ပြည်တွင်းအခြေစိုက် သတင်းအေဂျင်စီတခုအား ဘီအဲန်အိုင် အဖွဲ့ဝင်အသစ်အဖြစ်လက်ခံ

ပြည်တွင်းအခြေစိုက် သတင်းအေဂျင်စီတခုအား ဘီအဲန်အိုင် အဖွဲ့ဝင်အသစ်အဖြစ်လက်ခံ
by -
သျှမ်းသံတော်ဆင့်

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ၅ ရက်တာကာလ ကျင်းပခဲ့သော (လွတ်လပ်သော တိုင်းရင်းသားသတင်း မီဒီယာ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့်) ဘီအဲန်အိုင် BNI နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ အကြိမ် ၂၀ မြောက် အစည်းအဝေးမှ သံလွင်တိုင်း(မ်) ဂျာနယ်အား အဖွဲ့ဝင်သစ် အဖြစ် လက်ခံလိုက်ပါသည်။

ဘီအဲန်အိုင်၏ (၆ လ ပတ်) အကြိမ် ၂၀ မြောက်အစည်းအဝေးမှ ထုတ်ပြန်သည့်ကြေငြာ ချက်တွင်လည်း ပြည်တွင်းအခြေ စိုက်သတင်း ဂျာနယ်ကို အဖွဲ့ဝင်အဖြစ် လက်ခံကြောင်း ဖော်ပြ   ထားသည်။

“ဘီအဲန်အိုင်ရဲ့ အစည်းအဝေးက အကြိမ် ၂၀ ရှိပြီ။ သူက ဘီအဲန်အိုင် ၁၉ ကြိမ်မြောက်အစည်းအဝေး ကတည်းက အဖွဲ့ဝင် ဖို့အတွက် ကမ်းလှမ်းထားတယ်လေ။  အခုအစည်းအဝေးက အဖွဲ့ဝင်အဖြစ်လက်ခံ လိုက် တာဖြစ်ပါ တယ်။ သူတို့က ကိုယ် ပိုင်သတင်းလဲရေးနေတယ်။  မွန်ပြည်နယ်ကိုကိုယ်စားပြုတဲ့ သတင်း ဂျာနယ် မဟုတ်ပေမယ့် မွန်ပြည်နယ်မှာရှိတဲ့ တိုင်းရင်း သားတွေကို အခြေခံတဲ့ သူ့ဒေသအတွင်း ဂျာနယ် ပုံစံမျိုးနဲ့ ထုတ်တယ်ဆိုတော့လေ။ ဘီအဲန် အိုင်အနေနဲ့လဲ အရင်က ပြည်ပအခြေစိုက် မီဒီယာတွေနဲ့ဘဲဖွဲ့ ထားတယ်။ အခုနောက်ပိုင်း နိုင်ငံရေး အပြောင်း အလဲမှာ  ပြည်တွင်း အခြေစိုက် ဒေသတွင်း တိုင်းရင်း သား မီဒီယာတွေနဲ့ ပြည်ပအခြေ စိုက် မီဒီယာ တွေ ချိတ်ဆက်လက်တွဲပြီး လုပ်ဆောင်မှုပိုမိုအား ကောင်းလာနိုင်အောင် ရည်ရွယ်ပြီးသူ့ကို အဖွဲ့ဝင်အဖြစ် လက်ခံတာဖြစ်ပါတယ်။” ဟု ဘီအဲန်အိုင်၏ ဖွံ့ဖြိုးတိုးတက်ရေးအရာရှိ နန်းဖော့ဂေက သျှမ်းသံတော်ဆင့် အားပြောပါသည်။

ဩဂုတ်လ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပသော ဘီအဲန်အိုင် အစည်းအဝေး၏ နောက်ဆုံးရက်  တွင် “ မီဒီယာ ဥပဒေ များတွင် တိုင်းရင်းသားမီဒီယာ အခွင့်အရေးများပါဝင်ရေး ဘီအဲန်အိုင်ကြိုးပမ်းသွားမည်” ဟူသည့်  ကြေငြာချက် တစောင်  ထုတ်ပြန်လိုက်ပါသည်။

အဆိုပါကြေငြာချက်တွင်  ဘီအဲန်အိုင်၏ရှေ့လုပ်ငန်းစဉ်များ၊ သတင်းမီဒီယာ သတင်းအရည်အသွေး မြင့်မားလာစေရန်၊ နိုင်ငံတကာစံချိန်နှင့်အညီ သတင်းကျင့်ဝတ်ဆိုင်ရာမူဝါဒများချမှတ်သွားရန် အစရှိ ဆွေးနွေးခဲ့ကြသည်ဟုဆိုပါသည်။

ဘီအဲန်အိုင်အဖွဲ့ဝင်ဖြစ်လာရေးအတွက် လိုအပ်သည့်အရည်အချင်းများကို နန်းဖော့ဂေက သျှမ်းသံတော်ဆင့် အား ဤကဲ့သို့ ပြောပါသည်။

“ ဘီအဲန်အိုင်အဖွဲ့ဝင်ဖြစ်ဖို့အဲဒီအဖွဲ့ဟာ လွတ်လပ်တဲ့သတင်းအဖွဲ့ဖြစ်ရမယ်။ သတင်းထုတ်လွှင့်မှု မှာ လဲဘဲ ကိုယ်ပိုင် ဝက်ပ်ဆိုက်၊ စာစောင်ရှိရမယ်။ ဒီအဖွဲ့ဝင်တွေဟာ ဘီအဲန်အိုင်ရဲ့ စည်းမျဉ်းစည်းကမ်း တွေကိုလိုက်နာနိုင် တဲ့အဖွဲ့ဖြစ်ရမယ်။ အခုလက်ခံလိုက်တဲ့ သံလွင်ထိုင်း(မ်) ဆိုရင်သူက ဟိုးအရင်ပြီး ခဲ့တဲ့နှစ်ရဲ့ ၆ လ ပတ်အစည်းအဝေး ကတည်းက အဖွဲ့ ဝင်ဖြစ်ဖို့လျှောက်ထားတာ။  တနှစ်ပြည့်ကာလမှာ သူ့မှာ လက်ခံနိုင်တဲ့အပိုင်း တွေတွေ့ရတယ်။ နောက်တခု အဲဒီအဖွဲ့ တွေက မီဒီယာလုပ်ငန်း သက်တမ်း အနည်းဆုံး တစ်နှစ်ရှိ  ရမယ်လို့ သတ်မှတ်ထားတယ်။  ပြီးခဲ့တဲ့ ၂၀၁၂ မေလက စပြီး  ဂျာနယ်စတင်ထုတ်တာ အခုဆိုရင်တနှစ်ကျော်ပြီလေ” ဟု ပြောပါသည်။

သံလွင်တိုင်း(မ်) ဂျာနယ်ကို မြန်မာဘာသာဖြင့် တလလျှင် ၂ စောင်ထုတ်ဝေခဲ့ပါသည်။ တစောင်လျှင် စာမျက်နှာ ၁၆ မျက်နှာပါရှိပြီး တကြိမ်လျှင် အစောင်ရေ ၃၀၀၀ ထုတ်ဝေသည့် ဝန်ထမ်းအဖွဲ့ ၉ ဦးရှိသည်ဟု အုပ်ချုပ်မှုအယ်ဒီတာ ဦးမင်းမင်းနွယ်က ပြောပါသည်။  တစောင်လျှင် ကျပ် ၅၀၀ ဖြင့်ရောင်းချသည်ဟုဆိုပါသည်။

 ၂၀၀၃ က တိုင်းရင်းသားသတင်းဌာန ၁၁ ခုဖြင့်ဖွဲ့စည်းထားသည့် BNI Burma News International နိုင်ငံ တကာ မြန်မာသတင်းအဖွဲ့မှာ ၂၀၁၃ တွင် လွတ်လပ်သောတိုင်းရင်းသားသတင်းမီဒီယာ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းသည့် သတင်း မီဒီယာကွန်ယက်တခုဖြစ်လာခဲ့ပါသည်။ ပါဝင်သည့်အဖွဲ့မှာ လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ကချင်သတင်း ဌာန၊ ကုလားတန်သတင်းဌာန၊ ကန္တာရဝတီတိုင်း(မ်)၊ ရွှေဟင်္သာသတင်းဌာန၊ ကေအိုင်စီ (Karen Information Center)၊ ခိုနုမ်းထုန် သတင်းဌာန၊ မဇ္ဈိမသတင်းဌာန၊ နိရဥ္စရာသတင်းဌာန၊ သတင်းနှင့်မီဒီယာကွန်ယက်၊ သျှမ်းသံတော်ဆင့် သတင်းဌာန နှင့် သံလွင်တိုင်း(မ်) သတင်းဌာန တို့ ဖြစ်ပါသည်။

Most read this week