခုနှစ်တွင်ဗိုလ်ချုပ်နေဝင်းနှင့်ဖေါက်ပြန်သည့်တပ်မတော်ခေါင်းဆောင်များအောက်၌ တပ်မတော် တရပ်လုံးကို အသုံး ချခံခဲ့ရ၊ အကျိုးဆက်အနေဖြင့် တပြည်လုံးဆင်းရဲတွင်းနက်၊ အတိဒုက္ခရောက်ခဲ့ကြသည်မှာ နှစ်ပေါင်း ၅၀ ကျော် ခဲ့ပြီ ဖြစ်ခြင်း ကြောင့်ပင်။

ရွှေဟင်္သာသတင်းဌာန (အောင်ထူး (ရှေ့နေ) ဥပဒေအထောက်အကူပြုကွန်ယက် တည်ထောင်သူ)

 “အမျိုးသားပြန်လည်သင့်မြတ်ရေး” အခြေခံမှတပ်မတော်ကိုမည်သို့ချဉ်းကပ်မည်နည်း။

တပ်မတော်နှင့် ပတ်သက်၍မည်သို့ကိုင်တွယ်သင့်ကြောင်းကိုမူူမဖြစ်မနေစဉ်းစားရပါမည်။ ၁၉၆၂ ခုနှစ်တွင်ဗိုလ်ချုပ်နေဝင်းနှင့်ဖေါက်ပြန်သည့်တပ်မတော်ခေါင်းဆောင်များအောက်၌ တပ်မတော် တရပ်လုံးကို အသုံး ချခံခဲ့ရ၊ အကျိုးဆက်အနေဖြင့် တပြည်လုံးဆင်းရဲတွင်းနက်၊ အတိဒုက္ခရောက်ခဲ့ကြသည်မှာ နှစ်ပေါင်း ၅၀ ကျော် ခဲ့ပြီ ဖြစ်ခြင်း ကြောင့်ပင်။ “ဖက်ဒရယ်မူကို ခွဲထွက်ရေးကြိုးပမ်းမှု အဖြစ် လက်ညှိုးထိုးကာ ပြည်ထောင်စု မပြိုကွဲရေး အတွက် တိုင်းပြည်အာဏာသိမ်းလိုက်ရသည်၊ တိုင်းပြည်ချောက်ထဲကျခါနီး လက်တကမ်းအလိုတွင် ကယ်တင်လိုက် ရသည်” ဟူ၍ အကြောင်းပြခဲ့သည်။ ယင်းမှာ နိုင်ငံရေးအရ ကြီးမားလှစွာသော အမှားကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းအပါအဝင် လက်ရှိ အာဏာပိုင်များက သွယ်ဝိုက် ၀န်ခံလာကြရပြီ။ တိုင်းရင်းသားများ တောင်းဆိုနေသည့် ဖက်ဒရယ် ဟူသည်မှာ ရသင့်ရထိုက်သော နိုင်ငံရေး အခွင့် အရေး ဖြစ်ကြောင်း ယနေ ့အချိန်တွင် ၄င်းတို ့ကိုယ်တိုင် ပြောဆိုလာနေကြသောကြောင့်ပင်။

ယင်းအတွက် တာဝန်ရှိမှုကို ရှာဖွေရပါမည်။ ပြည်ဖုံးကား ချထား၍မရပါ။ အဘယ်ကြောင့် ဆိုသော် မမှန်ကန်သည့် အာဏာသိမ်းမှုအကြောင်းပြချက်ကို ဆုပ်ကိုင်ကာ ၁၉၆၂ ခုနှစ်မှစ၍ (ဆဲဗင်းဇူလိုင်မှစကာ) အပြစ်မဲ့ ကျောင်းသားများ နှင့် အခြားတိုင်းရင်းသား လူထုများအပေါ် ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်ခဲ့၊ လူ ့အခွင့်အရေး ချိုးဖေါက် မှုကြီးများ ဆက်တိုက်ကျူးလွန်ခဲ့ခြင်းကြောင့်ဖြစ်သည်။ အရှေ့တောင်အာရှ၏ အချမ်းသာဆုံး နိုင်ငံစာရင်းဝင် အဖြစ်မှ ကမ္ဘာ ့အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင် ဘဝ သို ့ကျရောက်သွားအောင် ချောက်ထဲသို ့တွန်းချခဲ့ခြင်းကြောင့်ဖြစ်သည်။ ဤတွင် စစ်ခေါင်းဆောင် အဆက်ဆက်၏ တာဝန်ရှိမှုသည် အဘယ်နည်း။

ဤသည်တို ့ကို ပြန်လည်ဖေါ်ထုတ် ၊ သုံးသပ်အဖြေရှာ၊ အရေးယူတန်တာယူ၊ ခွင့်လွှတ်တန်တာ ခွင့် လွှတ်၊ ခံခဲ့ရသူများအားကုစားမှုပြုစရာရှိတာပြု၊ နောင်ဤကဲ့သို ့အဖြစ်ဆိုးမျိုး မကြံုတွေ ့နိုင်စေ ရေးအတွက် တိုင်းပြည် အဆောက်အအုံများ၊ တပ်မတော်အပါအဝင် တိုင်းပြည်လုံခြံုရေးအဖွဲ ့အစည်းများကို ပြန်လည်ပြုပြင် ဖွဲ ့စည်း အစ ရှိ သည်တို ့ကို လုပ် ဆောင်ရပါမည်  နောက်ဆုံးတွင်လူ့အဖွဲ့အစည်းအဟောင်းအောက်တွင်ဖြစ်ပွား တည်ရှိခဲ့သည့်အမုန်းများ၊သံသယများ၊အာဃာတများကိုသင်ပုန်းချေလိုက်ပြီဖြစ်ကြောင်းကြေငြာခြင်းဖြင့်
 “အမျိးသားပြန်လည်သင့်မြတ်ရေး” လုပ်ငန်းစဉ်ကိုတရားဝင်အဆုံးသတ်ရပါမည်။

သို ့မှသာ စစ်မှန်သည့် အမျိုးသားပြန်လည် သင့်မြတ်ရေးသို ့ဦးတည် သည့် လမ်းကြောင်းဖြစ် ပါမည်။ ယင်းသို ့မဟုတ်ဘဲ ဖြစ်ခဲ့သမျှအဝဝကို မေ့ပျောက်ထား၊ ပြည်ဖုံးကား ချထားပြီး ၄င်းတို ့နှင့် တွဲကနေရုံမျှနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရနိုင်ဘွယ်မရှိပါ။

ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သောတပ်မတော်သည်အာဏာမက်စစ်ခေါင်းဆောင်တစုကြောင့်၁၉၆၂ခုနှစ်မှစ၍အနှစ်သာရအားဖြင့်ပြောင်းသွားခဲ့ပြီ တိုင်းပြည်ကိုကာကွယ်လိုသည့်စေတနာရိုးဖြင့် လုပ်ဆောင်လိုသည့် တပ်မှုးတပ်သားများလည်းတပ်မတော် အတွင်းတွင်ရှိပါမည် သို့ရာတွင်တပ်မတော်မှာမူရောဂါစွဲကပ်နေပြီ ဟုမြင်ရန်လိုသည်။နိုင်ငံရေးအာဏာကိုတပ်မက်ခြင်းတည်းဟူသောရောဂါဖြစ်သည် ယင်းမှာကင်ဆာသ ဘွယ်အမြစ်တွယ်နေသည်။ယင်းရောဂါကိုမကုစားနိုင်သမျှ “အမျိးသားပြန်လည်သင့်မြတ်ရေး” အတွက်အကျိုး မရှိသလိုတပ်မတော်အတွက်လည်းမကောင်းပါ အခြားသူများကုစားသည်ကို မစောင့်ဘဲလက်ရှိတပ်မတော် ခေါင်း ဆောင်များကိုယ်တိုင်ကကုစားရန်လိုသည်။ဓါတ်မီးကင်၍ရလျှင်ရ မရလျှင်ကင်ဆာဖြစ်ပွားနေသော အသားကိုလှီးထုတ်ပစ်ရုံသာရှိတော့သည်။ ကင်ဆာကိုပေ့ါပေါ့မမှတ်သင့်ပါ ထိရောက်စွာမကုစားလျှင်ရောဂါ ဆိုးကြီးမှာတပ်မတော်တခုလုံးကိုပျံ့နှံ့ကာထိခိုက်ပျက်စီးသွားနိုင်သည်။

“အမျိးသားပြန်လည်သင့်မြတ်ရေး”လုပ်ငန်းစဉ်၏အစိပ်အပိုင်းတရပ်အနေဖြင့်အတိတ်ကဖြစ်ရပ်များကိုပြည်လည်ဖေါ်ထုတ်၊သုံးသပ်၊အဖြေရှာခြင်းသည်တပ်မတော်တွင်စွဲကပ်နေသောကင်ဆာအားကုစားရာ၌ အထောက်အပံ့ဖြစ်စေမည်ဟု လက်ရှိစစ်ခေါင်းဆောင်များကိုယ်တိုင် လက်ခံရန် လိုပါမည်။

မြန်မာနိုင်ငံတွင်“အမျိးသားပြန်လည်သင့်မြတ်ရေး”ကိုဘယ်လမ်းကြောင်းကနေချဉ်းကပ်နေသလဲ။

မကြာသေးမီ ရက်ပိုင်းကပင် ဒီမိုကရက်တစ်မြန်မာ့အသံ ရုပ်မြင်သံကြားမှ နေ၍ “အမျိးသားပြန်လည်သင့်မြတ် ရေး” အစီအစဉ်တခုကိုထုတ်လွှင့်သွားခဲ့သည် စစ်အာဏာရှင်များလက်ထက်ကနာကျင်ခံစားခဲ့ရမှုများနှင့် စပ်လျှဉ်း၍ခွင့်လွှတ်သင့်မသင့်၊မေ့ပျောက်၍ ရမရဟူသောခေါင်းစဉ်နှင့်ဆွေးနွေးခန်းဖြစ်သည် ယင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများဥက္ကဌကိုကျော်ကိုကိုကမတရားဖမ်းဆီးချုပ်နှောင်မှု ညှင်းပမ်းနှိပ် စက်မှုများရှိခဲ့သဖြင့်ဤပြစ်မှုကျူးလွန်သူများအနေဖြင့်ထိုက်တန်သည့်အပြစ်ပေးမှုရရှိခံစားသင့်သည်၊ ယင်းပြစ်မှုကျူးလွန်မှုများအားခွင့်လွှတ်မေ့ပျောက်ရန်မည်သို့မျှမလွယ်ကူကြောင်းပြောကြားသွားခဲ့သည်။ခွင့်လွှတ်မေ့ပျောက်၍မရနိုင်လျှင်အမျိုးသားပြန်လည်သင့်မြတ်ရေးရနိုင်ပါမည်လားဟူသောမေးခွန်းကို၄င်းကပြစ်မှုများနှင့်စပ်လျှဉ်း၍ကျူးလွန်သူများကိုုတရားစွဲဆိုအရေး ယူရကြောင်း၊သို့မဟုတ်ပြန်လည်စစ်ဆေးသုံး သပ်တစုံတရာအရေးယူဆောင်ရွက်ခြင်းရှိရကြောင်း တရားမျှတရေးဆောင်ရွက်မှုမပါဘဲအမျိုးသားရင်ကြား စေ့ရေးမဖြစ်နိုင်ကြောင်းဖြေဆိုခဲ့သည်။

အလားတူပင်ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းတည်ထောင်သူတဦးဖြစ်သည့်မဇင်မာအောင်ကလည်းမေ့လို့မရနိုင်ကြောင်း၊မေ့လို့ရရင်သမိုင်းဆိုတာလဲရှိမှာမဟုတ်ကြောင်း၊မေ့ဘို့လဲမသင့်ကြောင်း မေ့သင့်တယ်လို့ပြောရင် လည်းဒါဟာအစစ်အမှန်မဟုတ်နိုင်ကြောင်း၊ အမှန်ဖြစ်ခဲ့တာတွေကိုနောက်မျိုးဆက်များအား ပြန်မပြောနိုင် လျှင်ကျမတို့ကိုယ်တိုင်တရားခံစာရင်းထဲမှာပါသွားနိုင်ကြောင်း၊အပြစ်ကျူးလွန်ခဲ့သူများကကျူးလွန်ခဲ့မိပါပြီ၊မှားခဲ့မိပါပြီဟုပြောမှသာခွင့်လွှတ်မလားမလွှတ်ဘူးလားစဉ်းစားကြရမည့်ကိစ္စဖြစ်ကြောင်းပြောကြားသွား ခဲ့သည်။
            ကိုကျော်ကိုကိုနှင့်မဇင်မာအောင်တို့၏ပြောဆိုမှုများကိုကြားလိုက်ရသောအခါများစွာအားတက်ဂုဏ်ယူမိသည်။လူ့အဖွဲ့အစည်းတရားမျှတမှုရရှိစေရန်ခိုင်မာသည့်ရပ်တည်ချက်အပေါ်အခြေခံကာရှင်းရှင်းစဉ်းစားနိုင်စွမ်းရှိသောကျောင်းသားလူငယ်ခေါင်းဆောင်များရှိနေကြသေးကြောင်းသိလိုက်ရ၍ဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေကိုဒီဗွီဘီကမေးမြန်းသောအခါ၄င်းက “ ရှစ်ဆယ့်ရှစ်သာမက ၁၉၆၂ဆဲဗင်းဇူလိုင်၊၁၉၇၄၊၁၉၇၆အရေးအခင်းစသဖြင့်ဒါတွေကိုမေ့ပျောက်ဘို့မသင့်ဘူး ဒါပေမယ့်ဒါကြီး ကိုပြန်ပြန်အစဖေါ်နေမယ်ဆိုရင်အသွင်ကူးပြောင်းရေး နဲ့အမျိုးသားပြန်လည်သင့်မြတ်ရေး မှာနှောင့်နှေးမယ်။နိုင်ငံကြီးသားပီသဘို့လိုနေပြီ တော်လှန်ရေးနေ့ရောက်တိုင်းဖက်ဆစ်တွေဟာတို့နိုင်ငံကိုုအုပ်ချုပ်ခဲ့တယ်လို့ ဘဲပြောတယ်။လက်သဲခွန်ခွာရေနွေးပူလောင်းခဲ့တဲ့ဂျပန်တွေကိုမုန်းတယ်ဆိုတာပြောစရာမလိုတော့ဘူး။ဒါတောင်မှ သင်ပုန်းချေလို့ရတယ် ဗီယက်နမ်မှာအမေရိကန်ကဗုံးကြဲခဲ့ပေမယ့်ဒီကနေ့ ဗီယက်နမ်နဲ့အမေရိကန် ပေါင်းတာဘဲ။ဟီရိုရှီးမားနဲ့နာဂါစကီကိုဗုံးကြဲခဲ့ပေမယ့်ဒီကနေ့ဂျပန်နဲ့အမေရိကန်ပေါင်းတာဘဲ။” ဟုပြောခဲ့ သည်။

 အသွင်ကူးပြောင်းရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရည်ညွှန်းပြီးဦးလှဆွေပေးသည့်ဥပမာများမှာတက်တက်စင်လွဲနေပါသည် ၄င်းဝေါဟာရများ အတွေးအခေါ်များနှင့်လက်တွေ့လုပ်ဆောင်မှုများမှာသက်ဆိုင်ရာ နိုင်ငံတခု အတွင်း၌ ၄င်းနိုင်ငံ၏ အစိုးရများက နိုင်ငံသားများအပေါ်ကျူးလွန်ခဲ့သောပြစ်မှုကြီးများနှင့် စပ်လျှဉ်း ၍ သာ အဓိကထား စဉ်းစားကြခြင်းဖြစ်သည်။ နိုင်ငံတကာ ဆက်ဆန်ရေးနှင့် မဆိုင်ပါ။ နိုင်ငံတနိုင်ငံ၏ စစ်တပ်များ က အခြားနိုင်ငံတနိုင်ငံ၏ နိုင်ငံသားများ အပေါ် ကျူးလွန်မှုများနှင့် စပ်လျှဉ်း၍ အသွင်ကူးပြောင်း ရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည့်အခြေခံမှနေ၍စဉ်းစားဆောင်ရွက်မှုမျိုးကိုကမ္ဘာ့သမိုင်းတွင်မတွေ့နိုင်ပါ။ယင်းသို့ကျူးလွန်မှုများအပေါ်အရေးယူဆောင်ရွက်ရာ၌ ဒုတိယ ကမ္ဘာစစ်ကြီးအပြီးတွင် ဖွဲ့စည်းခဲ့ သော တိုကျို နှင့် နျူရင်း ဘတ် စစ်ခုံရုံးများ ကိုသာ တွေ ့နိုင်ပါသည်။ ကိုကျော်ကိုကိုကလည်း ဦးလှဆွေအား အောက်ပါအတိုင်း ထိထိမိမိ တုန် ့ ပြန်သွား ခဲ့သည်။ လူငယ်လေးပင် ရှိသေးသော်လည်းစဉ်းစားသုံးသပ်နိုင် စွမ်း သေးသူ မဟုတ်ပါ။

“ကျွန်တော်တို့ကလူမျိုးကိုမမုန်းတည်းဘူး။၀ါဒကိုမကြိုက်တာဖြစ်တယ် ဖက်ဆစ်ဂျပန်ကိုမျိုးချစ်တော်လှန်ရေး တပ်သားတွေကမြန်မာ့မြေကနေမောင်းထုတ်လိုက်ပြီးတဲ့နောက် ဂျပန်ကဖက်ဆစ်စနစ်ကိုစွန့် လွှတ်လိုက်ပြီးမှ ဂျပန်နဲ့ပြန်လည်ဆက်ဆန်တာဖြစ်တယ်။ ဗီယက်နမ်ကအမေရိကန်ကိုတွန်းလှန်အောင်ပွဲရပြီးတော့မှ အမေရိကန်နဲ့ပြန်လည်ဆက်ဆန်တာဖြစ်တယ်။အတိတ်ကိုမှန်ကန်တဲ့ကောက်ချက်ချဘို့လိုလိမ့်မယ်။”

ဤဒီဗွီဘီရုပ်သံဆွေးနွေးပွဲတွင်ဦးလှဆွေကိုတစုံတရာအသိအမှတ်ပြုရမလိုဖြစ်နေသည် စစ်အာဏာရှင် စနစ်နှင့် အနည်းနဲ့အများပတ်သက်ခဲ့သူများအားလုံးကဖြစ်ပွားကျူးလွန်ခဲ့သည့်ပြစ်မှုကြီးများနှင့်စပ်လျှဉ်း၍ပြည်ဖုံးကားချကာမေ့ခြင်ယောင်ဆောင်နေကြသည့်အချိန်တွင် “မမေ့ပျောက်သင့်ဘူး။မြို့တိုင်းမှာကဗျည်းကျောက်စာတိုင် တွေတော့ရှိသင့်တယ်။” ဟူသောစကားလုံးကိုဝန်ခံပြောကြားသူမှာ၄င်းတဦးတည်းသာရှိသေးသောကြောင့်ပင်။

မကြာလှသည့်တနေ့နေ့တွင်တော့ကြီးမားလှသောလူထုနှင့်နိုင်ငံတကာတို့၏ဖိအားအောက်တွင်မမေ့ပျောက်ရုံသာမကထိုက်သည့်အားလျော်စွာအရေးယူဆောင်ရွက်သည့်လုပ်ငန်းစဉ်များပေါ်လာပြီးစစ်မှန်သည့် “အမျိးသားပြန်လည်သင့်မြတ်ရေး” သည်အမှန်တကယ်အသက်ဝင်လာလိမ့်မည်ဟုစာရေးသူယုံကြည်သည်။ယနေ့အချိန်အထိမူဘာတခုမှကိုမစရသေး မည်သို့ဖေါ်ဆောင်သင့်ကြောင်းငြင်းခုံဆွေးနွေးမှုမှာပင်လူထုအ ကြား၌ အားမကောင်းသေး၊ အစိုးရအာဏာပိုင်များနှင့် နိုင်ငံရေးခေါင်းဆောင်များကမူ “အမျိးသားပြန်လည် သင့်မြတ်ရေး” ဟူသောခေါင်းစဉ်အောက်တွင်ဖြစ်ပြီးခဲ့သမျှများအားပြည်ဖုံးကားချထား၊ မေ့ထားဆဲ ရှိနေသေးသည်။ အမှန်တရားပေါ်အောင်ပြန်လည်ဖေါ်ထုတ်သည့်အစီအစဉ်ပင်ဘာတခုမျှဆောင်ရွက်ခြင်း မရှိသေး ယင်းအချိန်တွင်ဗိုလ်ချုပ်ရွာစစ်ကယနေ့တိုင်းပြည်အတွက်အရေးကြီးဆုံးလိုအပ်သောအရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဖြစ်သည်ဟုမြွက်ဟလာခြင်းဖြစ်သည်။

အပိုင်း(၃) နောက်ဆုံးပိုင်းကိုဆက်လက်အားပေးပါရန်

Most read this week