စစ်တပ်တွင် တာဝန်ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်အင်္ဂါ ချို့ယွင်းခဲ့ရသည့် စစ်သားများသည် တစ်နှစ်လျှင် ငွေကျပ်သုံးသောင်း ထောက်ပံ့ပေးကြောင်း
ကာကွယ်ရေးဝန်ကြီးဌာန ဒု-၀န်ကြီး၏ သြဂုတ် ၂၈ ရက်က လွှတ်တော်တွင် ရှင်းလင်းဖြေကြားချက်တွင် ပါရှိသည်။
မသန်စွမ်း ဖြစ်သွားသည့် အငြိမ်းစား စစ်သားများအတွက် နိုင်ငံမှ ကူညီ ထောက်ပံ့ပေးရန်နှင့် စစ်မှုထမ်းဟောင်းများ နှင့် ၎င်းတို့မိသားစုများ၏ ဘဝကို မြှင့်တင်ပေးရန် သြဂုတ် ၂၈ ရက်က အောက်လွှတ်တော် တွင် အမတ်သုံးဦးက အရေးဆိုသဖြင့် ဒု-၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြန်လည်ဖြေကြားစဉ် ထိုအချက်အလက် ပါ၀င်ခဲ့ခြင်းဖြစ်သည်။
ဒု-၀န်ကြီး၏ လွှတ်တော်တွင် ဖြေကြားချက်တွင် အသက် ရ၅ နှစ်အထက် စစ်မှုထမ်းဟောင်းများကိုလည်း တစ်နှစ်လျှင် ကျပ်နှစ်သောင်း ထောက်ပံ့ကြေးပေးကြောင်းလည်း ပါရှိသည်။
ထို့ကြောင့် မသန်စွမ်းဖြစ်သွားသည့် စစ်သားဟောင်းတစ်ဦးသည် တစ်ရက်လျှင် ၈၂ ကျပ် ၁၉ပြား ထောက်ပံ့ကြေး ရရှိပြီး၊ အသက် ရ၅ နှစ်အထက် စစ်မှုထမ်းဟောင်းများမှာမူ တစ်ရက်လျှင် ၅၄ ကျပ် ရ၉ ပြား ရရှိသည့် သဘောဖြစ်သည်။
လက်ရှိတွင် မသန်စွမ်းဖြစ်နေသည့် စစ်သားအချို့မှာ စာအုပ်များနှင့် ဓာတ်ပုံများ လိုက်လံရောင်းချနေသည်ကို ဒေသအနှ့ံအပြားတွင် တွေ့မြင်နေရသည်။
“မသန်စွမ်းဖြစ်သွားတဲ့ စစ်သည်တွေဟာ ပြင်ပလောကမှာလည်း အလုပ်အကိုင်ရရှိဖို့ မလွယ်ပါဘူး။ မိသားစုတွေရဲ့ ပညာရေး၊ ကျန်းမာရေးကိုတောင် အနိုင်နိုင် ဖြေရှင်းနေရပါတယ်”ဟု ကရင်ပြည်နယ်၊
ဖာပွန်အမတ် ဦးစိုင်းသန်းနိုင်က ၎င်းဒေသရှိ မသန်စွမ်းစစ်သားများ၏ အခြေအနေကို လွှတ်တော်တွင် တင်ပြခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် စစ်မှုထမ်းဟောင်း နှစ်သိန်းကျော်ရှိနေကာ စစ်မှုထမ်းဟောင်း အိမ်ရာများကိုလည်း ဆောက်လုပ်ပေးနေပြီး စစ်တပ်မှ ထိပ်တန်းအရာရှိ အငြိမ်းစားများ ထူထောင်ထားသည့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်မှ လစဉ် ကျပ်သိန်းတစ်ရာနှင့် ဘိလပ်မြေအိတ် ၁၀၀၀ ထောက်ပံ့ပေးသည်ဟု ဒု-၀န်ကြီး၏ ဖြေကြားချက်တွင် ပါရှိသေးသည်။
သို့သော် ဒု-၀န်ကြီးက မည်သည့်အဆင့် အငြိမ်းစားများကို အိမ်ဆောက်ပေးပြီး၊ ငွေနှင့် ဘိလပ်မြေအိတ်များ ထောက်ပ့ံပေးသည်ကိုမူ ပြောမသွားခဲ့ပေ။
သမ္မတဦးသိန်းစိန်သည် “မသန်မစွမ်း ဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသော (သို့) ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးဥပဒေ”ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတ် ၃၀ ရက်က လက်မှတ်ရေးထိုးပြီး ပြဌာန်းခဲ့သည်။
ထိုဥပဒေတွင် မသန်မစွမ်းဖြစ်သွားသော စစ်သားသည် မသန်မစွမ်းမှု ရာခိုင်နှုန်း ၆၀နှင့် အထက်ရှိကြောင်း ဆေးခုံအဖွဲ့ က သတ်မှတ်ခံရပြီး၊ တပ်မတော်တွင် ကျေနပ်လောက်အောင် တာဝန်ထမ်းဆောင်ခဲ့သည်ဟု အခွင့်ရအာဏာပိုင် (သို့) အဖွဲ့ကအတည်ပြုလျှင် ထောက်ပ့ံစောင့်ရှောက်မှုကို ခံစားပိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားသည်။
သို့သော် အဆိုပါဥပေဒအတည်ပြုပြီး တစ်နှစ်နှင့် ငါးလအထိ ကြာမြင့်ပြီဖြစ်သည့် ယနေ့အချိန်အထိ နည်းဥပဒေ ထွက်မလာသေးသဖြင့် ယင်းဥပဒေပါ ပြဌာန်းချက်များအတိုင်း အကောင်အထည် မဖော်နိုင်သေးပေ။
ရွှေပြည်သာမှ အောက်လွှတ်တော်အမတ် ဦးတင်မောင်ဦးက “စစ်မှုထမ်းဟောင်းတွေကို လေ့လာကြည့်လို့ စစ်မှုထမ်းဟောင်းတွေဟာ စားဝတ်နေရေး မပြေလည်ဘူး။ အခက်အခဲတွေ့နေရင် နောင်အနာဂတ်မှာ တပ်မတော်ထဲ ၀င်မယ့် ကလေးတွေဟာ သူတို့ကိုကြည့်ပြီး ၀င်ဖို့အတွက် အဟန့်အတားဖြစ်မှာ ဖြစ်ပါတယ်။ တကယ်လို့ စစ်မှုထမ်းဟောင်းတွေဟာ ပြောင်ပြောင်ရောင်ရောင်နဲ့ နေရတာမျိုး မြင်တယ်ဆိုရင်တော့ အနာဂတ်မှာ လူငယ်များစွာ အရင်ကလိုပဲ တပ်မတော်ထဲ ၀င်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်သား တွေအတွက် အာမခံချက်တစ်ခုဆောင်ရွက်ပေးဖို့ လိုမယ်လို့ အကြံပြု တင်ပြလိုပါတယ်”ဟု လွှတ်တော်တွင် ထောက်ပြပြောဆိုခဲ့သည်။
ယခုလက်ရှိ ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာနက အသုံးစရိတ် ငွေကျပ်သန်းပေါင်း နှစ်သန်းကျော် ရရှိထားပြီး ၀န်ကြီးဌာန အားလုံးအနက် ဘတ်ဂျက် ဒုတိယအများဆုံးရရှိသည့် ၀န်ကြီးဌာန ဖြစ်သည်။