အခြေခံလူ့အခွင့်ရေး ကင်းမဲ့ခဲ့ခြင်းကြောင့် တိုင်းရင်းသားဒေသများတွင် ပဋိပက္ခများ ဖြစ်ပွားဟု ဆို

အခြေခံလူ့အခွင့်ရေး ကင်းမဲ့ခဲ့ခြင်းကြောင့် တိုင်းရင်းသားဒေသများတွင် ပဋိပက္ခများ ဖြစ်ပွားဟု ဆို
by -
မဇ္ဈိမ

တိုင်းရင်းသားဒေသများတွင် ပဋိပက္ခများ ဖြစ်ပေါ်နေရခြင်းမှာ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ မိမိကြမ္မာ မိမိဖန်တီးနိုင်ခွင့် အစရှိသည့် အခြေခံလူ့အခွင့်အရေးများ ကင်းမဲ့ခဲ့သောကြောင့် ဖြစ်သည်ဟု လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့မှ တာဝန်ခံ ဦးမောင်မောင်လေးက သြဂုတ် ၂၇ ရက်တွင် ပြောသည်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က သြဂုတ် ၂၇ ရက်တွင် တောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက်ရှိ၊ ကံဦးကျောင်းတိုက်တွင် ပြုလုပ်သည့် လူ့အခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပွဲအစီအစဉ် တာဝန်ခံ ဦးမောင်မောင်လေးက ယင်းသို့ ပြောခြင်းဖြစ်သည်။

ဦးမောင်မောင်လေးက “ရှမ်းပြည်နယ်ဆိုတာ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့ တောင် ပေါ်ဒေသဖြစ်တယ်။ တိုင်းရင်းသားတွေအနေနဲ့ လူ့အခွင့်ရေးဆိုတာ ဘာလဲ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ ဘာလဲဆိုတာ သိရှိစေဖို့၊ ကာကွယ်တတ်ဖို့ ရည်ရွယ်ပြီး ကျွန်တော်တို့ အပြန်အလှန် ဆွေးနွေးပွဲတွေ လုပ်ရခြင်းဖြစ်ပါတယ်”ဟု ဆိုသည်။

နိုင်ငံတစ်ဝန်းလုံးတွင်ရှိသော နိုင်ငံသူ၊နိုင်ငံသားများ၊ တိုင်းရင်းသားများအားလုံး မွေးရာပါ အခွင့်အရေးများ၊ အခြေခံ လူ့အခွင့်အရေးများကို သိရှိစေရန်အတွက် ယင်းကဲ့သို့ သင်တန်းများပေးနေခြင်းဖြစ်သည်ဟုလည်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း “တိုင်းရင်းသားဒေသတွေမှာ စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့နဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို အပြန်အလှန် လေးစားလိုက်နာ လက်ခံမယ်ဆိုရင် ငြိမ်းချမ်းပြီးစစ်မှန်တဲ့ ပြည်ထောင်စု နိုင်ငံတော်ကြီး ဖြစ်ပေါ် လာနိုင်စေဖို့ကို ရည်ရွယ်ပြီး လူ့အခွင့်အရေး ကာကွယ်မြင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်တယ်” ဟုလည်း မဇ္စျိမကို ပြောသည်။

ရှမ်းပြည်နယ်ရှိ ညောင်ရွှေ၊နမ့်စန်၊ တာချီလိတ်၊ တောင်ကြီးမြို့တို့တွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့က လူ့အခွင့်ရေးနှင့် ဆက်စပ်သည်များကို သိရှိနိုင်စေရန် သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၏ လူ့အခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲသို့ အရပ်ဖက် လူမှု အဖွဲ့ အစည်းများ၊ လူငယ်မျိုးဆက်သစ်များ၊ လူ့အခွင့်အရေးကို စိတ်ဝင်စားသူများ စုစုပေါင်း ၃၀ ခန့် တက်ရောက် ဆွေးနွေးသည်။

Most read this week