မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး စာရေးဆရာတစ်ဦးလည်းဖြစ် မြန်မာ့စာပေလောကတွင် ထင်ရှားသူတစ်ဦး လည်းဖြစ်၊ ၁၉၅၃ ခုနှစ် သြစတြီးယားနိုင်ငံ ဗီယင်နာ၌ ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေး တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူတစ်ဦးဖြစ်သူ ဆရာကြီး ဒဂုန်တာရာသည် သြဂုတ်လ ၁၉ ရက်မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် အောင်ပန်းမြို့နေအိမ်တွင် ကွယ်လွန် ခဲ့ကြောင်း ဆရာကြီး၏ တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီ ကပြောသည်။
အသက် ၉၅ နှစ်တွင် ကွယ်လွန်ခဲ့သူ ဆရာကြီးသည် ရန်သူမရှိ မိတ်ဆွေရှိ၊ မုန်းသူမရှိ ချစ်သူရှိ ဟူသည့် မူဝါဒ စကားလုံးများကို ကိုင်ဆွဲကာ တိုင်းရင်းသားများနှင့် မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းရေး အမြန်ရလိုသည့် ဆန္ဒရှိခဲ့သူတစ်ဦးလည်းဖြစ်သည်။
ဆရာကြီးသည် ရုပ်ပုံလွှာစာအုပ်ဖြင့် မြန်မာ့သမိုင်းတွင် ထင်ရှားသူများအကြောင်းကို ရေးသားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းကို အောင်ဆန်း သို့မဟုတ် အရိုင်း ဟူသည့် အသုံးအနှုန်းဖြင့် သုံးနှုန်းရေးဖွဲ့ခဲ့သူဖြစ်သည်။
မဇ္စျိမနှင့် ဆရာကြီး၏ ၂၀၁၁ ခုနှစ် အင်တာဗျူးတစ်ခုတွင် ဗိုလ်ချုပ်ကို အရိုင်း ဟူသည့် အသုံးအနှုန်းသုံးနှုန်း ခဲ့ခြင်းနှင့်ပတ်သက်၍ "ကိုအောင်ဆန်းရဲ့ ရိုးသားမှုကို ကျနော်က ရေးခဲ့တာ အရိုင်းဆိုတာ၊ စကားလုံးက ရှာမရတော့ အရိုင်းတပ်လိုက်တာ" ဟု ပြောဆိုခဲ့သည်။
ဆရာကြီးသည် သူမကွယ်လွန်ခင် မြန်မာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ သူ၏ ဆန္ဒကိုလည်း မဇ္စျိမနှင့် အင်တာဗျူးတွင် "ငြိမ်းချမ်းရေးအောင်ပါစေလို့ ဆုတောင်းချင်တယ်။ ငြိမ်းချမ်းရေးအကြောင်းကို တတ်နိုင်သမျှ အသံလွှင့်ပေးကြပါ။ လူတွေလည်း သတိရရင် ငြိမ်းချမ်းရေးအကြောင်း တွေးကြ။ အသက်ကြီးတဲ့အထိ လုပ်ကြရမှာပဲ။ နောက်တခုက အစိုးရကလည်း ဗိုလ်သိန်းစိန်ပြောသလို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ရင် ငြိမ်းချမ်းရေးက ရကို ရရမယ်။ လူငယ်တွေကိုလည်း အားကိုးတယ်ဗျာ" ဟု ဆန္ဒပြုခဲ့သူဖြစ် သည်။