ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တိုင်းရင်းသားအရေးညှိနှိုင်းဆောင်ရွက်ရန် ဖွဲ့ထားသည့် တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့(WGEC)က ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နေပြည်တော်၌ ယခုလ ၃၁ ရက်တွင် တွေ့ဆုံဆွေးနွေး ရန်ရှိသည် ဟု WGEC အဖွဲ့ဝင် RCSS/SSA (ရှမ်းပြည်တောင်ပိုင်း တပ်မတော်) မှ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစိုင်းမိန်းက ပြောသည်။
အဓိကဆွေးနွေးဖို့အချက်က WGEC အဖွဲ့သွားတာရယ် ကျွန်တော်တို့တပ်အနေနဲ့ သွားတာရယ်မှာ အစိုးရက ကြေညာထားတဲ့ တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး ကြေညာထားတာရယ်မှာ နိုင်ငံရေးဆွေးနွေးရာမှာ ဘယ်လိုဆွေးနွေးမယ်။ Time Frame (အချိန်သတ်မှတ်ချက်)တွေ ဘယ်လိုချမယ်ဆိုတာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ WGEC က အစိုးရနဲ့ညှိမှာပေါ့”ဟု ဗိုလ်ကြီးစိုင်းမိန်းက ပြောသည်။
ထို့အပြင် တွေ့ဆုံရာ၌ WGEC မှရေးဆွဲထားသော ငြိမ်းချမ်းရေးလမ်းပြမြေပုံ (၆)ချက်ကိုလည်း ဆွေးနွေးရန် ရှိကြောင်း ၎င်းက ပြောသည်။ ယင်းလမ်းပြမြေပုံသည် တိုင်းရင်းသား အဖွဲ့အစည်း ၁၈ ဖွဲ့က ၂၀၁၂ ခုနှစ် စက်တင်ဘာလက ပြုလုပ်သော တိုင်းရင်းသားညီလာခံတွင် ပူးပေါင်းရေးဆွဲထားခြင်းဖြစ်သည်။
လမ်းပြမြေပုံရေးဆွဲစဉ်က ပါ၀င်ခဲ့သော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC က လမ်းပြမြေပုံကို လက်ခံထားဆဲဖြစ်သော်လည်း WGEC ၏တွေ့ဆုံမှုမှာ ၄င်းတို့နှင့် မသက်ဆိုင်ကြောင်း ပြောသည်။
Road Map ၆ ချက်က တိုင်းရင်းသားညီလာခံကနေ ဆွဲထားတာပါ။ အန်ကယ်တို့ကလည်း အဲဒီ့အပေါ်မှာ ရပ်တည်နေပါတယ်။ သူတို့ သွားဆွေးနွေး တာတော့ အန်ကယ်တို့နဲ့ သက်ဆိုင်မှုမရှိပါဘူး”ဟု WGEC ၏ အတွင်းရေးမှူးနိုင်ဟံသာက ဆိုသည်။
WGEC တွင် ယခင်က UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ) မှ ၁၁ဖွဲ့အပါအဝင် UNFC မဟုတ်သော RCSS/SSA,APL(ရခိုင်လွတ်မြောက်ရေးပါတီ) အပါအဝင် လူထုအခြေပြုလူမှု အဖွဲ့အစည်းခြောက်ဖွဲ့ပါ၀င်သည်။ ထိုလုပ်ငန်းအဖွဲ့သည် ၂၀၁၃ ခုနှစ် ဧပြီလတွင် နိုင်ငံရေး ဆွေးနွေးပွဲအတွက် မူဘောင် မူကြမ်းကို ရေးဆွဲခဲ့ပြီး ထိုမူကြမ်းအား အစိုးရနှင့်ဆွေးနွေးရာတွင် ကော်မတီတစ်ခုထပ်မံဖွဲ့ပြီး ဆွေးနွေးရန် ဆုံးဖြတ် ခဲ့သည့်နောက်ပိုင်း ၂၀၁၃ ဇွန်လတွင် UNFC က WGEC မှ နှုတ်ထွက်ခဲ့ သည်။
WGEC နှင့် ဒု-သမ္မတ တွေ့ဆုံရန် မူလက သြဂုတ်လ ၂၅ ရက်ကို သတ်မှတ်ခဲ့သော်လည်း ဒု-သမ္မတ မအားလပ် သဖြင့် သြဂုတ်လ ၃၁ ရက်သို့ ရွှေ့ဆိုင်းလိုက်ရပြီး နေပြည်တော်တွင် တရားဝင်တွေ့ဆုံမည် ဟု RCSS/SSA မှ ဗိုလ်ကြီးစိုင်းမိန်းက ပြောသည်။
ထိုသို့ တွေ့ဆုံမှုနှင့်ပတ်သက်၍ မြန်မာငြိမ်းချမ်းရေးစင်တာ အထူးအကြံပေးအဖွဲ့မှ ဦးလှမောင်ရွှေကို ဆက်သွယ် မေးမြန်းရာ “ဒေါက်တာစိုင်းမောက်ခမ်းနဲ့ တွေ့မယ့်ကိစ္စကို အခုထိတော့ ဘာမှမသိသေးဘူးဗျ။ (စေ့စပ်ဆွေးနွေးရေး ခေါင်းဆောင်) ဦးအောင်မင်းနဲ့ သူတို့နဲ့ ညှိနှိုင်းထားတာ ဘာရှိလဲတော့ ကျွန်တော် မသိသေးဘူး”ဟု ပြောသည်။
ယခုကဲ့သို့ WGEC နှင့် ဒု-သမ္မတတို့တွေ့ဆုံရာတွင် RCSS/SSA မှ ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးစိုင်းလနှင့် ဒုဗိုလ်မှူးကြီး စိုင်းငင်းတို့ ပါ၀င်မည်ဖြစ်ပြီး UNFC အဖွဲ့ဝင်များဖြစ်သည့် KNU (ကရင်အမျိုးသားအ စည်းအရုံး) နှင့် CNF (ချင်းအမျိုးသားတပ်ဦး) တို့လည်း ပါ၀င်မည်ဟု RCSS/SSA မှ ဗိုလ်ကြီး စိုင်းမိန်းက ပြောသည်။
WGEC ကို ဥရောပမြန်မာရုံး (EBO)မှတစ်ဆင့် ဥရောပနိုင်ငံများက ငွေကြေးထောက်ပံ့ထားကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လေ့လာနေသည့် mmpeacemonitor ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။