အသစ်ပြန်လည် တည်ဆောက်မည့် သားငါးကုန်ခြောက်စျေးသစ် ဆောက်လုပ်နေစဉ်အတွင်း ပျံကျစျေးသည်များ အတွက် နေရာအငြင်းပွားမှုများရှိရာ သြဂုတ်၂၂ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြေလည်မှု ရရှိသွားပြီဖြစ်သည်။
တောင်ကြီးမြို့ စည်ပင်ရုံးခန်းမတွင် ကျင်းပသည့် အဆိုပါ အစည်းအဝေးကို မြို့မစျေးမိစျေးဖများ၊ စျေးကော်မ တီ ဥက္ကဋ္ဌ၊ ပျံကျစျေး ကော်မတီဝင်များနှင့် စုစုပေါင်း အယောက် ၆၀ ကျော် တက်ရောက်ပြီး ဗိုလ်ချုပ်အောင် ဆန်းလမ်း အရှေ့ဘက်ရှိ အသစ်တည်ဆောက်မည့် သားငါးကုန်ခြောက်စျေး နေရာသတ်မှတ်မှုနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။
“အသစ်တည်ဆောက်နေတုန်း ပြောင်းရွှေ့မယ့် သားငါးကုန်ခြောက် ယာယီစျေးကိုတော့ လက်ရှိပျံကျတွေ ရောင်းနေတဲ့ တပင်ရွှေထီးလမ်းမှာ မထားတော့ဘဲ ကုန်သည်လမ်းမှာ နေရာချပြီးတော့ ယာယီစျေး သတ်မှတ် တည်ဆောက်သွားမှာပါ၊ နေရာမလောက်ရင် တပင်ရွှေထီးလမ်းနေရာက ပျံကျစျေးသည်တွေကို နေရာနည်းနည်း ချံု့ပေးဖို့ ညှိနှိုင်းတာ ဒီနေ့ ပြေလည်မှု ရရှိခဲဲ့ပါတယ်”ဟု တောင်ကြီးမြို့နယ် စည်ပင်ညွန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက မဇ္စျိမကို ပြောဆိုသည်။
စည်ပင်၏ စည်းမျဉ်းစည်းကမ်းများအရ ပျံကျစျေးဆိုသည်မှာမရှိဘဲ ပျံကျစျေးသည်များ၏ စားရေးနေရေး အတွက် သာ ယခုကဲ့သို့ ညှိနှိုင်း ဆွေးနွေးခြင်းသာဖြစ်ကြောင်း စည်ပင်က ဆိုသည်။
ပျံကျစျေးသည်များ ကော်မတီဝင် စျေးသည် ကိုဝဏ္ဍဇော်က “စျေးရောင်းလာတာလည်း ၁၀ နှစ်ခန့်ရှိနေပါပြီ၊ မိသားစု စားဝတ်နေရေးအတွက် မပြောင်းမရွှေ့ဘဲ ရောင်းချချင်တာပါ၊ တချို့စျေးသည်တွေလည်း စျေးခေါင်းရုံး
စျေးဘဏ် ချေးငွေယူထားသူတွေ ရှိနေတယ် ပြောင်းရွှေ့ရင် နေရာ အထိုင်မကျဘဲ အခက်အခဲတွေ အများကြီး ကြံုနိုင်ပါတယ်”ဟု မဇ္စျိမကို ပြောဆိုရှင်းပြသည်။
ယခင်က မိန်းလမ်း အရှေ့ဘက်ရှိ သားငါးကုန်ခြောက်စျေးကို နေရာပြောင်းပါက ပျံကျစျေးသည်များကို တပင်ရွှေထီးလမ်းသို့ ပြောင်းရွှေ့ထားပြီး ပျံကျစျေးသည်များက မပြောင်းရွှေ့လိုခဲ့ပေ။ နံနက်ပိုင်း ရောင်းချသည့် ပျံကျစျေးသည် အရေအတွက်မှာ ငါးရာကျော်ခန့်ရှိပြီး ညနေပိုင်းစျေးသည် အရေအတွက် ရ၀ ကျော်ခန့်ရှိသည်။
“ကျွန်တော်တို့ကြောင့် ထိခိုက်တာ၊ ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်အောင် လုပ်တာမျိုးတွေ မလုပ်ဆောင် ပါဘူး။ အားလုံး အဆင်ပြေအောင်သာ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” စျေးသစ် တည်ဆောက်ရန် တင်ဒါအောင်မြင်ထား သည့် သီဟကုမ္ပဏီမှ မန်နေဂျာဦးစည်သူဇော်က ကတိပေးပြောကြားသည်