စစ်တပ်က သိမ်းဆည်းထားသည့် မြေများကို ပြန်ပေးရန် ဆောင်ရွက်နေသည်မှာ နှေးကွေးလွန်းပြီး၊ ပြန်ပေးမည့် မြေပမာဏမှာလည်း အလွန်နည်းကြောင်း ပြည်ထောင်စုလွှတ်တော်၏ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မတီအဖွဲ့ဝင် မြေပုံမဲဆန္ဒနယ်အမတ် ဦးဖေသန်းက သြဂုတ် ၂၇ ရက်က ပြောသည်။
ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးဝေလွင်က တစ်နိုင်ငံလုံးတွင် စစ်တပ်သိမ်းထားသည့် မြေပမာဏမှာ စုစုပေါင်း ၂၉၇,၀၀၀ ဧက ရှိသည့်အနက် ၁၆ ပုံတစ်ပုံခန့် (၁၈၃၆၄ ဧကကျော်) ကို ပြန်ပေးမည်ဟု ပြီးခဲ့သော ဇူလိုင် ၁၆ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။
ပြန်ပေးမည့် မြေပမာဏကို လွှတ်တော်တွင် ထိုသို့ ထုတ်ဖော် ပြောကြားပြီးနောက် ထပ်မံ ရောက်ရှိလာသည့် တိုင်စာ ၁၀၀ ကျော်ရှိခဲ့သဖြင့် ယင်းတို့ကိုစိစစ်ရာ ပြန်ပေးသင့်သည့် မြေများ ထပ်တွေ့သဖြင့် ယခုအခါ စစ်တပ်က
ပြန်ပေးမည့် မြေပမဏမှာ ယခင်ထက် ဧက ၁၉၀၀၀ ကျော်ပိုမိုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်ဟု ဦးဖေသန်းက ဆိုခဲ့သည်။
“ပြန်ပေးမယ့် ပမာဏကိုကြည့်ရင်လည်း အရမ်းနည်းနေတာကို တွေ့ရတယ်။ ရခိုင်က တိုင်ထားတာ ဧက ၂၀,၀၀၀ ရှိတဲ့နေရာမှာ ဆယ်ပုံတစ်ပုံဖြစ်တဲ့ ၁၇၈၂ ဒသမ၂၀ ဧကပဲ ပြန်ပေးမယ့် အနေအထားပဲ ရှိသေး တယ်”ဟု သူက ဆက်ပြောသည်။
ထို့ပြင် လယ်သမားများထံ မြေပြန်ပေးရန် လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်မှာလည်း နှေးကွေးလွန်းသဖြင့် ယခု မိုးရာသီတွင် လယ်သမားများ ပြန်ရမည့် လယ်ပေါ်တွင် လုပ်ကိုင်နိုင်တော့မည် မဟုတ်ကြောင်း ထိုလွှတ်တော် အမတ်က ပြောသည်။
စစ်တပ်က ၎င်းတို့ သိမ်းဆည်းထားသည့် မြေများကို လယ်သမားများထံ ပြန်ပေးရာတွင် တိုက်ရိုက်ပေး ခြင်းမဟုတ်ဘဲ အစိုးရထံ ကနဦး ပြန်အပ်နှံရမည်ဖြစ်ပြီး အစိုးရမှတစ်ဆင့် သက်ဆိုင်ရာ ၀န်ကြီးဌာနကို ဒေသအလိုက် တောင်သူများ ထံ ပြန်ပေးရမည်ဖြစ်ရာ လယ်သမားများ မြေပြန်ရရန် အလွန်ကြန့်ကြာမည်ကို စိုးရိမ်မိသည်ဟုလည်း ဦးဖေသန်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် စစ်တပ်သိမ်းထားသည့် မြေပေါ်၌ လုပ်ကိုင်သူများ၏ အခြေအနေမှာ ပြောင်းလဲမှုတစ် စုံတစ်ရာ မရှိသေးသည့်အပြင် လယ်လုပ်ခွင့်ပင် ဆုံးရှုံးနေသူများ ရှိကြောင်း အမ်းမြို့မှ တပ်သိမ်းမြေ ပြန်ရရေး ဆောင်ရွက််နေ သူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်သွယ်သွယ်စိုးက ဆိုသည်။
“တပ်သိမ်းမြေကို တစ်ဧက စပါး ၁၀ တင်းနှုန်းနဲ့ပေးပြီး လုပ်နေရတဲ့ လယ်သမားတွေ ရှိနေသေးသလို၊ သီးစားခပေးပြီး ကိုယ့်လယ်ကို ပြန်လုပ်ခွင့် လုံးဝမရတော့တဲ့ လယ်သမားတွေလည်း ရှိနေတယ်”ဟု ဒေါ် သွယ်သွယ်စိုးက ပြောသည်။
လက်ရှိတွင် ကိုယ့်မြေကိုယ် လုပ်ခွင့်ရနေသော်လည်း တရားဝင် ပိုင်ဆိုင်မှုမရှိသေး၍ စိုးရိမ်စိတ်ဖြင့်သာ လုပ်ကိုင်နေရသူများလည်း ရှိကြောင်း ဂွမြို့နယ်မှ လယ်သမားများက ဆိုကြသည်။
ကျိန္တလီမြို့နယ်ခွဲ သဲကုန်းရွာမှ လယ်သမား ဦးဝင်းထွဋ်က “လာမယ့်နှစ် တပ်က ပြန်သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်တာ တွေလည်း ရှိနေတယ်”ဟု ပြောသည်။