အပိုင်း (၁) တွင် လယ်သမားများ ဖြတ်သန်း လာခဲ့ရသော ဘဝဖြစ်စဉ် တချို့နှင့် ပြန်လည် တည်ဆောက်ရေးတွင် လိုအပ် နေသော လုပ်ပုံကိုင်ပုံ နည်းလမ်း တချို့ကို တင်ပြ သွားခဲ့ခြင်း ဖြစ်ပါသည်။ လယ်သမားများ ချမ်းသာရေး နည်းနာများ အစီစဉ်ကို မစတင်ခင် လက်ရှိ ကြံုတွေ့နေသော အခြေအနေ အခင်းအကျဉ်း တချို့ကို တင်ပြပါရစေ။
လယ်သမား များ ရေရှည် ဆန္ဒပြနေခြင်း။ ဤနည်းလမ်းမျိုး မဖြစ်သင့်ဟု မြင်ပါသည်။ အခုမှ ချက်ချင်းကြီး နစ်နာမှုများ အားလုံးကို အံထုတ်ပြီး ဆန္ဒပြပွဲ နည်းလမ်းဖြင့် ဆန့်ကျင် နေမှုသည် အမျှော်မမြင် မရှိသော လုပ်ဟန်သာ ဖြစ်ပါသည်။ ဤ ကာလမျိုး၌ ပြုပြင် ပြောင်းလဲရေး အစ ကနဦးသည် အစိုးရက သတိရှိရှိဖြင့် ကိုင်တွယ်နေသော အချိန်၊ ဥပဒေအရ ပြုပြင် ပြောင်းလဲနေချိန်( ခေတ်မမှီတော့သည့် ဥပဒေကို ဆန်းစစ်နေချိန်)၊ ယခုလို အချိန်မျိုးတွင် ပြသနာ တစုံတခု ဖြေရှင်းရပါ က အစိုးရသည် ဖြေရှင်းစရာ ဥပဒေ အဟောင်းသာ ရှိပါသည်။ ဤသို့ကြောင့် ဖြစ်လာသည့် ဖြေရှင်းသည့် စနစ်သည် အာဏာရှင် တို့၏ လက်ဟောင်း ကိုင်တွယ်မှု ပုံစံ စနစ်သာ ပြန်လည် ခံရနိုင်ဖွယ် ရှိပါသည်။
အကြံပြု လိုသည်မှာ ဤအချိန်မျိုးတွင် လယ်သမားများ အနေဖြင့် ဥပဒေ ပြုရေးကို အာရုံစိုက် သင့်ပေသည်။ ဤအာရုံမှ တပါး တခြား အာရုံဖြင့် ပြုမူ ကျင့်ကြံနေပါက နောက်တကွေ့ ပြန်လည် ခံရနိုင်ဖွယ် ရှိနေပါသည်။ လယ်သမားများ တခြား အာရုံသို့ ရောက်နေစေရန်နှင့် အမျိုးမျိုး ထွေပြား နေစေရန်လည်း လုပ်ကြံ ဖန်တီးမှု များ၏ လှည့်ကွက်နောက်သို့ ကျရောက်နိုင်ဖွယ် ရှိနေပါသည်။ သတိ ထားပြီး သေချာ စဉ်းစား စေချင် ပါသည်။
ဤအချိန်အခါ သမယမျိုးတွင် လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ၊ လယ်သမားများ အတွက် အကျိုး ရှိစေသည့် ဥပဒေများ ဖြစ်ထွန်း လာရေးကို အာရုံစိုက် သင့်ပါသည်။ “နောက်မှဘာ ဖြစ်တယ် ညာဖြစ်တယ် ဆိုတာထက်” စဉ်းစားရန် လိုပါသည်။
လယ်သမား များအတွက် ဥပဒေ အာမခံ ချက်များ၊ ၀င်ငွေ ကောင်းလာရေး အတွက် နည်းလမ်းကောင်းများ၊ အခွင့်အရေး များအတွက် တရားဝင် ပြဌာန်းပေးရန် လိုအပ် နေပါသည်။ ပွင့်ပွင့် လင်းလင်း ပြောရမည် ဆိုပါလျှင် ဤကဲ့သို့သော အခြေ အနေနှင့် အချိန်အခါ မျိုးတွင် လယ်သမား များအား တခြား အာရုံများ၌ လမ်းလွှဲ နေစေရန် ကြံဆောင် နေကြမည်မှာ ဧကန် မလွဲဖြစ်ပါသည်။
ဤအချိန်မျိုးတွင် လယ်သမားများသည် ထိရောက်မှု မရှိသည့် “ ဟိုမရောက် ဒီမရောက်” ဆန္ဒပြနေကြမည့် လုပ်ဟန် အစား လယ်သမား များအတွက် အကျိုးရှိသော ဥပဒေပြုရေးကို အာရုံထားပြီး စုပေါင်း ဆောင်ရွက်ကြမည့် အချိန် သမယဖြစ် ပါသည်။ အစိုးရသည် အာဏာရှင် စနစ်မှ ဥပဒေ ကျင့်သုံးသော စနစ်ကို ပြုပြင် ပြောင်းလဲ နေပါသည်။ “စောင်မကပ် ပုဒ်မ ခေတ်ကုန်ပါပြီး” ဤသို့ကြောင့် အသစ် အတည် ပြုလာသော ဥပဒေများကို သတိထားကြရန် လိုအပ် လာနေကြောင်း တင် ပြရေးသား လိုခြင်း ဖြစ်ပါသည်။ အပြောင်းအလဲ ကာလ ဟူသည် ချက်ချင်း ရေကြည် သောက်၍ မဖြစ်နိုင်ကြောင်း သိသော သူများသာ အနှစ်သာရကို ဖေါ်စား သွားလိမ့်မည် ဖြစ်ကြောင်း၊ ရိုးသားစွာ တင်ပြပါရစေ။
ရိုးရိုးသားသား အကြံပြုလိုသည်မှာ ဆန္ဒပြခြင်း အတူတူ ဥပဒေကြောင်း အရ မတရားမှုကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြပါ ပိုပြီး ထိရောက်မည် ဖြစ်သည်။ ယခု ကဲ့သို့သော အခြေအနေမျိုး ဒေသန္တရ၌ ဆန္ဒပြခြင်း၊ လယ်သမား တစုမှ မိမိ တို့ခံ စားချက် တချို့့ကို စံထားပြီး ဆန္ဒပြနေခြင်းကို အာရုံစိုက် နေကြမည် ဆိုလျှင် ဘယ်လိုမှ ထိရောက်မည် မဟုတ်ဟု ရဲရဲ တင်းတင်း တင်ပြ လိုပါသည်။
ဆန္ဒပြမှုသည် ထိရောက်ရမည်၊ ရည်ရွယ်ချက် တခုကို အထမြောက်သည့် ဆန္ဒပြမှု ဖြစ်ရမည်။ သို့မဟုတ်ဘဲ ဆန္ဒ မပြ တတ်ပါက မိမိအင်အားသာ ချိနဲ့သွားမည်ကို သိထားရပါမည်။ ဤသို့ကြောင့် မထိရောက်သော ဆန္ဒပြမှုသည် အချီးနှီး ပင်ဖြစ်ပါသည်။ (ဥပမာ) ကြေးနီတောင် ဆန္ဒပြမှုကို စဉ်းစားစေချင်ပါသည်။ ဤဒေသမှ လယ်သမားများ ဆန္ဒပြမှုသည် နစ်နာမှုကြောင့် ပြရခြင်းဖြစ်ပါသည်။ သို့သော် ဆန္ဒပြမှုသည် ဒေသန္တရ အဆင့်သာဖြစ်သည်။ တပြည်လုံး အတိုင်း အ တာ မဟုတ်သောကြောင့် ရေရှည်တွင် ဒေသန္တရ လယ်သမားများ ကသာ နစ်နာကြမည်ဖြစ်ကြောင်း စေတနာသဒ္ဒါဖြင့် ထောက်ပြလိုပါသည်။ အင်အား မပြုန်းသင့်ဘဲ အင်အားဖြုန်းနေခြင်းသာဖြစ်သည်ဟု ယူဆမိပါသည်။ စေတနာတရား ကိုနားလည်မှုပေးပါ။
အလားတူပင် မြန်မာနိုင်ငံ၌ မထင်မရှားသော လယ်သမား နစ်နာမှု ဆန္ဒပြပွဲများ အများအပြား ဖြစ်ပွားခဲ့ပါသည်။ ဤကဲ့ သို့သော အစိတ်အပိုင်းတခုမှ မထိရောက်သည့် ဆန္ဒပြမှုများသည် အလွယ်တကူပင် သပိတ် လှန်ခံခဲ့ရသည်ချည်း ဖြစ်ပါ သည်။
ဤနည်းလမ်းကို ရှောင်ရှားကြရတော့မည်မှာ အမှန်ပင်ဖြစ်ပါသည်။ ဤသို့ကြောင့် လယ်သမားများ အတွက် အကောင်း ဆုံးနည်းလမ်းမှာ မိမိတို့ခြေထောက်ပေါ် မိမိတို့ ရပ်ရေးဖြစ်သည်။ ဤနေရာတွင် ကိုယ့်ကိုယ်ကို အားကိုးရေးနှင့် စုပေါင်း ဆောင်ရွက်တတ်သော စနစ်တခု ရရှိရန် ပူးပေါင်း ဆောင်ရွက်ရေးပင် ဖြစ်ပါသည်။
တနိုင်ငံလုံး လယ်သမားများ မည်သို့ စုစည်းကြမည်နည်း။ တနိုင်ငံလုံး လယ်သမားများ အားလုံး အတွက် ဦး တခုတည်း သော ဆောင်မှု စနစ် ဖြစ်လာရန် မည်သို့ ကြံဆောင် ကြမည်နည်။ မိမိတို့ လယ်သမား အကျိုး စီးပွားအတွက် အာမခံရှိသော ဥပဒေမျိုး ရရှိရန် မည်သို့ ပူးပေါင်း ဆောင်ရွက် ကြမည်နည်း။ စသည့် ကိစ္စများတွင် ပိုမို အာရုံ ထားကြရမည် ဖြစ်သည်။
လွတ်လပ်ပြီး ချမ်းသာနိုင်သော အခြေခံ လယ်သမား အဆောက်အအုံ
(၁) တနိုင်ငံလုံး အတိုင်းအတာ ဆောင်သော လယ်သမား အဖွဲ့ချုပ် ရှိလာရေး။
(၂) ကျေးရွာ၊ တိုက်နယ်၊ မြို့နယ်၊ ပြည်နယ်/ တိုင်းနှင့် အဖွဲ့ချုပ် ဖြစ်လာသည် အထိ ဥပဒေနှင့် အညီ အဆင့်ဆင့် ဖွဲ့စည်း ရေး။
(၃) နိုင်ငံတကာ လယ်သမား အဖွဲ့ချုပ်များနှင့် တရားဝင် ပူးပေါင်းဆောင်ရွက်ရေး။
(၄) လယ်ယာ စျေးကွက် ရရှိရေးအတွက် အာမခံချက် ရှိသော စျေးကွက် စီးပွားရေး စနစ်နှင့် နိုင်ငံခြားရေးမူဝါ ကျင့်သုံးရေး။
(၅) ဤစနစ်မျိုး ရရှိလာရန် တည်ဆဲ ဥပဒေဖြင့် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။ ဤအတွက် အစိုးရ မှ ILO အား ဂတိပေးပြီး မဖြစ်မနေ ဥပဒေ ပြဌာန်းခဲ့ပြီး သဘော တူခဲ့သဖြင့် အစိုးရအား စီးပွားရေး ပိတ်ဆို့မှုမှ ကင်းလွတ် ခဲ့ခြင်းဖြစ်ပါသည်။
ဤသည် အပြု သဘော ဆန်သည့် သာယာဝပြောသော လယ်သမား စနစ် ဖြစ်ပါသည်။ အာဏာရှင် အစိုးရသည်ပင် ခေတ်မမှီတော့သည့် စနစ်များကို ပြုပြင်နေရပါသည်။ ဤနေရာတွင် လယ်သမားများ အနေဖြင့် အပြုသဘောဆောင် ပူးပေါင်း ဆောင်ရွက်သင့်သော အစီစဉ် ရှိသင့်ပါသည်။ ဤကဲ့သို့ အပြုသဘောဆောင် ပူးပေါင်း ဆောက်ရွက် နေပါလျှက်နှင့် မတ ရားမှုများ ဆက်လက် ဖေါက်ဖျက် နေပါက ဤသို့သော အနေအထား မျိုး၌ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြပါက မိုမို ထိရောက်လိမ့်မည် ဖြစ်သည်။ ဤစခန်းဆင့်သည် အမြင့်ဆုံး တိုက်ပွဲ သဏ္ဍာန် ဖြစ်ပေသည်။ သို့သော် ဤစခန်း ဆင့်မျိုးကို အသုံးပြု စရာမလိုသည့် အောင်မြင်မှုမျိုးများ ရရှိခဲ့ပါက အကောင်းဆုံးပင် ဖြစ်ပါသည်။
သို့သော် လယ်သမား များသည် စခန်းဆင့် အရ မိမိတို့၏ စုစည်းမှု အင်အားကို အရင် တည်ဆောက် ရပေလိမ့်မည်။ ဤ ကာလမျိုးတွင် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သင့်ပါသည်။ အစိုးရမှ ပြုပြင် ပြောင်းလဲ သင့်သည့် ဥပဒေများကို စုပေါင်း အကူအညီ ပေးရ ပေလိမ့်မည်။ ဤသည် ဥပဒေ၊ အစိုးရ နှင့် လယ်သမားများ၏ ပူးပေါင်း ဆောင်ရွက်မှု အစိတ် အပိုင်း ဖြစ်ပေသည်။ အစိတ်စိတ် အမွှာမွှာ ကွဲပြီး ဒေသန္တရ နည်းလမ်းမျိုးဖြင့်သာ ကျင့်သုံးနေခဲ့ပါက မိမိတို့ နိုင်ငံမှ လယ်သမားဘဝ များသည် လုံးဝ ချမ်းသာ လိမ့်မည်တော့ မဟုတ်ပေ။
အာဏာရှင် စစ်အစိုးရသည် နည်းလမ်းသစ်ဖြင့် ကမ္ဘာနှင့် ရင်ဘောင် တန်းနိုင်အောင် အခြေအနေ ဟောင်းများကို စွန့် ပယ်ပြီး ကောင်းမွန်သော အစိုးရသစ် တရပ် ပေါ်ပေါက် လာရေးကို စနစ်ဟောင်း အစိုးရဟောင်း အဖွဲ့ကို အရင်းခံပြီး အသစ်ပြုပြင် ပြောင်းလဲ နေပြီး ဖြစ်ပါသည်။ လယ်သမားများ အစိုးရနှင့် လက်တွဲပြီး ပူးပေါင်း ဆောင်ရွက် ကြပါစို့ ဟု တိုက်တွန်း လိုပါသည်။
အပိုင်း(၃)ကို ဆက်လက် အားပေးပါရန် လေးစားစွာဖိတ်ခေါ်ပါသည်။