အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မှန်ကန်စွာ မချဉ်းကပ်နိုင်ခြင်း ပြသနာ အပိုင်း (၁)

အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မှန်ကန်စွာ မချဉ်းကပ်နိုင်ခြင်း ပြသနာ အပိုင်း (၁)
by -
ရွှေဟင်္သာ

သြဂုတ်လ ၂၁ ရက်နေ့က ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ် ရွက်စစ်၏ သဘောထား ထုတ်ဖေါ်ချက်ကို ကြားလိုက်ရသော အခါ လှိုင်းကြီးနေဆဲ ဖြစ်သည့် ပင်လယ်ပြင်ကို ဖြတ်ကျော်ရန် လှေအား တက်စုံ ရွက်စုံ ပြင်နေသည့် အချိန်တွင် တက်တချောင်းအား ရိုက်ချိုးလိုက် သလိုများ ဖြစ်သွား မလားဟု စဉ်းစားမိသည်။

၄င်းက “ယူအင်န်အက်ဖ်စီ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုသော်လည်း အချိန်စောလွန်းသေးကြောင်းနှင့် ယနေ့တိုင်းပြည် အတွက် အရေးကြီးဆုံး လိုအပ်သော အရာမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်ကြောင်း” ဖွင့်ဟ လိုက်သောကြောင့် ဖြစ်သည်။

 ပြီးခဲ့သည့် လက တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (ယူအင်န်အက်ဖ်စီ) မှကြီးမှုး ကျင်းပခဲ့သည့် တိုင်းရင်းသား များ၏ ညီလာခံကြီးတွင် ချမှတ်ခဲ့သည့် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်တရပ် ရေးဆွဲသွားရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တည်ဆောက်ရေး တို့အား
 ၄င်းက ရည်ညွှန်း ပြောဆို သွားခြင်း ဖြစ်သည်။

လာပြန်ချေပြီ --- “အမျိုးသား ပြန်လည် သင့်မြတ်ရေး”။ ဟိုနေရာမှာလဲ “အမျိုးသား ပြန်လည် သင့်မြတ်ရေး” သည်နေရာမှာလဲ “အမျိုးသား ပြန်လည် သင့်မြတ်ရေး”။ ဤဝေါဟာရအား နိုင်ငံရေး ခေါင်းဆောင် အတော် များများက ရည်ညွှန်း ပြောဆို ခဲ့ကြပြီးလည်း ဖြစ်သည်။ သို့ရာတွင် ဤသည်မှာ မည်သည့် အရာ ဖြစ်သည်ကို အခြေခံ လူထု နားလည်အောင် ပြည့်ပြည့် စုံစုံ ရှင်းလင်း ဖွင့်ဆို ထားသည်ကို  မကြားသိရသေးပါ။

“အမျိုးသားပြန်လည်သင့်မြတ်ရေး” နှင့်ဒေါ်အောင်ဆန်းစုကြည်

 ပြီးခဲ့သည့် ရှစ်လေးလုံး ငွေရတု နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဆက်စပ်၍ အောက်ပါ အတိုင်း ပြောကြား သွားခဲ့သည်။

“၁၉၈၈ ခုနှစ်တုံးက အမျိုးသား ရင်ကြားစေ့ရေး ဆိုတာ ပြည်သူနဲ့ တပ်မတော် အကြားမှာ အဆင်ပြေရေးလို့ စဉ်းစားခဲ့ကြတယ်။ အခုလဲ အဲသည် အတိုင်း စဉ်းစားကြရမယ်။  အဲဒီလို ရဲရဲဝံ့ဝံ့ စဉ်းစားနိုင်မှ ရှေ့ကို ပြေပြေ လည်လည်နဲ့ သွားနိုင်မှာ ဖြစ်တယ်။”

ဒေါ်အောင်ဆန်းစုကြည်၏ ဆိုလိုချက်အရ ပြည်သူနဲ့ တပ်မတော် အကြားမှာ အဆင်ပြေရေးသည်သာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဟူ၍ နားလည် ရမည်ကဲ့သို့ ဖြစ်သည်။  ဤသည်မှာ ကျဉ်းမြောင်း လွန်းရုံ မက ဝေဝါးနေသည်။ တိကျမှု မရှိ။ မည်သည့် အရာများအား အဆင်ပြအောင် လုပ်မည်မသိ။ အဆင်ပြေအောင် မည်သို့ မည်ပုံဖေါ်ဆောင် သွားမည်ဟူသည့် လုပ်ငန်းစဉ် ဦးတည်ချက်နှင့် နည်းလမ်းကို မတွေ့ရ။ မည်သည့် အချိန်၌ တရားဝင် နိဂုံးချုပ် မည်ကိုလည်း မကန် ့သတ်။ သို ့ဖြစ်ရာ မည်သို့သော အခြေအနေ အောက်တွင် ဖြစ်စေ “တပ်မတော်နှင့် ပြေလည်ရေး” ဟူသည်ကို မဖြစ်မနေ သားစဉ်မြေးဆက် လိုက်နာ ကျင့်သုံး ရမည် ကဲ့သို့ ဖြစ်နေသည်။ “အမျိးသားပြန်လည်သင့်မြတ်ရေး” သို့မဟုတ် “ရင်ကြားစေ့ရေး” ဟူသော လှပသည့် ဝေါဟာရအောက်တွင် အတွေးအခေါ် မှားကို ဖြန့််ဖြူး နေမှာ စိုးရိမ် မိသည်။

လူထုကို ဦးဆောင်ခွင့် ရနေသော ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် စပ်လျဉ်း၍ လူ့အခွင့်အရေး ရှုဒေါင့်မှ အဓိက ထားကာ ခိုင်မာ တိကျသည့် အခြေခံ မူ တခုခုကို အသေအချာ မဆုပ်ကိုင်သေးခြင်းမှာ တကယ့် ပြသနာ ဖြစ်နေသည်။

သို့ဖြစ်၍ လက်တွေ့အရ “အမျိုးသား ပြန်လည် သင့်မြတ်ရေး”ကို ဖေါ်ဆောင်ရာတွင် တပ်မတော်နှင့် ပြေလည်ရေး၊ တပ်မတော်၏ ငြိုငြင်မှုကို မခံရရေးမှာ လုပ်ငန်းစဉ်၏ ဦးတည်ချက်ကဲ့သို့ ဖြစ်သွားသည်။ အကျိုးဆက် အနေဖြင့် တပ်မတော် ဘာလုပ်လုပ်  နှုတ်ပိတ်နေရေး ဘဝသို့ ကျဆင်း သွားရတော့သည်။ ကြီးကောင်ကြီးမား အရွယ်ကြီးရောက်မှ စစ်ဗိုလ်ဟောင်း သစ်များကြီးစိုး လွှမ်းမိုး ထားသည့် လွှတ်တော် အတွင်း ၄င်းတို့ နှစ်သက်မှု ရစေရန် ကကြခုန်ကြ လုပ်ဆောင်မှု မျိုးကသာ အဓိက လိုဖြစ်နေသည်။

စစ်ခေါင်းဆောင် များက ငြိုငြင် မည်ကို စိုးရိမ် သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ၏ မည်သည့် အခြေခံ ကြောရိုး များအား ပြင်ကို ပြင်ရမည်၊ အနည်းဆုံး အားဖြင့် စစ်အစိုးရ ခေါင်းဆောင် ဟောင်းများ ကိုယ့်ကိုယ်ကို အကြွင်းမဲ့ လွတ်ငြိမ်း ချမ်းသာခွင့် (Blanket Amnesty) ပေးထားသည့် ပုဒ်မ ၄၄၅ အား ဖျက်ကို ဖျက်ပစ် ရမည် ဟူသော စကားလုံး ကိုပင် မသုံးရဲတော့။ တပ်မတော်နေ့ အခမ်းအနား သွားတက်ပြီး “ငါတို့ တပ်မတော်ဟာ ဘယ်တုံးကမှ လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ် မှုတွေ ကျူးလွန်ခဲ့တာ မဟုတ်ဘူး” ဟူ၍ကြွေးကြော် ပြောဆို နေသည့် မိန့်ခွန်းကို ဘုရားဟော အမှန်တရား သဖွယ် မှတ်ယူကာ ကုတ်ကုတ် ကလေး နားထောင် ခံယူခြင်းဖြင့်သာ ဇာတ်လမ်း ဆုံးသွားသည်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးသည် အနှစ်သာရ အရ ဝေလာ ဝေးပါသည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေး” ဟူသည်မှာအဘယ်နည်း။

“အမျိုးသား ပြန်လည် သင့်မြတ်ရေး” ဟူသည့် ဝေါဟာရနှင့် အတွေးအခေါ်အား ဒီမိုကရေစီ စနစ် တည်ဆောက် ကျင့်သုံးသည့် အဆင့် ရောက်သွားပြီး ကြသည့် နိုင်ငံများတွင် မသုံးကြတော့ပါ။ သုံးစရာ မလိုသောကြောင့် ဖြစ်သည်။ လူ့အဖွဲ့အစည်း အတွင်း ပြသနာ ဖြစ်လာလျှင် ဖြေရှင်းနိုင်သည့် တိုင်းပြည် အုပ်ချုပ်ရေး အဆောက်အအုံများ တည်ရှိနေပြီး  ဖြစ်သောကြောင့်ပင်။ ယင်းကို အာဏာရှင် စနစ်၏ အုပ်ချုပ်မှု အောက်မှ ဒီမိုကရေစီသို့ ပြောင်းလဲရန် ကြိုးပမ်း နေသော နိုင်ငံများတွင် ကျင့်သုံး ခဲ့ကြခြင်း ဖြစ်သည်။

ကမ္ဘာတွင် ၁၉၈၆ ခုနှစ်မှ စ၍ ယနေ့ အချိန်အထိ အာဏာရှင် စနစ် အုပ်ချုပ်မှု အောက်မှ ဒီမိုကရေစီသို့ ပြောင်းလဲ သွားကြသော နိုင်ငံပေါင်း လေးဆယ် နီးပါး ရှိခဲ့ပြီ။ ယင်းနိုင်ငံများ အနက် အမြောက် အများတွင် အာဏာရှင် အုပ်ချုပ်မှု အောက်တွင် ဖြစ်ပွား ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖေါက်မှု ကြီးများအား မည်သို့ အရေးယူ ကိုင်တွယ် သင့်သည် ဟူ၍ စဉ်းစား ကြရာ၌ အမျိုးသား ပြန်လည် သင့်မြတ်ရေးအား အယူအဆ တရပ် အနေဖြင့် အဓိက ကိုင်စွဲလာ ကြခြင်း ဖြစ်သည်။

အာဏာရှင်များ အုပ်စိုးလျက် ရှိသော နိုင်ငံများသည် ဒီမိုကရေစီနိုင်ငံ အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲ လာလျက် ရှိနေကြောင်း မျက်မှောက်ကမ္ဘာ့ သမိုင်းက သက်သေပြနေသည်။ ယင်းသို့ ပြောင်းလဲ ရာတွင်လည်း နည်းမျိုး စုံသော လူထု တိုက်ပွဲများ၊ ဖိအားများ၊ အခြား ပြည်တွင်းနှင့် နိုင်ငံတကာ အခြေအနေများ၊ တိုင်းပြည် စီးပွားရေး ပြသနာကို မဖြေရှင်း နိုင်မှု များက အာဏာရှင်များ အနေဖြင့် အပြောင်းအလဲ မလုပ်လျှင် မရနိုင်တော့သည့် အနေအထားကို ဖြစ်ပေါ်စေခဲ့သည်။

လက်တင် အမေရိက နိုင်ငံ နှစ်ဆယ်ကျော်တွင် အာဏာ သိမ်း၍ တက်လာ ခဲ့ကြသော စစ်အစိုးရ များက အစပိုင်းတွင် လူထုနိုင်ငံရေး သမားများကို အပုပ်ချ ခဲ့ကြသည်။ နိုင်ငံရေး သမားများသည် စည်းလုံး ညီညွတ်မှု မရှိကြ၊ အချင်းချင်း အပြန်အလှန် ဝေဘန် ထောက်ပြ ငြင်းခုံနေကြခြင်းဖြင့် အချိန်ကုန် နေကြသည်၊ ၄င်းတို့ တပ်မတော်သည် တသွေး တသံ တမိန့်ဖြင့် စည်းလုံး တောင့်တင်းစွာ လည်ပတ်သော အဖွဲ့အစည်း ဖြစ်သည်၊ တိုင်းပြည်အာဏာကို ချုပ်ကိုင်၊ တိုင်းပြည်ဖွံ့ဖြိုးရေးကို အကောင်အထည် ဖေါ်မည် ဆိုလျှင် ဆယ်စုနှစ် တခုအတွင်းမှာပင် တိုးတက်အောင် လုပ်ဆောင် နိုင်မည်ဖြစ်သည်၊ စသည်တို့ကို အကြောင်းပြကာ အာဏာ ရယူ ခဲ့ကြသည်။ လက်တွေ့တွင်မူ ၄င်းတို့ ထင်သလို ဖြစ်မလာဘဲ တဘက်တွင် လူ့အခွင့်အရေး ချိုးဖေါက်မှု ကြီးများအား ကျူးလွန်ကြ၊ အခြား တဘက်တွင် တိုင်းပြည်ကို ဆင်းရဲ တွင်းနက်သည့် ဘဝသို့ တွန်းချ ခဲ့ကြသည်။

 အာဏာရှင်များ အုပ်ချုပ်မှု အောက်၌ တိုင်းပြည်မှာ ဖွတ်ဖွတ် ကြေကာ လူတွေ ဘက်ပေါင်းစုံမှ အတိ ဒုက္ခရောက် နေခဲ့ကြသည်မှာ ကြာပြီဖြစ်သဖြင့် ၎င်းကို အမြန်ဆုံး အဆုံးသတ်၍ အသစ်ပြန်စ ချင်ကြသည်။ ဤတွင် ၄င်းတို့ ကျူးလွန် ခဲ့ကြသည့် လူ့အခွင့်အရေး ချိုးဖေါက်မှု ကြီးများနှင့် စပ်လျှဉ်း၍ သင့်တင့် လျှောက်ပတ်သည့် နည်းလမ်း များနှင့် အဖြေရှာ ထွက်ပေါက်  ပေးကာ အာဏာရှင် များအား နိုင်ငံရေး အာဏာမှ ထွက်ခွာ သွားစေ လိုသည့် အဖွဲ့အစည်းများ၊ အင်အားစု များက “အမျိုးသား ပြန်လည် သင့်မြတ်ရေး” ဟူသည့် နိုင်ငံရေး ဝေါဟာရနှင့် အယူအဆကို ကိုင်စွဲ ခဲ့ကြခြင်း ဖြစ်သည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေး” အတွက်တရားဝင်လုပ်ဆောင်မှုမှာအဘယ်နည်း။

တပ်မတော်နှင့် ပြေလည်ရေးကို မစဉ်းစားရဟု ကန့်ကွက်နေခြင်း မဟုတ်။

(၁) စဉ်းစားပုံ၊ စဉ်းစားနည်း၊ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း မပြည့်စုံခြင်းကို ဆိုလိုသည်။ “အမျိုးသား ပြန်လည် သင့်မြတ်ရေး” ဟူသော ခေါင်းစဉ် အောက်တွင် နိုင်ငံရေး အင်အားစုများ အားလုံး၊ တိုင်းပြည် အဆောက် အအုံများ အားလုံး အကြံုးဝင်အောင် စဉ်းစားရန် လိုပါမည်။

(၂) အထူးပြု အာရုံ ထားရမည့် နယ်ပယ် ရေရေရာရာ မရှိခြင်းကို ရည်ညွှန်းသည်။ တပ်မတော်က နိုင်ငံတော် အာဏာကို ရယူ အုပ်ချုပ်ခဲ့သည့် ကာလ အတွင်း ဖြစ်ပွား ခဲ့ပြီး သမျှ လူ့အခွင့်အရေး ချိုးဖေါက် မှုကြီးများ အပေါ်မည်သို့ ကိုင်တွယ် ဖြေရှင်း သင့်ကြောင်း အဓိက အားဖြင့် နည်းလမ်း ရှာခြင်းမျိုး ဖြစ်ရပါမည်။ ထို့အပြင် သမိုင်း သင်္ခန်းစာများ ရယူနိုင်ရန် အဖြေရှာခြင်း မျိုးလည်း ဖြစ်ရပါမည်။

(၃) ကာလ အကန့် အသတ် တိကျမှု မရှိခြင်းကို ထောက်ပြသည်။ “အမျိုးသား ပြန်လည် သင့်မြတ်ရေး” အခြေခံမှ စဉ်းစားသည့် ကာလအား ၁၉၆၂ ခုနှစ်မတ်လ (၂) ရက် စစ်တပ် အာဏာသိမ်း ခဲ့သည့် နေ့မှနေ၍ မျက်မှောက် ကာလ (တရားဝင် သတ်မှတ်သည့် နေ့တနေ့နေ့) အထိ ဖြစ်ရပါမည်။ ယခု အချိန်အထိမူ တရားဝင် သတ်မှတ် စတင်ခြင်း မရှိသေးကြောင်း တွေ့ရသည်။ တောင်အာဖရိကတွင် ၁၉၆၀ ခုနှစ် မတ်လ (၁) ရက်နေ့မှ ၁၉၉၃ ခုနှစ် ဒီဇင်္ဘာလ (၆) ရက်နေ့ အထိ သတ်မှတ် ခဲ့သည်။

“အမျိုးသား ပြန်လည် သင့်မြတ်ရေး” အတွက် လုပ်ဆောင် နေသည်ဟု ပုဂ္ဂိုလ် တဦးသို့ မဟုတ် လူတစုသို့ မဟုတ် အဖွဲ့အစည်း တခုက ဆိုပါလျှင် ယင်းကိုု တန်ဘိုး ထားရပါမည်။ သို့ရာတွင် လူ့အခွင့်အရေး အခြေခံ၌ တတိုင်းပြည်လုံး လွှမ်းခြံုစေပြီး တိကျသော ကာလ အကန့်အသတ်ကို သတ်မှတ်၊ ရှင်းလင်းသော လုပ်ငန်းစဉ်နှင့် အတူ လက်ရှိ အာဏာ ယူထားသော အစိုးရက ကြေငြာ လုပ်ဆောင်မှု မပြုသမျှ တရားဝင် စတင် လုပ်ဆောင်နေပြီဟု မဆိုနိုင်ပါ။

“အမျိုးသား ပြန်လည် သင့်မြတ်ရေး”သည် မစသေးပါ။

အပိုင်း (၂)ကိုဆက်လက်အားပေးပါရန်

Most read this week